Main menu

Background

ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ ၁၀ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်း

Fri, 11/12/2021 - 13:23 -- journal_editor

       ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများသည် (၁၀) နှစ်ကာလ အတွင်း  အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စာရင်းဇယားများအရ သိရပါသည်။ နှံစားသီးနှံများ၊ ဟင်းသီးဟင်းရွက်ဆီနှင့် နို့ထွက် ပစ္စည်းဈေးနှုန်းများသည် သိသာစွာ မြင့်တက်ခဲ့ပြီး၊ အသားနှင့် သကြားဈေးနှုန်းများမှာမူ အနည်းငယ် ကျဆင်းခဲ့သည်ဟု FAO အစီရင်ခံစာက ဆိုသည်။

      နိုင်ငံတကာ စားသောက်ကုန်များ၏ လစဉ်ဈေးနှုန်းအပြောင်းအလဲကို တိုင်းတာသည့် FAO ၏ စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်း (FAO Food Price Index-FFPI) အရ ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းများသည် (၃) လဆက်တိုက်မြင့်တက်လာပြီးနောက် အောက်တိုဘာလတွင် အမြင့်ဆုံး အဆင့်၌ ရပ်တည်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း ဈေးနှုန်းအမြင့်ဆုံးအဆင့်ဖြစ်ခဲ့ပါသည်။

      စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည် ဟင်းသီးဟင်းရွက်ဆီနှင့် နှံစားသီးနှံများ၏ ကမ္ဘာ့ ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အဓိကဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ဆီအုန်း၊ ပဲပုပ်၊ နေကြာနှင့် ပန်းနှမ်းဆီများ၏ ဈေးနှုန်းများမြင့်တက်လာမှုနှင့်အတူ FAO ၏ ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း ညွှန်းကိန်းမှာ အောက်တိုဘာလ၌ (၁၈၄.၈ ပွိုင့်) ရှိခဲ့ရာ လအလိုက်နှိုင်းယှဉ်လျှင် (၉.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာဆီအုန်းဈေးနှုန်းများသည် လေးလဆက်တိုက်မြင့်တက်လာခဲ့ပြီး၊ အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားရှားပါးမှုကြောင့် မလေးရှားနိုင်ငံ၌ ဆီအုန်းထုတ်လုပ်မှုအပေါ် သက်ရောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း FAO က ဆိုသည်။

      ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် FAO ၏ နှံစားသီးနှံပျမ်းမျှဈေးနှုန်းညွှန်းကိန်းမှာ (၁၃၇.၁ ပွိုင့်) ရှိခဲ့ပြီး၊ လွန်ခဲ့သည့်တစ်နှစ်ကအဆင့်ထက် (၂၂.၄) ရာခိုင်နှုန်းမြင့်မားလာကြောင်း၊ နှံစားသီးနှံ အဓိကတင်ပို့နိုင်ငံများ၌ အထွက်လျော့ကျခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်၌ ကုန်ပစ္စည်းရရှိနိုင်မှု လျော့နည်းလာခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နို့ထွက်ပစ္စည်း ဈေးနှုန်းညွှန်းကိန်းတွင် လွန်ခဲ့သည့်တစ်နှစ်ကအဆင့်ထက် (၁၅.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

      ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတကာ၌ ထောပတ်၊ နို့မှုန့်ဈေးနှုန်းများသည် (၂) လ ဆက်တိုက်သိသာစွာမြင့်တက်လာခဲ့ပြီး၊ ကမ္ဘာ့ဝယ်လိုအားမြင့်တက်လာမှုကြောင့် ထိုသို့ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဥရောပတစ်ဝန်း၌ ရာသီအလိုက် နို့ထုတ်လုပ်မှုလျော့နည်းခဲ့ခြင်း၊ သမုဒ္ဒရာပိုင်းဒေသနိုင်ငံများ၌ နို့ထုတ်လုပ်ရာသီအသစ်အား မျှော်မှန်းသည်ထက် ပို၍နှေးကွေးစွာ စတင်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့နို့ထွက်ပစ္စည်းဈေးနှုန်းများမြင့်တက်မှုကို ဖြစ်စေနိုင်ကြောင်း FAO အရ သိရပါသည်။

ရင်းမြစ် -  https://www.brusselstimes.com/news/business/192372/global-food-prices-hit-10-year-high/

ကျော်စိန်ဝင်း

စီးပွားရေးသံမှူး