Main menu

Background

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းစျေးကွက်သည် (၇)နှစ်တာနီးပါးကာလအတွင်း အမြင့်ဆုံးသို့တိုးတက်ခဲ့

Fri, 05/14/2021 - 10:45 -- journal_editor

            (၁)နှစ်ကျော် ကာလရှည်ကြာဆဲဖြစ်သည့် COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ကျဆင်းခဲ့ရသော ကိုရီးယားသမ္မတနိုင်ငံ၏ အလုပ်အကိုင်စျေးကွက်သည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အလုပ် လုပ်ကိုင်သူဉီးရေ (၂၇.၂) သန်းဖြင့် ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ယင်း သည် ၂၀၂၀ ပြည့်နှစ်၊ ကာလတူထက် (၆၅၂,၀၀၀) ဉီး ပိုမိုများပြားခဲ့သည့်အပြင်၊ ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှစတင်၍ (၇)နှစ်တာနီးပါး ကာလအတွင်းတွင် အမြင့်ဆုံးနှုန်းဖြင့် ပြန်လည်တိုးတက် လာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ၏ Statistics Korea မှ (၁၂-၅-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သောအချက်အလက်များအရ သိရှိရပါသည်။

           COVID-19 သည် တောင်ကိုရီးယားနိုင်ငံ၏ အလုပ်အကိုင်စျေးကွက်ကို ပြင်းထန်စွာ ကျဆင်းစေခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၂) လဆက်တိုက် အလုပ်အကိုင်ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် (၁၃)လအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဉီးမော့လာ ခဲ့ရာ၊ ယခင်နှစ်ကာလတူထက် (၃၁၄,၀၀၀) ဉီးတိုးတက်ခဲ့ပြီး၊ ယခု ဧပြီလသည် နှစ်လမြောက်အဖြစ် ဆက်တိုက် ဆက်လက်တိုးတက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ အစိုးရမှ Social Distancing စည်းမျဉ်း များကို အတန်သင့်ဖြေလျှော့ပေးခဲ့ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်ဖြစ်ပေါ် စေပြီး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်သဖြင့် စီးပွားရေးရာလှုပ်ရှားမှုများ တိုးပွားလာခြင်းတို့သည် အလုပ် အကိုင်စျေးကွက်တိုးတက်၍ စီးပွားရေးပြန်လည်နာလန်ထူလာစေသည့် အဓိကအကြောင်းရင်းများ ပင်ဖြစ်ပါသည်။

           အာရှဒေသ၏ စတုတ္ထမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ကိုရီးယားသမ္မတ နိုင်ငံ၏စီးပွားရေးသည် COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် (-၁) ရာခိုင်နှုန်း ကျဆင်းခဲ့ရသဖြင့် ယခု ၂၀၂၁ ခုနှစ်တွင် (၄)ရာခိုင်နှုန်းအထိ တိုးတက်ရေး ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု သမ္မတ မွန်ဂျေအင်းက (၁၀-၅-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အလုပ်လက်မဲ့ဉီးရေသည် (၁.၁၅) သန်းရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် (၂၅,၀၀၀) ခန့်လျော့ကျ သွားခဲ့ကြောင်း၊ နိုင်ငံ၏အလုပ်လက်မဲ့ရာခိုင်နှုန်းသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် (၄) ရာခိုင်နှုန်းဖြစ်ပြီး၊ ယခင်နှစ်ကာလတူထက် (၀.၂) ရာခိုင်နှုန်းလျော့နည်းသွားကြောင်း၊ သို့ရာတွင် အရွယ်ရောက်ပြီး လူငယ်လူရွယ်များဖြစ်သော (၁၅) နှစ်မှ (၂၉) နှစ်အထိ အသက်အပိုင်းအခြားအတွက် အလုပ်လက်မဲ့ ရာခိုင်နှုန်းသည် (၀.၇) မှ (၁၀) ရာခိုင်နှုန်းအထိသို့ မြင့်တက်ခဲ့ကြောင်း၊ မှီခို (သို့မဟုတ်) အလုပ်လုပ် လိုခြင်းမရှိသော လူဉီးရေအနေဖြင့် (၃၂၄,၀၀၀) ဉီးကျဆင်းပြီး၊ (၁၆.၇) သန်းဖြင့် ရပ်တည်လျက်ရှိကာ ဒုတိယမြောက်လအဖြစ် ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

         ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ယေဘုယျအားဖြင့် အလုပ်အကိုင်စျေးကွက်  ပြန်လည်တိုးတက် လာခဲ့သည့်တိုင် COVID-19 ကြောင့် ပြင်းထန်စွာ ထိခိုက်ကျဆင်းခဲ့ရသော ဝန်ဆောင်မှုကဏ္ဍ၏ အလုပ်အကိုင်စျေးကွက်သည် ယခင်လောက် မဆိုးရွားတော့သော်လည်း ဆက်လက်ကျဆင်းဆဲပင် ဖြစ်ကြောင်း၊ ကဏ္ဍအလိုက်အနေဖြင့် လက်လီလက်ကားစျေးကွက်တွင် အလုပ်အကိုင် (၁၈၂,၀၀၀) ကျဆင်းခဲ့ပြီး အနုပညာ၊ အားကစားနှင့်အပန်းဖြေဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင်(၁၁,၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း၊ သို့သော် နေရာထိုင်ခင်းနှင့် အစားအစာဝန်ဆောင်မှုကဏ္ဍတို့တွင်  အလုပ်အကိုင် (၆၁,၀၀၀) ခန့် တိုးတက်လာခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံ့စီးပွားရေး၏ အဓိကပင်မကျောရိုးဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင် (၉,၀၀၀) ခန့်တိုးတက်ခဲ့ကြောင်း၊ တောင်ကိုရီးယားအစိုးရ ၏ပံ့ပိုးမှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းတိုးမြှင့်ရေးအစီအစဉ်အရ လူမှုဖူလုံရေးကဏ္ဍတွင် အလုပ် အကိုင်ပေါင်း (၂၂၄,၀၀၀) ခန့်နှင့် အုပ်ချုပ်ရေးကဏ္ဍတွင် အလုပ်နေရာ (၈,၀၀၀) ခန့်သည် အသီးသီး တိုးတက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။  

     ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းတွင် ယာယီအလုပ်အကိုင်များသည်လည်း (၃၇၉,၀၀၀) ခန့် တိုးတက်လာခဲ့ပြီး၊ နေ့ဆိုင်းအလုပ်သမားအနေဖြင့် (၃၈,၀၀၀) ခန့်တိုးတက်ခဲ့ကြောင်း၊ အလုပ် အကိုင်ဈေးကွက်သည် တိုးတက်နေသည်ဟုဆိုသော်လည်း ဝန်ဆောင်မှုကဏ္ဍတွင် ကျဆင်းနေသေး သဖြင့် ယခင်ကဲ့သို့ အပြည့်အဝ ပုံမှန်လည်ပတ်၍ ပြည့်စုံကောင်းမွန်သော ပြန်လည်နာလန်ထူမှုကို ရရှိရန်အချိန်ယူရဉီးမည်ဟု အလုပ်အကိုင်စျေးကွက်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြ ကြောင်း လေ့လာသိရှိရပါသည်။ ၂၀၂၁ ခုနှစ်တွင် အလုပ်သမားဉီးရေ (၁၅၀,၀၀၀)ခန့် တိုးတက်လာ နိုင်မည်ဟု တောင်ကိုရီးယားအစိုးရက မျှော်လင့်ထားပြီး၊ တောင်ကိုရီးယားဗဟိုဘဏ်ကမူ၂၀၂၁ ခုနှစ် အတွက် တိုးမြင့်လုပ်သားဉီးရေကို ယခင်ခန့်မှန်းထားသော (၁၃၀,၀၀၀) မှလျော့၍ လုပ်သားဉီးရေ (၈၀,၀၀၀)ခန့် တိုးမြှင့်ငှားရမ်းနိုင်မည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခန့်မှန်းခဲ့ပါသည်။

Source: The Korea Times (13-5-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)