Main menu

Background

၂၀၂၁ ခုနှစ်တွင် အီးယူ၏ အထည်အလိပ်နှင့်အဝတ်အထည်လုပ်ငန်းကဏ္ဍအတွက် မူဝါဒပိုင်း အပြောင်းအလဲဖြစ်လာနိုင်ခြင်း

Thu, 05/13/2021 - 10:41 -- journal_editor

            ဥရောပအထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာအသင်း (European Apparel and Textile Confederation-EURATEX) မှ ထုတ်ပြန်ခဲ့သည့် Quarterly Economic Update အရ ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းနှင့်အတူ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွင် နှောင်းနှေးမှုများဖြစ်ပေါ်လာခြင်းသည် ဥရောပ၏ အထည်အလိပ်နှင့်အဝတ်အထည် လုပ်ငန်း ကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်ကြောင်း သိရသည်။ 

              ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အထည်အလိပ်နှင့်အဝတ်အထည်များ ထုတ်လုပ်မှုနှင့်ဝယ်လိုအားသည် သိသာစွာ ကျဆင်းခဲ့သည်ဟုဆိုသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ် လျှင် ၂၀၂၀ ပြည့်နှစ်တွင် အီးယူ၏ အထည်အလိပ်လုပ်ငန်းမှ ဝင်ငွေ (-၉.၃) ရာခိုင်နှုန်း၊ အဝတ်အထည်လုပ်ငန်းမှဝင်ငွေ (-၁၇.၇) ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ကပ်ရောဂါအကျပ်အတည်း၏ ရိုက်ခတ်မှုကို ၂၀၂၀ ပြည့်နှစ်၏ နှစ်လယ်ပိုင်း တွင် ပိုမိုခံစားခဲ့ရပြီး၊ ထုတ်လုပ်မှုပိုင်း၌ (၅၀) ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

                     ၂၀၂၀ ပြည့်နှစ်၊ နောက်ဆုံးသုံးလပတ်တွင်မူ အထည်အလိပ်လုပ်ငန်း၌ စီးပွားရေး လုပ်ငန်းရပ်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်လျှင် (+၁.၆) ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။ အဝတ်အထည် လုပ်ငန်းကဏ္ဍတွင်မူ non-essential activities များ နှေးကွေးခဲ့ခြင်းနှင့် ဝယ်ယူသုံးစွဲမှု လျော့ကျခဲ့ခြင်းကြောင့် (-၆.၈) ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

                  အီးယူပြင်ပသို့ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင်  (-၁၃.၆) ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အီးယူ၏ အထည်အလိပ်နှင့် အဝတ်အထည် တင်သွင်းမှု သည် ၂၀၂၀ ပြည့်နှစ်တွင် (+၅.၅) ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ သို့သော် တင်သွင်းမှု တိုးတက်လာခြင်းသည် နှာခေါင်းစည်းအပါအဝင် တစ်ကိုယ်ရည်သုံးအကာအကွယ်ပစ္စည်း များပိုမိုတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် ၎င်းကုန်စည်များကို တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တင်သွင်းမှုတန်ဖိုး ယူရို (၁) ဘီလီယံ မှ ၂၀၂၀ ပြည့်နှစ်တွင် ယူရို (၂၀) ဘီလီယံသို့ ရောက်ရှိခဲ့သည်။

                အီးယူ၏ စီးပွားရေးလုပ်ငန်းယုံကြည်မှုအညွှန်းကိန်းသည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် တိုးတက်မှုအရှိန်ရခဲ့ကြောင်း၊ အထည်အလိပ်လုပ်ငန်းကဏ္ဍတွင် တိုးတက်မှုသည် (+၃.၈ ပွိုင့်) နှင့် အဝတ်အထည်လုပ်ငန်းကဏ္ဍတွင် (+၁.၆ ပွိုင့်) ရှိခဲ့ကြောင်းသိရသည်။ အလုပ် အကိုင်ရရှိမှုမျှော်မှန်းချက် အညွှန်းကိန်းသည်လည်း သိသာသော တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။

           အဆိုပါ ပြန်လည်နာလန်ထူမှုလက္ခဏာများသည် အထည်အလိပ်နှင့်အဝတ်အထည် လုပ်ငန်းထောက်ပံ့ရေးကွင်းဆက်တွင် မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့မှုကြောင့် ခြိမ်းခြောက်မှုများ နှင့်ရင်ဆိုင်နေရသည်။ ဆိုးဆေး၊ ဖိုင်ဘာစသည့် ကုန်ကြမ်းဈေးနှုန်းများနှင့် သယ်ယူပို့ဆောင် စရိတ်များ မြင့်တက်မှု၊ အီးယူ CO2 prices ၏ သက်ရောက်မှုနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကဲ့သို့သော အရေးပါသည့် အထည်အလိပ်နှင့်အဝတ်အထည် တင်ပို့နိုင်ငံများ၌ နိုင်ငံရေး မတည်ငြိမ်မှုများသည် ၎င်းလုပ်ငန်းကဏ္ဍတွင် မသေချာမရေရာမှုများကို ဖြစ်ပေါ်စေနိုင် သည်ဟု ဆိုသည်။

              အဆိုပါအချက်များကြောင့် ၂၀၂၁ ခုနှစ်သည် ဥရောပ အထည်အလိပ်နှင့်အဝတ် အထည်လုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ အီးယူ၏ အထည်အလိပ်လုပ်ငန်းမူဝါဒတွင် မှန်ကန်သည့် မူဝါဒပိုင်းပေါင်းစပ်မှုများနှင့် SMEs လုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းများသည် အရေးပါလာမည်ဖြစ်ကြောင်း သိရသည်။

                အီးယူ၏ အထည်အလိပ်လုပ်ငန်းမူဝါဒကို ၂၀၂၁ ခုနှစ်၊ တတိယသုံးလပတ်တွင် အတည်ပြုချမှတ်နိုင်ရန် မျှော်မှန်းထားပါသည်။ ယင်းမူဝါဒတွင် ရေရှည်တည်တံ့မှုနှင့် အရင်း အမြစ်များပြန်လည်အသုံးချနိုင်မှုတို့ကို အဓိက အလေးပေးသွားဖွယ်ရှိပြီး၊  အီးယူစီးပွားရေး အတွက် အရေးပါသောမဏ္ဍိုင်ဖြစ်သည့် အထည်အလိပ်လုပ်ငန်းကဏ္ဍ၏ ရေရှည်ယှဉ်ပြိုင် နိုင်စွမ်းသေချာစေရေး ဆောင်ရွက်သွားရန်  EURATEX မှ တိုက်တွန်းထားကြောင်း သိရ သည်။

ရင်းမြစ် - https://euratex.eu/news/2021-must-be-a-turning-point-for-the-european-textiles-and-clothing-industry/

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)