Main menu

Background

ဒီဇင်ဘာလအတွင်း ကြက်သွန်နီ တန်ချိန် နှစ်သောင်းကျော် ဖိလစ်ပိုင် တင်သွင်းမည်

Mon, 12/04/2023 - 12:34 -- journal_editor

ဖိလစ်ပိုင်နိုင်ငံသည်  ယခုနှစ်  ဒီဇင်ဘာလအတွင်း ကြက်သွန်နီ တန်ချိန်  ၂၁၀ဝ၀ တင်သွင်းရန်ရှိကြောင်း     ဖိလစ်ပိုင်စိုက်ပျိုးရေး ဝန် ကြီးဌာနက  ပြောကြားခဲ့သည်။  လာမည့်ခရစ္စမတ်ရာသီအတွင်း ကြက်သွန်နီပြတ်လပ်ပြီး   ဈေးနှုန်း မတက်စေရန်နှင့် လိုအပ်သည့် ပမာဏအား ဖြည့်တင်းနိုင်ရေးတင်သွင်းသွားမည်ဖြစ်ကြောင်း၊ တစ် ကီလိုလျှင် ပီဆို-၁၀ မှ ပီဆို-၂၀ ထိ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ သော်လည်း ကြက်သွန်နီလက်ကျန် ကုန်လုနီးပါးထိ ဈေးကွက်တွင်းဖြန့်ချိထားကြောင်း၊  လာမည့်လအတွက်  အလုံအလောက် အချိန်မီ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းကြက်သွန်နီမှာ တစ်ကီလိုလျှင်  ပီဆို-၁၄၀ မှပီဆို- ၁၈၀ ထိဈေးရှိပါကြောင်း၊ လာမည့် သီတင်းပတ်အတွင်း  ဈေးနှုန်း ကျဆင်းလာနိုင်ကြောင်း၊ ကြက်သွန်နီတင်သွင်းထားမှုများ ပြည်တွင်း ဈေးကွက်သို့ အလုံးအရင်းဝင်ရောက်ခဲ့သည့်ကိစ္စအပေါ်  ရှင်းလင်း တင်ပြရန် လွန်ခဲ့သောလက   ဖိလစ်ပိုင်လွှတ်တော်မှ  စိုက်ပျိုးရေး ဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနသည်  လွှတ်တော်စိုက်ပျိုး ရေးနှင့် အစားအစာဌာနမှ  မေးမြန်းထားသည့်အပေါ် Bureau of Plant and Industry၏ ဖြေကြားမှုအား  ဌာနတွင်း စုံစမ်းစစ်ဆေးလျက် ရှိကြောင်း၊  Bureau of Plant and Industry မှ  တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်များအား အအေးခန်းစနစ်ဖြင့်   ထိန်းသိမ်းထား ရှိမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများအပေါ် ပြန်လည်သုံးသပ် လျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။
တစ်လတာခံ လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်များအတွက် ဌာနတွင်း လုပ်ငန်းစဉ်ဆောင်ရွက်မှုသည် ရက်ပေါင်း ၆၀ခန့် ကြာမြင့် လေ့ရှိသဖြင့် တင်သွင်းရောက်ရှိလာမည့်   ဟင်းသီးဟင်းရွက်များ အတွက် ပိုမိုထိရောက်သောလုပ်ငန်းစဉ် အချိန်မီဆောင်ရွက်ပေးနိုင်မှု၊ အအေးခန်းထိန်းသိမ်းထားရှိမှုဆိုင်ရာ  လုပ်ထုံးလုပ်နည်း၊  စည်းမျဉ်း များ ချမှတ်ပေးသွားရန် လိုအပ်ကြောင်း သိရသည်။

ကေသွယ်ခိုင်(စီးပွားရေးသံမှူး)
မနီလာမြို့။