Main menu

Background

တောင်ကိုရီးယားအစိုးရမှ ကမ္ဘာ့အကြီးဆုံး Chip Complex ကို ၂၀၃၀ ပြည့်နှစ်တွင် တည်ထောင်သွားမည်

Mon, 05/17/2021 - 11:16 -- journal_editor

              တောင်ကိုရီးယားအစိုးရသည် ကိုရီးယားသမ္မတနိုင်ငံအား Memory Chip နှင့် System Chip များထုတ်လုပ်ခြင်းတို့တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်စေရေးရည်ရွယ်၍ Samsung Electronics နှင့် SK hynix အပါအဝင် ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီများနှင့်ပူးပေါင်းကာ Semiconductor များစွာ ထုတ်လုပ်နိုင်မည့်ကမ္ဘာ့အကြီးဆုံး Chip Complex ကြီးကို ကိုရီးယားသမ္မတနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ် တွင်တည်ထောင်နိုင်ရေး ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း(၁၃-၅-၂၀၂၁)ရက်နေ့တွင်ကြေညာခဲ့ပါသည်။

            ဤကောင်းမွန်သော ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိရန်အတွက် ထုတ်လုပ်သူလုပ်ငန်းရှင်များက ကိုရီးယားဝမ် (၅၁၀) ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယံ) ရင်းနှီးမြှုပ်နှံရေးနှင့် သတ်မှတ် ကာလအတွင်း သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ (Research & Development- R&D)ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုသည့်နည်းတူ အစိုးရဘက်မှလည်း အဆိုပါကုမ္ပဏီများ၏ စက်ရုံတည်ဆောက်ရေး လုပ်ငန်းများတွင် အခွန်များစွာ လျှော့ပေါ့ပေးခြင်းဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် Chip ထုတ်လုပ်ခြင်းနည်းပညာအသစ်များ၏ (R&D) ဆိုင်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် Tax Credit ကို (၄၀ မှ ၅၀) ရာခိုင်နှုန်းအထိ လည်းကောင်း၊ စက်ရုံသစ်များတည်ဆောက်ခြင်းဆိုင်ရာ အသုံးစရိတ်များအတွက်  Tax Credit ကို (၁၀ မှ ၂၀) ရာခိုင်နှုန်းအထိလည်းကောင်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

            ဤအစီအစဉ်အရ တောင်ကိုရီးယားအစိုးရအနေဖြင့် နိုင်ငံ၏အနောက်ပိုင်း Pangyo၊ Giheung၊ Hwaseong၊ Pyeongtaek၊ Onyang နှင့် အလယ်ပိုင်း Icheon၊ Yongin နှင့် Cheongju ဒေသတို့ကို ဆက်သွယ်ပေးမည့် “K-Semiconductor Belt” ကိုဖန်တီးမည်ဖြစ်ကြောင်း၊ “K-Semiconductor Belt” တွင် ထုတ်လုပ်မှု၊ ပစ္စည်းများ၊ ပါဝင်အစိတ်အပိုင်းများ၊ ကိရိယာများနှင့်ဒီဇိုင်း  စသည့် စီးပွားရေးလုပ်ငန်းနယ်ပယ်အားလုံးပါဝင်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          ဆိုးလ်မြို့တောင်ပိုင်း Pyeongtack ရှိ Samsung Electronics ၏ Semiconductor စက်ရုံတွင် သမ္မတမွန်ဂျေအင်း၊ ဒုတိယဝန်ကြီးချုပ် Hong Nam-ki၊ Samsung Electronics ၏ ဒုတိယဥက္ကဌ Kim Ki-nam၊ SK Hynix ဒုတိယဉက္ကဌ Park Jung-ho  တို့အပါအဝင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည့် အခမ်းအနားတွင် အဆိုပါအစီအစဉ်ကို ကြေညာခဲ့ပြီး၊ သမ္မတမွန်ဂျေအင်းက “ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနေဖြင့် မိမိတို့၏ကိုယ်ပိုင် ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်ဖွဲ့စည်းရန် အပြင်းအထန်ယှဉ်ပြိုင်နေကြရာ မိမိတို့သွား လိုသည့်လမ်းကြောင်းသည် ရိုးရှင်းကောင်းမွန်ကြောင်း၊ ပြင်ပရိုက်ခတ်မှုကြောင့် မပြိုလဲနိုင်သည့် ပြည်တွင်း၌ အားသာချက်ရှိသည့်အရာများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို ဦးဆောင်နိုင်မည့် ပြည်တွင်းစက်မှုဂေဟစနစ်ကို တည်ထောင်ခြင်းပင် ဖြစ်ကြောင်း” မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

          ၂၀၃၀ ပြည့်နှစ်တွင် ကိုရီးယားသမ္မတနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ Chips ထုတ်လုပ်သည့် အချက်အချာဒေသကြီး ဖြစ်လာစေရေးဟူသော တောင်ကိုရီးယားအစိုးရ၏မျှော်မှန်းချက်ကို တုံ့ပြန် သောအနေဖြင့် ကမ္ဘာ့ထိပ်တန်း Chips ထုတ်လုပ်သောကုမ္ပဏီများဖြစ်သည့် Samsung Electronics နှင့် SK hynix တို့က အစိုးရ၏ပံ့ပိုးကမ်းလှမ်းမှုများကိုကြိုဆိုလျက် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုအစီအစဉ် များကို ကြေညာခဲ့ကြပါသည်။ Samsung က Memory နှင့် System semiconductor ကဏ္ဍ(၂)ခုလုံး တွင် ဦးဆောင်သူဖြစ်စေရေးအတွက် ကိုရီးယားဝမ် (၃၈) ထရီလီယံ ထပ်မံ၍ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး၊ စုစုပေါင်း ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ကိုရီးယားဝမ် (၁၇၁) ထရီလီယံအထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Korea Times (14-5-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)