Main menu

Background

ရုပ်မြင်သံကြားစက်များ ဂျပန်နိုင်ငံတွင်း၌ ထုတ်လုပ်မှုကို Panasonic ရပ်ဆိုင်းမည်ဖြစ်

Wed, 05/19/2021 - 15:45 -- journal_editor

                ဂျပန်နိုင်ငံမှ Panasonic ကုမ္ပဏီသည် နိုင်ငံအတွင်း၌ ရုပ်မြင်သံကြား (TV) စက်များ ထုတ် လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများ၌သာ ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Panasonic မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          မြို့တော်တိုကျိုရှိ စက်ရုံတွင် ဂျပန်နိုင်ငံပြည်တွင်း Panasonic TV ထုတ်လုပ်မှုကို ပြီးခဲ့သည့် မတ်လကုန်က ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ အသေးစားထုတ်လုပ်မှုများသည် အကုန်အကျ များပြားပြီး ကုမ္ပဏီ၏ ဝင်ငွေကို ထိခိုက်နေကြောင်း Panasonic မှ တာဝန်ရှိသူများ၏ ပြောကြား ချက်အရ သိရပါသည်။

          မလေးရှားနိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများတွင်  Panasonic TV  ထုတ်လုပ်မှုများ ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် Panasonic ကုမ္ပဏီအနေဖြင့်  အသေး စားနှင့် အလတ်စား LCD TV များ ထုတ်လုပ် ခြင်းကို တရုတ်နိုင်ငံမှ ပြိုင်ဘက် အီလက်ထရောနစ် ကုမ္ပဏီဖြစ်သည့် TCL ကုမ္ပဏီသို့ လွှဲပြောင်းပေးရန် ညှိနှိုင်းနေကြောင်း သိရပါသည်။

          တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ပြိုင်ဘက်များ မပေါ်ခင်အထိ ရုပ်မြင်သံကြားစက် ထုတ်လုပ်ခြင်းသည် Panasonic ကုမ္ပဏီအတွက် အလွန်မျက်နှာပန်းလှခဲ့သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ Panasonic ကုမ္ပဏီသည် ၎င်းအနေဖြင့် အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့သည့် Plasma TV ထုတ်လုပ်ခြင်းကို ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပါသည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Panasonic ကုမ္ပဏီ၏ ကမ္ဘာ့နိုင်ငံများသို့ TV ရောင်းအားမှာ အလုံးရေ ၃.၆ သန်းအထိ ကျဆင်းခဲ့ ကြောင်းသိရပါသည်။ Hitachi ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် TV ထုတ်လုပ်မှု ရပ်နားခဲ့ပြီး အခြား ဂျပန်အီလက်ထရွန်းနစ် ကုမ္ပဏီများသည်လည်း ပြည်တွင်း၌ TV ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ကြ ကြောင်းသိရပါသည်။

ရင်းမြစ်။ The NHK World News, https://worldofbuzz.com

(နန္ဒာဝင်း)

  စီးပွားရေးသံမှူး

  မြန်မာသံရုံး၊ တိုကျိုမြို့