Main menu

Background

ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတင်သွင်းခွင့်နှင့်ပတ်သက်၍ အိန္ဒိယအစိုးရက မူဝါဒပြင်ဆင်ချက် ထုတ်ပြန်ခြင်း

Tue, 05/18/2021 - 13:04 -- journal_editor

            အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00)၊ ပဲတီစိမ်း  [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည် အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ပါသည်။

      ယခုအခါ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အဆိုပါ ပဲ ၃ မျိုး အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ (Free) တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် အမိန့်ထုတ်ပြန်ချိန်မှ ၃၁-၁၀-၂၀၂၁ နေ့အထိ ဖြေလျော့လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 1858(E) ကို ၁၅-၅-၂၀၂၁ နေ့တွင် ထုတ်ပြန်ခဲ့ပါ သည်။

     အဆိုပါသတင်းထုတ်ပြန်ချက်အရ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၏ ၁၉-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ S.O.1266(E) ဖြင့် ၂၀၂၁-၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုနှင့် ၂၆-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော် ငြာစာ S.O.1372(E) ဖြင့် ၂၀၂၁-၂၂ ခုနှစ်အတွက် မတ်ပဲ တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက် ထုတ်ပြန်မှုတို့အား ယခုထပ်မံထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် အစားထိုးပြင်ဆင်မည်ဖြစ်ပါ သည်။ သို့ဖြစ်ရာ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကို တင်သွင်းရန်အတွက် Bill of Lading ထုတ် ပေးခြင်းကို ၃၁-၁၀-၂၀၂၁ နေ့ နောက်ဆုံးထားဆောင်ရွက်ရန်နှင့် တင်သွင်းလာသည့် ကုန်စည် များအား ဆိပ်ကမ်းရှင်းလင်းခြင်းကို ၃၀-၁၁-၂၀၂၁ နေ့အတွင်း အပြီးလုပ်ဆောင်ရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အသိပေးထားပါသည်။

Source:         Notification No. S.O. 1858(E) dated 15th May 2021 of the Ministry of Commerce and Industry of India

(နေအေးလွင်၊စီးပွားရေးသံမှူး)