Main menu

Background

အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်း ၇.၃ ရာခိုင်နှုန်းအထိ ပြန်လည် မြင့်တက်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ခန့်မှန်း

Mon, 05/03/2021 - 13:35 -- journal_editor

                  ၂၀၂၁ ခုနှစ်တွင် အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ပြန် လည်ကောင်းမွန်လာပြီး ၇.၃ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းထားပါသည်။

သို့သော် အာရှတိုက်နိုင်ငံများအကြား COVID-19 ကူးစက်မှုများ ပြန်လည် မြင့်တက်လာနေ ခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်းကို အဟန့်အတားဖြစ်စေသည့် သတိပြုရန် အချက်တစ်ချက် အဖြစ် (ADB) က မှတ်ချက်ပြုထားပါသည်။

              ဂျပန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ကဲ့သို့ စက်မှုဖွံ့ဖြိုးသည့် နိုင်ငံများမပါဘဲ အာရှ-ပစိဖိတ် ဒေသမှ နိုင်ငံများနှင့် ဒေသပေါင်း ၄၆ ခုတို့အတွက် စီးပွားရေးအလားအလာဆိုင်ရာ ခန့်မှန်းချက်ကို (ADB) က ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၈ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ခဲ့ပါသည်။ COVID-19 ကူးစက် ရောဂါ၏ သက်ရောက်မှုဂယက်ကြောင့် ယခင် ၂၀၂၀ ပြည့်နှစ်အတွင်း အာရှဒေသမှ ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ စီးပွားရေး ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ယခုကဲ့သို့ စီးပွားရေး ပြန်လည် နာလန်ထူ လာနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်ပါသည်။၊

          ပို့ကုန်တင်ပို့မှုများ ပြန်လည်တိုးတက်လာခြင်းနှင့် ပုဂ္ဂလိကဝယ်ယူသုံးစွဲမှုများ ပြန်လည် မြင့်တက်လာခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၈.၁ ရာခိုင်နှုန်း တိုး လာမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ၄.၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသည် ၃ ရာခိုင်နှုန်းဖြင့် အနည်းငယ် ပြန်လည်တိုးတက်လာနိုင်ကြောင်း (ADB) မှ ခန့် မှန်းသုံးသပ်ထားပါသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်၊ မတ်လအထိဖြစ်သည့် ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် စီးပွားရေးတိုးတက်မှု ၁၁ ရာခိုင်နှုန်းရှိနိုင်ကြောင်း ခန့်မှန်းရနိုင်သော်လည်း လက်ရှိ ပြည်တွင်း COVID-19 ကူးစက်မှုများ သိသိသာသာ မြင့်တက်လာနေခြင်းကြောင့် စီးပွားရေးတိုးတက်မှုအပေါ် အဟန့်အတားဖြစ်နိုင်ကြောင်း (ADB) က ထောက်ပြထားပါသည်။

ရင်းမြစ်။ NHK World News

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)