Main menu

Background

လူဇင်ဘတ်နိုင်ငံတွင် သတင်းအချက်အလက်နည်းပညာဖြင့် လယ်သမားများနှင့် ဝိုင်စပျစ် စိုက်ပျိုးသူများအားကူညီပေးလျက်ရှိခြင်း

Thu, 05/13/2021 - 10:45 -- journal_editor

                 လူဇင်ဘတ်နိုင်ငံ၌ လယ်သမားများနှင့် ဝိုင်စပျစ်စိုက်ပျိုးသူများအတွက် Agrimeteo အမည်ရှိစနစ်ဖြင့် မိုးလေဝသသတင်းအချက်အလက်ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်ပေး နေကြောင်းသိရသည်။  မိုးလေဝသဆိုင်ရာ Station ပေါင်း (၃၂) ခုမှ မိုးလေဝသအခြေအနေ များကို (၁၀)မိနစ်ခြားတစ်ကြိမ် တိုင်းတာပြီးနောက် မိုဘိုင်းကွန်ယက်မှတစ်ဆင့် သတင်း အချက်အလက်များကို လယ်ယာစိုက်ပျိုးရေးနည်းပညာဝန်ဆောင်မှုဌာန (Agricultural Technical Services Administration – ASTA) ၏ ရုံးချုပ်သို့ ပေးပို့ပေးခြင်းဖြစ်သည်။

                မိုးလေဝသသတင်းအချက်အလက်များကို ဝက်ဘ်ဆိုဒ်ပေါ်တွင် ဖော်ပြထားပြီး၊ မည်သူ မဆိုဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ အဆိုပါသတင်းအချက်အလက်များကို လယ်သမားများ နှင့် ဝိုင်စပျစ်စိုက်ပျိုးသူများက ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက်  အဓိကအသုံးပြု ကြကြောင်းသိရသည်။ အပူချိန်၊ မိုးရွာသွန်းမူ၊ လေတိုက်ခတ်မှု၊ နေရောင်ခြည်ရရှိမှု စသည့် သတင်းအချက်အလက်များအပြင် အပင်ပိုးမွှားနှင့်ရောဂါများအတွက် ခန့်မှန်းချက် များကိုပါ ရရှိနိုင်သည်ဟု ဆိုသည်။  ဥပမာအားဖြင့် သစ်သီးဝလံစိုက်ပျိုးသူများသည် ၎င်းတို့၏ ပန်သီး၊ သစ်တော်သီးပင်များ၌ scab infections ကျရောက်နိုင်ခြေအဆင့်နှင့်စပ်လျဉ်းသည့် သတင်း အချက်အလက်ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါသတင်းအချက်အလက်များ ရရှိခြင်းဖြင့် လယ်သမားများသည် အပင်ကာကွယ်ရေးပစ္စည်းများ အချိန်ကိုက် မှန်ကန်စွာအသုံးပြု၍ ကာကွယ်နိုင်မည့် အကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။

                အပင်ပိုးမွှားနှင့် ရောဂါများကို ခန့်မှန်းရာတွင် လူဇင်ဘတ်နိုင်ငံသည် ရှေ့ဆောင်နိုင်ငံ ဖြစ်ကြောင်း ASTA ၏ မိုးလေဝသဌာနအကြီးအကဲဖြစ်သူ Dr. Andrew Ferrone က ပြောကြားသည်။ ပညာရှင်များအနေဖြင့် ၎င်းတို့၏ forecast models များနှင့် မြေပြင်တွင် အမှန်ဖြစ်ပျက်နေမှုများကို နှိုင်းယှဉ်၍ အပင်ပိုးမွှားများ ရှိ/မရှိနှင့် ၎င်းတို့၏ တွက်ချက်မှုများ မှန်ကန်ခြင်းရှိ/မရှိကို လေ့လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပညာရှင်များ၏ အနာဂတ် အစီအစဉ်များမှာ ၎င်းတို့၏ forecast models များနှင့် ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပြောင်းလဲနိုင်သည့် မိုးလေဝသအခြေအနေများကို ချိတ်ဆက်သွားရန်ဖြစ်သည်ဟု ဆိုသည်။

              လူဇင်ဘတ်နိုင်ငံရှိ လယ်သမားများနှင့် ဝိုင်စပျစ်စိုက်ပျိုးသူများသည် ရာသီဉတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရပြီး၊ အခြားတဖက်တွင်လည်း အပူချိန်နှင့် မိုးရွာသွန်းမှု၊ အပင်ပိုးမွှား ရောဂါတို့ ကြောင့်ဖြစ်ပေါ်သည့် အခက်အခဲများကို ကြုံတွေ့ရကြောင်း သိရသည်။ အပူချိန်ပိုမိုမြင့်မားလာမှုကြောင့် အပင်ပိုးမွှားရောဂါအသစ် များကျရောက်မှုရှိပြီး၊ climate change ကြောင့် လူဇင်ဘတ်နိုင်ငံ၌ မိုးခေါင်မှုများကို ပိုမို ဖြစ်စေနိုင် သည်ဟု ဆိုသည်။ ထို့ကြောင့် Agrimeteo အနေဖြင့် သီတင်းပတ်နှင့်လအလိုက် ခန့်မှန်းချက်များထက်ကျော်လွန်၍ longer-term forecasts များကို ဆောင်ရွက်လိုနေ ကြောင်း သိရသည်။

ရင်းမြစ် -  (RTL Today)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)