Main menu

Background

Green Tourist Passport အား ခရိုအေးရှားနိုင်ငံနှင့် အီးယူအဖွဲ့ဝင် (၁၂) နိုင်ငံတို့က သဘော တူခဲ့ကြခြင်း

Wed, 04/28/2021 - 11:24 -- journal_editor

                    လက်ရှိကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အီးယူအတွင်း၌ ခရီးသွားများကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် ခရီးသွားလာခွင့်လက်မှတ် (green passport) ဆိုင်ရာ သတ်မှတ်စံနှုန်းများအပေါ် ခရိုအေးရှားနိုင်ငံနှင့် အီးယူအဖွဲ့ဝင် (၁၂) နိုင်ငံတို့က သဘော တူညီခဲ့ကြကြောင်း သိရသည်။ မကြာမီကာလအတွင်း အီးယူအတွင်း၌ green passport ကိုအသုံးပြု၍ ခရီးသွားလာနိုင်ရေးသည် မိမိတို့၏ရည်မှန်းချက်ဖြစ်သည်ဟု ဩစတြီးယား နိုင်ငံ၊ ခရီးသွားလာရေးဆိုင်ရာဝန်ကြီး Ms. Elisabeth Köstinger က ဩစတြီးယား သတင်း အေဂျင်စီ (Austrian Press Agency-APA) သို့ ပြောကြားခဲ့သည်။ ယင်းလက်မှတ်အသုံးပြု ခြင်းသည် ဥရောပ၏ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေး ကိစ္စရပ်တစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။

                    Green passport ထုတ်ပေးခြင်းအတွက် စံနှုန်း(၇) ရပ်အပေါ် ခရိုအေးရှား၊ ဩစတြီး ယား၊ ဆိုက်ပရပ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ မော်လ်တာ၊ ပေါ်တူဂီ၊ ဆလိုဗေးနီးယားနှင့် စပိန် နိုင်ငံတို့က ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက သဘောတူညီခဲ့ကြပြီး၊ ယင်းလက်မှတ်ကို နောက်အကျဆုံးအဖြစ် ဇွန်လအစောပိုင်းတွင် အသုံးပြုနိုင်ရန် မျှော်လင့် ထားကြသည်။

                   အဆိုပါ Green passport ကိုင်ဆောင်သူသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးခြင်း ရှိ/မရှိ၊ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးထားခြင်း ရှိ/မရှိနှင့် ဗိုင်းရပ်စ်ကူးစက်ခံရဖူးသူ ဖြစ်ပါက ပြန်လည်ကောင်းမွန်လာသည့်အခြေအနေ စသည့်သတင်းအချက်အလက်များကို QR code ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ လက်မှတ်ကိုင်ဆောင်သူ၏ အရေးကြီးသော ဆေးပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များကိုမူ ကိုင်ဆောင်သူ၏ မိခင်နိုင်ငံတွင်သာ ထားရှိမည်ဖြစ်ပြီး၊ အီးယူ အဆင့်အနေဖြင့် သိမ်းဆည်းထားမည်မဟုတ်ကြောင်း သိရသည်။ အီးယူအတွင်း ခရီးသွားလာခွင့်လက်မှတ်ကို တတိယနိုင်ငံများသို့ သွားလာရာတွင် တညီ တညွတ်တည်းအသုံးပြုနိုင်ရေးကိုလည်း ရည်မှန်းချက်ထားရှိပါသည်။ Green passport ဆိုင်ရာစံနှုန်းများအပေါ် ဆုံးဖြတ်ချက်ရရှိရေးအတွက် ဥရောပကော်မရှင်သို့ တင်ပြထား ကြောင်း သိရသည်။

ရင်းမြစ် -  (Total Croatia News)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)