Main menu

Background

ပြည်တွင်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်ပသို့အမဲသားတင်ပို့ခွင့်အား ရက် ၃၀ ကြာ ဆိုင်းငံ့ကြောင်း အာဂျင်တီးနားအစိုးရကြေညာ

Thu, 05/20/2021 - 11:38 -- journal_editor

                 ပြည်တွင်းအသားဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့် ပြည်ပသို့အမဲသားတင်ပို့ခွင့် အား ရက်ပေါင်း(၃၀)ကြာ ဆိုင်းငံ့ကြောင်း မေလ ၁၇ ရက်နေ့(တနင်္လာနေ့)တွင်  အာဂျင်တီးနားနိုင်ငံ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။

              အာဂျင်တီးနားနိုင်ငံတွင် အမဲသားဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိနေသဖြင့် ပြည်တွင်းကုန်ဈေးနှုန်းအပေါ် အစိုးရ၏အရေးပေါ်ဆောင်ရွက်ချက်အဖြစ် ပို့ကုန်သွင်းကုန်လုပ်ငန်း များတွင် အခွန်တိမ်းရှောင်မှုများအား စိစစ်ခြင်း၊ ပို့ကုန်အမဲသား ထုတ်လုပ်မှုအပေါ်တွင် နောက်ကြောင်းရာဇဝင်များစိစစ်ခြင်း၊ ပြည်တွင်းအသားဈေးကွက်တွင် ဈေးကစားခြင်းများအား ကန့်သတ်ခြင်းနှင့် အသားထုတ်လုပ်မှု ပိုမိုတိုးတက်စေရေးအတွက် အစိုးရကပူးပေါင်းဆောင်ရွက်  ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

              အစိုးရ၏ထုတ်ပြန်ကြေညာချက်များနှင့်ပတ်သက်၍ မေလ ၁၇ ရက်နေ့(တနင်္လာနေ့)တွင် ပြုလုပ်ခဲ့သည့် အာဂျင်တီးနား အသားတင်ပို့သူများအသင်း(Exporters of Argentine Meat - ABC)နှင့် တွေ့ဆုံသည့် အစည်းအဝေး တွင် သမ္မတ Alberto Fernández အား တင်ပြဆွေးနွေးခဲ့ ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              ပြည်တွင်းအစားအသောက်များ၏ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိနေခြင်း အပေါ် သမ္မတအနေဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်လျက်ရှိနေကြောင်း၊ အမဲသားတင်ပို့မှုကို ထိန်းချုပ် ခြင်းသည် ပြည်တွင်း ကုန်ဈေးနှုန်း ကျဆင်းရေးအပေါ်  ထိရောက်မှုရှိ မရှိအား လေ့လာအကဲဖြတ်မှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သတင်းတွင်ဖော်ပြထားသည်။ ပြည်တွင်းကုန်ဈေးနှုန်းပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းရေးအတွက် မူဝါဒများချမှတ်ပြီး လိုအပ်သောညွှန်ကြားချက်များ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အချို့ပို့ကုန်များအတွက် လာမည့်ရက်ပိုင်း အတွင်း ညွှန်ကြားချက်အသစ်များထုတ်ပြန်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အမဲသားတင်ပို့မှုအား ရက်ပေါင်း ၃၀ ကြာရပ်ဆိုင်းထားရန်  အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ထုတ်ကုန်ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

              အစည်းအဝေးတွင် အစိုးရ၏ပို့ကုန်ပိတ်ပင်တားမြစ်ချက်များကြောင့် ပြည်တွင်းကုန် ဈေးနှုန်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိပါက အမဲသားတင်ပို့မှုယာယီပိတ်ပင်ခြင်းများအား ပြန်လည် ဖြေလျှော့ ပေးသွား မည်ဖြစ်ကြောင်း၊ တချိန်တည်းတွင် အချို့တင်ပို့မှုလုပ်ငန်းစဉ်များကို ချွင်းချက်အနေဖြင့် ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတက အသားတင်ပို့ သူများအား ဆွေးနွေးပြောကြားချက်များကို ဝန်ကြီး ဌာန၏ သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br