Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံ၏ အမျိုးသားအဆင့်ပြန်လည်ထူထောင်ရေးအစီအမံကို ဥရောပကော်မရှင် သို့ တင်သွင်းမည်

Thu, 05/13/2021 - 10:50 -- journal_editor

                 အီးယူ၏ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကို ရယူ သုံးစွဲရန်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများအလိုက် အမျိုးသားအဆင့်ပြန်လည်ထူထောင်ရေး အစီအမံများကို ဥရောပကော်မရှင်သို့ တင်သွင်းရမည်ဖြစ်ရာ ဘယ်လ်ဂျီယံနိုင်ငံ၏ ပြန်လည် ထူထောင်ရေးအစီအမံ (Recovery Plan) ကို ဥရောပကော်မရှင်သို့ ၃၀-၄-၂၀၂၁ နေ့တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

               နိုင်ငံအလိုက် အမျိုးသားအဆင့်ပြန်လည်ထူထောင်ရေးအစီအမံများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်တွင်တင်သွင်းရန် သတ်မှတ်ထားသဖြင့် ဘယ်လ်ဂျီယံနိုင်ငံသည် အဆိုပါ အစီအမံ အားအချိန်မီစောစီးစွာတင်သွင်းသည့် အီးယူနိုင်ငံများတွင် ပါဝင်လာမည်ဟု State Secretary for Recovery ဖြစ်သူ Mr. Thomas Dermine က ပြောကြားသည်။

              ပြန်လည်ထူထောင်ရေးအစီအမံတွင် မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်မည့် စီမံကိန်းများကို တင်ပြရန် ဥရောပကော်မရှင်က ပြောကြားထားကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ အနေဖြင့် မြောက်ပိုင်းပင်လယ်(North Sea) ၌ စွမ်းအင်ကျွန်း(Energy island) တည်ဆောက် ခြင်း၊ ဘရပ်ဆဲလ်မြို့၌ ဉာဏ်ရည်တုဆိုင်ရာဌာန (Centre for Artificial Intelligence) တည်ထောင်ခြင်း၊ ဝေါ်လိုနီးယားဒေသ၌ ဇီဝနည်းပညာကျောင်းများတည်ထောင်ခြင်း တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း Mr. Thomas Dermine က ဆက်လက်ပြောကြားသည်။

                ဘယ်လ်ဂျီယံနိုင်ငံသည် အီးယူ၏ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ ပြန်လည် ထူထောင်ရေးရန်ပုံငွေအနက် ယူရို (၅.၉) ဘီလျံ ရရှိမည်ဖြစ်ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ အစိုးရသည် ၂၀၂၁-၂၀၂၆ ကာလအတွက် ရရှိသည့် ၎င်းရန်ပုံငွေများကို ၂၀၂၁ ခုနှစ်တွင် ယူရို (၁.၁၀၇) ဘီလျံ၊ ၂၀၂၂ ခုနှစ်တွင် ယူရို (၁.၅၆၃) ဘီလျံနှင့် ၂၀၂၃ ခုနှစ်တွင် ယူရို (၁.၁၂၁) ဘီလျံ ရင်းနှီးမြှုပ်နှံသုံးစွဲသွားမည်ဟု ဧပြီလလယ်ပိုင်းက ကြေညာခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်း (၈၅) ခုနှင့် အဆိုပြုချက် (၂၀) ခန့်ကို ရွေးချယ်ထားကြောင်း၊ ရန်ပုံငွေ၏ (၅၆) ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် အဆောက်အဉီများအပါအဝင် အခြေခံအဆောက်အအုံကဏ္ဍအတွက် သုံးစွဲမည်ဖြစ်ကြောင်း  သိရသည်။  

ရင်းမြစ် -  (The Brussels Times)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)