Main menu

Background

နေရောင်ခြည်စွမ်းအင်သုံး အဓိကစီမံကိန်းများ စတင်လည်ပတ်နေပြီဖြစ်သည့် တရုတ်နိုင်ငံ

Fri, 10/22/2021 - 09:59 -- journal_editor

တရုတ်အစိုးရ၏ ဂိုဘီသဲကန္တာရအပါအဝင် အခြားကန္တာရဒေသများ၌ အကြီးအကျယ် တည်ဆောက်နေသည့် လေအားနှင့် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ် သည့် စီမံကိန်းများ၏ တစ်စိတ်တစ်ဒေသအဖြစ် ချင်းဟိုင်နှင့် ဟာနန် ပြည်နယ်များတွင် photovoltaic စီမံကိန်းတစ်ရပ်ကို အောက်တိုဘာလ (၁၅)ရက်နေ့မှ စတင်တည်ဆောက်ပြီ ဖြစ်ကြောင်း State Power Investment Corp  က ထုတ်ဖော် ပြောကြားလိုက်ပါသည်။

၎င်းစီမံကိန်းမှ စုစုပေါင်းထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်မှာ ကီလိုဝပ် တစ်သန်းနီးပါးဖြစ်ပြီး၊ ချင်းဟိုင် - ဟာနန် ultra-high-voltage တိုက်ရိုက်မီးသွယ်တန်း သည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ၎င်းစီမံကိန်းမှာ (၁,၅၈၇) ကီလိုမီတာ ရှည်လျားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံအနောက်ပိုင်းမှ အလယ်ပိုင်းသို့ 800kV မီးကြိုးများဖြင့် သွယ်တန်းပို့ဆောင် ပေးသွားမည်ဖြစ်ပါသည်။ ၎င်းစီမံကိန်းမှ စီးပွားဖြစ်ထုတ်လုပ်မှုကို (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁ - ၂၀၂၅) အကုန်ပိုင်း၌ စတင်သွားနိုင်ဖွယ်ရှိပါသည်။

အဆိုပါစီမံကိန်းများသည် တရုတ်နိုင်ငံရှိ ကျယ်ပြန့်သောသဲကန္တာရဒေသ များနှင့် မြစ်ဝါမြစ် အထက်ပိုင်းရှိ ရေအားရင်းမြစ်များ၏ အားသာချက်များကို အသုံးပြု သွားမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရေအား၊ လေအားနှင့် နေရောင်ခြည် ရင်းမြစ်များ၏ အလားအလာများကို အပြည့်အဝအသုံးချကာ၊ နိုင်ငံ၏ စွမ်းအင်အားလုံး  တို့တွင် သန့်ရှင်းသောစွမ်းအင်ပါဝင်မှုအချိုးကို လျင်မြန်စွာမြှင့်တင်သွားမည်ဖြစ်ပါသည်။

၂၀၃၀ ပြည့်နှစ်တွင် နေရောင်ခြည်နှင့် လေအားတို့မှ စွမ်းအင် (၁,၂၀၀) ဂဂ္ဂါဝပ်ကျော်ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံက လျာထားသည့် ရည်မှန်းချက်ကို ပြည့်မီရန်

ဤစီမံကိန်းက ကူညီပေးသွားနိုင်မည်ဖြစ်ကြောင်း၊ အနောက်မြောက်ပိုင်းဒေသများသည် ယခုမူဝါဒမှ အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ  လျှပ်စစ် ပို့ဆောင်ပေးသည့်လိုင်းများကို ကမ်းရိုးတန်းပြည်နယ်များရှိ အဓိကဝယ်လိုအားရှိသော ဗဟို နေရာများနှင့် ပိုမိုတိုးချဲ့ချိတ်ဆက်ပေးသွားနိုင်ကြောင်း BloombergNEF သုတေသန လုပ်ငန်းမှ စွမ်းအင်ဈေးကွက်သုတေသီ Wei Hanyang က မှတ်ချက်ပြုထားပါသည်။

တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းကြီးကို အကောင် အထည်ဖော်ဆောင်နေပြီး၊ ကန္တာရမှ လေအားနှင့် နေရောင်ခြည်တို့ဖြင့် လျှပ်စစ် (၁၀၀) ဂဂ္ဂါဝပ်ထုတ်လုပ်သည့် ပထမအဆင့်ကို မကြာသေးမီက စတင်လည်ပတ်နေပြီ ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ တည်ဆောက်မှုပုံစံနှင့် စွမ်းအင် တည်ဆောက်မှုပုံစံတို့ကို ချိန်ညှိမှုများ တစ်ပြိုင်နက်တည်းမြှင့်တင်ပြုလုပ်နေခြင်းနှင့်အတူ အကြီးစား လေအားနှင့် နေရောင်ခြည်စွမ်းအင် စီမံကိန်းများကို  စီမံကိန်းရေးဆွဲ၍ တည်ဆောက်မှုများကိုလည်း အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

China National Petroleum Corp နှင့် China Petrochemical Corp တို့ အပါအဝင် တရုတ်၏ နိုင်ငံပိုင်ရေနံချက်လုပ်ငန်းကြီးများက ဂိုဘီသဲကန္တာရအပါအဝင် ကန္တာ ရများ၌ သန့်ရှင်းသော စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတည်ဆောက်ရန် စီမံကိန်းများကို ရေးဆွဲ လျက်ရှိကြကြောင်း သတင်းရရှိပါသည်။

ရင်းမြစ် ၊ China Daily (၁၆-၁၀-၂၀၂၁)

.....................................................

 

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး