Main menu

Background

ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်ယူမှု ထိပ်ဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်(၈)နေရာ၌ ရပ်တည် ‌

Tue, 09/26/2023 - 12:32 -- journal_editor

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၌ ကွန်ဒိုများကို နိုင်ငံသားများ ဝယ်ယူမှုနည်းပါးနေသော်လည်း   နိုင်ငံခြားသားများ ဝယ်ယူမှုမြင့်တက်လျက်ရှိ ကြောင်း၊ ၎င်းတို့အထဲတွင်  တရုတ်နိုင်ငံသားများသည် လွှဲပြောင်းရယူမှု အများဆုံး ဖြစ်ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဖြစ်သူ  Mr. Vichai Viratkapan  က ပြောကြားခဲ့သည်။
ကွန်ဒိုလွှဲပြောင်းရယူမှုတန်ဖိုးသည် ယခင်နှစ် ဒုတိယနှစ်ဝက်အတွင်း အလုံးစုံ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ဝယ်ယူမှု မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက် ၂၀ ရာခိုင် နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားများ၏  ကွန်ဒိုဝယ်ယူမှုသည် နှေးကွေးနေဆဲဖြစ်ကြောင်း၊ စီးပွားရေးကိုမြှင့်တင်လိုပါက နိုင်ငံခြားသားများ ဝယ်ယူ မှုကို အားထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပတ္တရားနှင့် ဖူးခက်တို့တွင် နိုင်ငံခြား သားများ၏ ကွန်ဒိုပိုင်ဆိုင်မှုမြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားသားများသို့ ကွန်ဒိုလွှဲပြောင်းပေးခဲ့မှု ၇၃၃၈ယူနစ်ဖြစ်ကြောင်း၊ တရုတ်က အများဆုံးဖြစ်ပြီး ၎င်းနောက် ရုရှား၊အမေရိကန် တို့ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဝယ်ယူမှုအဆင့်(၆)နေရာတွင်ရှိခဲ့သော မြန်မာ နိုင်ငံသည် ယခုနှစ်တွင် အဆင့်(၈)နေရာဖြင့် ဝယ်ယူမှု ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဝယ်ယူခဲ့မှုသည် တစ်ယူနစ်လျှင် ပျမ်းမျှတန်ဖိုး ဘတ် ခုနစ် သန်းရှိသော ကွန်ဒို ၁၈၂ ယူနစ်ဖြစ်ကြောင်း  အိမ်ခြံမြေသတင်းအချက်အလက် စင်တာ၏ထုတ်ပြန်ထားသည့်စာရင်းအရ သိရှိရသည်။

သီတာဝင်း(စီးပွားရေးသံမှူး) ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။