Main menu

Background

၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ အော်ဂဲနစ်စားသောက်ကုန်တင်ပို့မှု ၅၁% တိုးတက်မှုရရှိခဲ့ခြင်း

Mon, 05/03/2021 - 13:31 -- journal_editor

              အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၇-၄-၂၀၂၁ နေ့တွင် သတင်း ထုတ်ပြန်ချက်အရ အိန္ဒိယ၏ အော်ဂဲနစ်စားသောက်ကုန်များ ပြည်ပတင်ပို့မှုမှာ ၂၀၂၀-၂၁ ဘဏ္ဍာ နှစ်၌ တန်ဖိုးရူပီးငွေ ၇၀၇၈ ကုဋေ (အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၅၁% ခန့် တိုးတက်မှုရရှိကြောင်း သိရှိရပါသည်။

              အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဆီထွက်သီးနှံများ၊ ဆီကြိတ်ဖတ်များ၊ သစ်သီးဝလံ အနှစ်နှင့် ပျော့ဖတ်များ၊ နှံစားသီးနှံများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ လက်ဖက်ခြောက်၊ သစ်သီးခြောက်၊ သကြား၊ ပဲမျိုးစုံ၊ ကော်ဖီနှင့် ရနံ့အမွှေးဆီများအား အဓိက အော်ဂဲနစ် ပို့ကုန်များအဖြစ် တိုးတက် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြာင်း၊ ၂၀၁၉-၂၀ ခုနှစ်တွင် အော်ဂဲနစ်ပို့ကုန် တန်ချိန်မှာ ၆၃၈၉၉၈ တန်ရှိပြီး ၂၀၂၀-၂၁ ခုနှစ်၌ တန်ချိန် ၈၈၈၁၇၉ တန် တင်ပို့နိုင်သဖြင့် အရေအတွက်အရ နှိုင်းယှဉ် ပါက ၃၉% တိုးတက်မှုရရှိကြောင်း၊ လက်ရှိကာလ၌ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ အစ္စရေးနှင့် တောင်ကိုရီးယား စသည့် အဓိကနိုင်ငံများအပါအဝင် ၅၈ နိုင်ငံသို့ အိန္ဒိယ၏ အော်ဂဲနစ်ထုတ်ကုန်များအား တင်ပို့ လျက်ရှိကြောင်း ဖော်ပြပါသည်။

       အိန္ဒိယနိုင်ငံ၌ အော်ဂဲနစ်ထုတ်ကုန်များ တင်ပို့ရာတွင် ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံ တို့က အသိအမှတ်ပြုထားသည့် အမျိုးသား‌အော်ဂဲနစ်ထုတ်ကုန်အစီအစဉ် (National Program for Organic Production - NPOP) အရ သတ်မှတ်ထားသည့် စိုက်ပျိုးထုတ်လုပ်မှု၊ စီမံပြုပြင်မှု၊ ထုပ်ပိုးမှု၊ အမှတ်တံဆိပ်ကပ်နှိပ်မှု စသည့်လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံ၏ ၁၉၉၂ ခုနှစ် နိုင်ငံခြားကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးနှင့် ကြီးကြပ်မှုဆိုင်ရာ အက်ဥပဒေ အရ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) က NPOP အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

        အိန္ဒိယအစိုးရသည် ‌အော်ဂဲနစ်ပို့ကုန်များ တင်ပို့မှုနှင့်စပ်လျဉ်း၍ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ဩစတေးလျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ နယူးဇီလန် စသည်နိုင်ငံများနှင့် အပြန် အလှန် အသိအမှတ်ပြုမှုဆိုင်ရာ သဘောတူညီချက်များရရှိရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ် ဆောင်လျက်ရှိ သည်။ APEDA ၏ ဥက္ကဋ္ဌ Dr M Angamuthu က အိန္ဒိယ၏ အော်ဂဲနစ် ထုတ်ကုန် များအပေါ် ပြည်ပ ဈေးကွက်၌ ဝယ်လိုအားမှာ တိုးတက်မှုများ ရရှိနေ ကြောင်း ပြောကြား ခဲ့သည်။

Source:         India's organic food products exports rise 51% to USD 1bn in 2020-21, 27-4-2021, Economic Times

(နေအေးလွင်၊စီးပွားရေးသံမှူး)