Main menu

Background

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးတိုးတက်မှုနှုန်းကျဆင်းခဲ့ခြင်း

Mon, 11/08/2021 - 15:11 -- journal_editor

        စွမ်းအင်ရရှိမှုကျဆင်းလာခဲ့ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးချိတ်ဆက်ကူးပြောင်းမှုများကြန့်ကြာ လျက်ရှိခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ တတိယလေးလပတ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် မျှော်မှန်းထားသည်ထက်ကျဆင်းကာ (၄.၉)ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၉) လတာကာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုပမာဏ စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ(၁၂.၈)ထရီလီယံ ရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက်(၉.၈)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး သည် ၂၀၂၁ ခုနှစ်၊ ပထမလေးလပတ်ကာလအတွင်း ပြီးခဲ့သည့် နှစ်ကထက်(၁၈.၃)ရာခိုင်နှုန်း၊ ဒုတိယ လေးလပတ်ကာလအတွင်း(၇.၉)ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊  ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်းတရုတ်နိုင်ငံသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၈.၂) ထရီလီယံ ရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၁၂.၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု တရုတ် အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။

       ၂၀၂၁ ခုနှစ်၊ တတိယလေးလပတ်ကာလအတွင်း တရုတ်နိုင်ငံသည် စွမ်းအင်ပြတ်လပ်မှုများ၊ တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် စီးပွားရေး တိုးတက်မှုနှုန်းနှေးကွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ စတုတ္ထလေးလပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုဆိုးဝါးလာဖွယ်ရှိသည်ဟု မျှော်မှန်းထား ကြောင်း၊ တရုတ်နိုင်ငံ၏ ၂၀၂၁ ခုနှစ် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းလာနိုင်ဖွယ်ရှိကြောင်း၊ တစ်နှစ်လုံးအတိုင်းအတာဖြင့် ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုး(၈.၃)ရာခိုင်နှုန်းတိုးတက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း လေ့လာ စောင့်ကြည့်သူများမှပြောကြားခဲ့ကြောင်းသိရှိရပါသည်။
source: https://www.globaltimes.cn/page/202110/1236577.shtml

(ရွှေစင်ဦး၊စီးပွားရေးသံမှူး)