တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျိုကျိုးမြို့နှင့် ရုရှား နိုင်ငံ၊ မော်စကိုမြို့တို့အကြား တိုက်ရိုက်ပြေးဆွဲသည့် ပထမဆုံး တရုတ်-ဉရောပ ကုန်သေတ္တာတင် မီးရထားအား မေလ (၁၈)ရက်နေ့တွင် စတင်ပြေးဆွဲ လိုက်ပြီဖြစ်ပါသည်။ ၎င်းမီးရထားမှာ ကွမ်ရှီး၏ တစ်ခုတည်းသော တရုတ်-ဉရောပ တိုက်ရိုက်ပြေးဆွဲသည့် ကုန်သေတ္တာတင် မီးရထားဖြစ်ပါသည်။
ထိုမီးရထားမှာ ကီလိုမီတာ (၁၁,၀၀၀)ဝန်းကျင်ခန့်မောင်းနှင်ရမည်ဖြစ်ကာ မြောက်ပိုင်းရှိ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နယ်စပ်ဖြစ်သည့် Manzhouli ကို ဖြတ်ကျော်ပြီးနောက် ရက်ပေါင်း (၂၀)ဝန်းကျင်ခန့်တွင် မော်စကိုသို့ ဆိုက်ရောက်မည်ဖြစ်ပါသည်။
မီးရထားလမ်းကြောင်းအသစ်အား တစ်လလျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပြေးဆွဲမည်ဖြစ်ပါသည်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင် ဖြည့်ဆည်းရန်နှင့် မော်စကို၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအား ကူညီရန် ကွမ်ရှီးမှ အရည်အသွေးမြင့်ကုန်စည်များကို ၎င်းမီးရထားဖြင့် ပို့ဆောင်သွားမည်ဖြစ်ပါသည်။
အဆိုပါမီးရထားလမ်းကြောင်းအသစ်ကြောင့် လျိုကျိုးမြို့၏ ပြင်ပသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများအား ပိုမိုလွယ်ကူအဆင်ပြေစေကာ၊ လျိုကျိုးမြို့၏ စက်မှု ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီများ အား ကမ္ဘာ့ဈေးကွက်များနှင့် ပိုမိုဆက်သွယ်စေနိုင်မည်ဖြစ်သည့်အပြင် လျိုကျိုးမြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
မီးရထားလမ်းအသစ်ကြောင့် လျိုကျိုးရှိ လုပ်ငန်းများမှာ ချန်ဒူးနှင့် ရှီအန်းကဲ့သို့ မြို့များမှ တစ်ဆင့်ခံ၍ သယ်ယူစရာမလိုတော့သည့်အတွက် သယ်ယူပို့ဆောင်မှုကုန်ကျ စရိတ်များကို လျှော့ချနိုင်ကာ၊ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရှိလာ မည်ဖြစ်ပါသည်။ ထို့ပြင် လျိုကျိုး မြို့၌ပင် အကောက်ခွန်ရှင်းလင်းမှုများပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် အချိန်ကုန်လည်း ပိုမို သက်သာလာစေကြောင်း သိရပါသည်။
ရင်းမြစ်၊ en.gxzf.gov.cn (၁၉-၅-၂၀၂၁)
(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)