Main menu

Background

ဈေးနှုန်းများမြင့်တက်ရန် မျှော်မှန်းလျက် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကို အိန္ဒိယကုန်သည်များက ဆိုင်းငံ့လျက်ရှိခြင်း

Fri, 10/01/2021 - 10:28 -- journal_editor

 ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၌ ရာသီဥတု ဆိုးရွားမှုကြောင့် ကြံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိပြီး ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိသည့် အခြေအနေကို စောင့်ကြည့်လျက် အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များသည် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကိုဆိုင်းငံ့ထားကြကြောင်း သိရှိရပါသည်။

နယူးယောက်သကြားကုန်ကြမ်းဈေးကွက်၌ ၁ ပေါင်လျှင် ၂၀.၅ ဆင့်ခန့်အထိဈေးနှုန်း မြင့်တက်လာဖွယ်ရှိမှုကအိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်မဟာရဋ္ဌပြည်နယ်အနောက်ပိုင်းရှိသကြား စက်လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုဖြစ်ပေါ် လျက်ရှိကြောင်း၊ မကြာသေးမီကာလများ၌ ဈေးနှုန်းများမြင့်တက်ခဲ့မှုအရအိန္ဒိယရှိကုန်သည်များသည်ရှေ့နှစ်တွင်ထွက်ရှိလာမည့်သကြား ထုတ်လုပ်မှုမှတန်ချိန် ၁.၂ သန်းခန့်ကိုပြည်ပသို့တင်ပို့ရန်အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိမှုကဘရာဇီး လုပ်ငန်းရှင်များ အား ကြံမှအီသနောလောင်စာဆီထုတ်လုပ်ရန်ပိုမိုတွန်းအားဖြစ်စေပြီး နိုင်ငံတကာဈေးကွက်တွင်သကြားဈေးနှုန်းများ မြင့်တက်မှုကိုအထောက်အပံ့ပြုဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုအခါ အိန္ဒိယလုပ်ငန်းရှင်များသည်သကြားတင်ပို့မှုစာချုပ်အသစ်များ ထပ်မံချုပ်ဆိုမှုမပြုပဲဈေးနှုန်းမြင့်တက်လာမည့် အခွင့်အလမ်းကို မျှော်လင့်လျက်ရှိကြကြောင်း၊ ကမ္ဘာ့သကြားဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၁.၅ ဆင့်အထိရရှိပါကကြံအဓိကစိုက်ပျိုးသည့် ဥတာပရာဒေ့ရှ်ပြည်နယ် အပါအဝင် အိန္ဒိယမြောက်ပိုင်းဒေသရှိ သကြားစက်လုပ်ငန်းရှင်များအနေဖြင့် အဆင့်သင့်တင်ပို့ကြမည်ဖြစ်ကြောင်း စသည်ဖြင့်အိန္ဒိယသကြားစက်လုပ်ငန်းရှင်များအသင်းမှညွှန်ကြားရေးမှူးချုပ် Mr. Abinash Vermaက ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၌ ရှေ့လာမည့်အောက်တိုဘာလတွင်အရန်သကြားတန်ချိန် ၉ သန်းခန့်ရှိလာနိုင်ပြီး ကုန်သည်များ၏ ရောင်းလိုအား နှေးကွေးနေမှုကနိုင်ငံတကာဈေးကွက်၌ သကြား ဈေးနှုန်းမြင့်မားမှုအပေါ်ပိုမို၍ တွန်းအား သက်ရောက် ဖွယ်ရှိပါသည်။ ဘရာဇီးနိုင်ငံရှိကြံစိုက်ခင်း များ၌ မိုးခေါင်ခြောက်သွေ့မှုနှင့်နှင်းခါးရိုက်မှုတို့ကိုကြုံတွေ့ရပြီးနောက်နယူးယောက်ဈေးကွက်တွင် ၄ နှစ်တာအတွင်း အမြင့်မားဆုံးအဖြစ် ၂၂-၉-၂၀၂၁ နေ့ရှိသကြား ၁ ပေါင်ဈေးနှုန်းမှာ ၂၀.၀၄ ဆင့်သို့ရောက်ရှိခဲ့သည်။

      Indian Sugar Exim Corpကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr.Adhir Jhaက မကြာ သေးမီက ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် သကြားတင်ပို့မှု စာချုပ်အသစ်များ ချုပ်ဆိုမှုမှာ နှောင့်နှေးမှုများ ရှိနေကြောင်း၊ အကယ်၍ ဈေးနှုန်းများ ဆက်လက်မြင့်တက်မည့် အခြေအနေရှိပါက သကြားစက်လုပ်ငန်းရှင်များအနေဖြင့်ပြည်တွင်းဈေးကွက်သို့ ဦးစား‌ပေးရောင်းချစေရန် အစိုးရကဝင်ရောက်ကြပ်မတ်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ရှေ့လာမည့်တင်ပို့မှုရာသီအသစ်၌ အောက်တိုဘာလလကုန်ပိုင်းခန့်ကျမှသာ သင်္ဘောတင်ပို့မှုလုပ်ငန်းများကိုလုပ်ဆောင်နိုင်ချေရှိကြောင်းဖြင့်ပြောဆိုပါသည်။ ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ဒုတိယနေရာ၌ရှိသော အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် အစိုးရ၏ ကူညီထောက်ပံ့မှု အစီအစဉ်များကို ရယူမှုနှင့်အတူ ယခုနှစ် သကြားတင်ပို့မှု ရာသီကာလတွင် ပြည်ပသို့ တန်ချိန် ၇ သန်းအထိ တင်ပို့ဖွယ်ရှိကြောင်း သိရှိရပါသည်။

Source:         India sugar mills pause export deals in bet price will rise more, 23-9-2021, Economic Times

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့