Main menu

Background

ချီကာဂိုစတော့ဈေးကွင် ပဲပုတ်စေ့ဈေးနှုန်း ၂ ရာခိုင်နှုန်းမြင့်တက်

Fri, 05/14/2021 - 11:56 -- journal_editor

             ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြောက်အမေရိကတိုက်မှ ပဲပုတ်စေ့တန်ချိန် ၁၁၉.၈၈ သန်းခန့် စိုက်ပျိုးထွက်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(U.S. Department of Agriculture - USDA)က ထုတ်ပြန်ကြေညာပြီးနောက် မေလ ၁၂ ရက်နေ့တွင် ချီကာဂိုစတော့ဈေးကွက်၌ ပဲပုတ်စေ့ ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြောက်အမေရိကတိုက်မှ ပဲပုတ်စေ့တန်ချိန် ၁၂၀.၈၆ သန်း စိုက်ပျိုးထွက်ရှိ နိုင်ပြီး တန်ချိန် ၃.၈၁ သန်းအထိ လက်ကျန် ကျန်ရှိနိုင်ကြောင်း စတော့ဈေးကွက်က ခန့်မှန်း ထားခြင်းဖြစ်သည်။

              ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပဲပုတ်စေ့တန်ချိန် ၃၈၅.၅၃ သန်း စိုက်ပျိုးထွက်ရှိနိုင်ကြောင်းနှင့် လက်ကျန် ပဲပုတ်စေ့တန်ချိန် ၉၁.၁ သန်း ကျန်ရှိနိုင်ကြောင်း စိုက်ပျိုးရေးဌာန(USDA)က ခန့်မှန်းထား သည်။ အမေရိကန်စတော့ဈေးကွက်သည် တစ်ကမ္ဘာလုံး၏ ပဲပုတ်စေ့လက်ကျန်အား တန်ချိန် ၈၈.၈ သန်း သာကျန်ရှိနိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွက် ပဲပုတ်စေ့တစ်စည်ကြိုပွိုင့်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၆.၅၀ ဖြစ်ပြီး တစ်စည်လျင် အမေရိကန်ဒေါ်လာ ၃၆ ဆင့်အထိ ဈေးနှုန်းမြင့်တက် နိုင်ကြောင်းနှင့် ဩဂုတ်လတွင် ပဲပုတ်စေ့တစ်စည်၏ ကြိုပွိုင့်ဈေးနှုန်းသတ်မှတ်ချက်မှာ အမေရိကန်ဒေါ်လာ ၁၅.၈၁ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၈ ဆင့်အထိ ဈေးနှုန်းမြင့်တက်နိုင်ကြောင်း စတော့ဈေးကွက်သတင်း တွင် ဖော်ပြထားသည်။

              ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် အမေရိကန်နိုင်ငံတွင် ပဲပုတ်စေ့တန်ချိန် ၁၁၉.၈၈ သန်း၊ ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့တန်ချိန် ၁၄၄ သန်းနှင့် အာဂျင်တီးနားနိုင်ငံတွင် ပဲပုတ်စေ့ တန်ချိန် ၅၂ သန်း တို့အား စိုက်ပျိုး ထွက်ရှိနိုင်ကြောင်း USDA က ခန့်မှန်းထားသည်။ ထို့အပြင် ၂၀၂၁-၂၀၂၂ ခုနှစ် တွင် ပဲပုတ်စေ့တန်ချိန် ၁၀၃ သန်းအထိ တရုတ်နိုင်ငံက တင်သွင်းနိုင်ကြောင်း USDA ၏ ခန့်မှန်းချက် ကို သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br