Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၌ ကိုယ်တိုင်စမ်းသပ်နိုင်သော COVID-19 Self-Testkit များ ကို Convenience Store များနှင့် အခြား Supermarket များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်

Tue, 05/11/2021 - 11:45 -- journal_editor

      COVID-19 ရောဂါလက္ခဏာ စတင်သံသယရှိခြင်းနှင့် ဆေးရုံ/ ဆေးခန်းသို့ မသွားရောက် နိုင်သည့်အခြေအနေမျိုးတွင်အသုံးပြုနိုင်သော ကိုယ်တိုင်စစ်ဆေးနိုင်သည့် COVID-19 Self-Testkit များကို တောင်ကိုရီးယား နိုင်ငံတစ်ဝှမ်းရှိ Convenience Store များနှင့် Supermarket  များတွင်     (၆-၅-၂၀၂၁) ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ တောင်ကိုရီးယားဆေးထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော Humasis နှင့်SD Biosensor တို့မှ ထုတ်လုပ်သည့် COVID-19 Self-Testkit များကို ၂၀၂၁ ခုနှစ်၊ ဧပြီလနှောင်းပိုင်းက အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ပြီးသည့်နောက် ဆေးဆိုင်များတွင် ကနဉီးရောင်းချခဲ့ပြီး၊ အများပြည်သူများ ပိုမိုလွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်ရန် Convenience Store များနှင့် Supermarket  များတွင် ရောင်းချနိုင်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပါသည်။  

            တောင်ကိုရီးယား၌ ရပ်ကွက်များအတွင်းနေရာအနှံ့တွင် Convenience Store ဆိုင်များစွာ ဖွင့်လှစ်ထားသော  GS25 သည် Humasis နှင့် SD Biosensor တို့၏ COVID-19 Self-Testkit များကို ၎င်း၏စတိုးဆိုင်အချို့တွင် (၅-၅-၂၀၂၁) ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီးသည့်နောက် ၎င်း၏ ပြိုင်ဘက် 7-Eleven ကလည်း (၇-၅-၂၀၂၁) ရက်နေ့တွင် စတင်ရောင်းချသွားမည်ဟု ထုတ်ဖော် ပြောကြားခဲ့ပါသည်။

          တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး Discount Store တစ်ခုဖြစ်သော E-Mart သည် ဆိုးလ်မြို့ရှိ ၎င်း၏ဆိုင်များတွင် Humasis မှထုတ်လုပ်သော COVID-19 Self-Testkit များကို စတင် ရောင်းချလျက်ရှိပြီး၊ ဝယ်လိုအား ပေါ်မူတည်၍ ပိုမိုဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် အလှကုန်များကိုအဓိကရောင်းချသည့် CJ Olive Young ဆိုင်တွင်လည်း Humasis ၏COVID-19 Self-Testkitများကိုဝယ်ယူရရှိနိုင်သကဲ့သို့ Online မှလည်း အိမ်အရောက်ပို့ဝန်ဆောင်မှု ဖြင့်မှာယူနိုင်ကြောင်း သိရှိရပါသည်။ ရောင်းချသည့်စျေးနှုန်းမှာ ဝမ် (၁၅၀၀၀) (အမေရိကန်ဒေါ်လာ ၁၃.၃) ဖြင့် ရောင်းချလျက်ရှိပါသည်။

      တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအသစ်များ တိုးပွားလာခြင်းကြောင့် လူ အစုအပြုံလိုက်ကူးစက်ခြင်းများမှကာကွယ်နိုင်ရေး လူနာများကို ကနဉီးအစောပိုင်းအဆင့်တွင် အိမ်၌ ကိုယ်တိုင်စစ်ဆေးနိုင်သော Self-Testkit အသုံးပြုရေးကို နိုင်ငံ၏ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။ COVID-19 Self-Testkit အသုံးပြုသူများသည် နှာခေါင်းမှ နမူနာ များကိုရယူစမ်းသပ်နိုင်ပြီး၊ (၁၅) မိနစ်မှ (၃၀) မိနစ်အတွင်းတွင် အဖြေကို သိရှိနိုင်ကြောင်း၊ အကယ်၍ Self-Test မှ ရလဒ်သည် Positive ဖြစ်နေပါက ပိုမိုတိကျသော ရလဒ်ကိုရရှိရန် Polymerase Chain Reaction (PCR) စစ်ဆေးမှုများပြုလုပ်ရန် စစ်ဆေးရေးစခန်းများသို့ သွားရောက် ရန်လိုအပ် မည် ဖြစ်ပါသည်။

     (၇-၅-၂၀၂၁) ရက်နေ့ (၀၀:၀၀) နာရီအချိန် ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး အေဂျင်စီ (Korea Disease Control and Prevention Agency- KCDA) ၏စာရင်းအရ COVID-19 နေ့စဉ်ထပ်တိုးကူးစက်မှု (၅၂၅)ဉီး (ပြည်တွင်း ကူးစက်မှု ၅၀၉ ဉီး+ ပြည်ပ ၁၆ ဉီး)၊ သေဆုံးသူ (၉) ဉီး၊ စုစုပေါင်းကူးစက်ပြီးလူဦးရေ (၁၂၆,၀၄၄) နှင့် စုစုပေါင်းသေဆုံးသူ (၁၈၆၀) ဉီး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Source: The Korea Times (7-5-2021)