Main menu

Background

ပဲနီလေး၊ မတ်ပဲနှင့် ပဲစင်းငုံ တင်သွင်းမှုအိန္ဒိယအများဆုံးဖြစ်

Mon, 12/04/2023 - 12:39 -- journal_editor

အိန္ဒိယနိုင်ငံသည်   လက်ရှိဘဏ္ဍာနှစ်  ပထမနှစ်ဝက်အတွင်း နိုင်ငံခြားတိုင်းပြည်များမှ ပဲမျိုးစုံတင်သွင်းမှု နှစ်ဆကျော် မြင့်တက်ခဲ့ သည်။ အကြောင်းမှာ နိုင်ငံ၏အဓိက ပဲစိုက်ပျိုးရာ  ဒေသများတွင် အနောက်တောင်မုတ်သုံမိုး နည်းပါးခဲ့ပြီး ပဲစိုက်ပျိုးထွက်ရှိမှုအပေါ် ထိခိုက်မှုရှိခဲ့သည့်အတွက်ဖြစ်ကြောင်း  The Hindu Business Line သတင်းဌာနက နိုဝင်ဘာ ၉ ရက်တွင်က ဖော်ပြထားသည်။
နောက်ဆုံးရရှိသော တရားဝင်စာရင်းများအရ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဧပြီလမှ  စက်တင်ဘာလအထိ ခြောက်လတာအတွင်း အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံဝယ်ယူမှုပမာဏ တန်ချိန် ၁၄ ဒသမ ၈၅ သိန်းရှိ ခဲ့ကြောင်း သိရသည်။  ယခင်ဘဏ္ဍာနှစ်ကာလတူရှိ တန်ချိန် ၆ ဒသမ ၉၈သိန်းသာရှိ၍ ၁၁၃ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အမေ ရိကန်ဒေါ်လာအရကြည့်လျှင် တန်ဖိုးအားဖြင့်  ယမန်နှစ်ကာလတူက ၅၉၅ သန်းသာရှိခဲ့ရာမှ ယခုနှစ် အဆိုပါ ကာလအတွင်း ၁ ဒသမ ၂၆ ဘီလီယံကျော်သို့ မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။ ရူပီးအားဖြင့် လွန်ခဲ့သော နှစ်ကာလတူက ၄၆ ဒသမ ၉၅ ဘီလီယံရှိခဲ့ပြီး ယခုနှစ် တွင် ၁၀၄ ဒသမ ၄၀ ဘီလီယံရှိသည့်အတွက် ၁၁၂ ရာခိုင်နှုန်း  မြင့် တက်လာသည်ကို တွေ့ရှိရသည်။
အဆိုပါ ပဲမျိုးစုံဝယ်ယူတင်သွင်းမှုများအနက် ပဲနီလေး၊ ပဲစင်းငုံ နှင့် မတ်ပဲတို့က အများဆုံးဖြစ်သည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင် ဘာလအတွင်း ပဲနီလေး တန်ချိန် ၈ ဒသမ ဝ၂ သိန်း  တင်သွင်းခဲ့ပြီး ယမန်နှစ်ကာလတူက တန်ချိန် ၂  ဒသမ ၈၁သိန်းသာ တင်သွင်းခဲ့သည့် အတွက် ၁၈၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန် ပြည်ထောင်စုမှ ပဲနီလေး တန်ချိန် ၈ ဒသမ ၅၈ သိန်း  တင်သွင်းခဲ့ပြီး ဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု မှတင်ပို့သော ပဲနီလေးအပေါ် တန်ပြန် ခွန်များ ( (retaliatory customs tariff) စည်းကြပ်ကောက်ခံမှုကို မကြာသေးမီက ဖယ်ရှားလိုက်သည့် အတွက် ပဲနီလေးတင်ပို့မှု နှစ်ဆမြင့်တက်လာကြောင်း  တွေ့ရှိရပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အကုန်တွင် တန်ချိန် ၁ သန်းကျော် မည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံ၏ ပဲနီလေးစိုက်ပျိုးမှုအခြေအနေမှာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရာဘီ(ဆောင်းသီးနှံ) ဟက်တာ  ၁၂ ဒသမ ၇၄ သိန်းရှိပြီး ယခင်နှစ်ကာလတူက ဟက်တာ  ၁၂ ဒသမ ဝ၃ သိန်းရှိခဲ့ သည့်အတွက် အနည်းငယ်   တိုးတက်လာကြောင်း  တွေ့ရသည်။ သို့သော် ပုံမှန်ရှိရမည့် ပဲနီလေးစိုက်ပျိုးဧရိယာမှာ   ဟက်တာ ၁၄ ဒသမ ၃၇ သိန်းဖြစ်ကြောင်း သိရသည်။   ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ကုလားပဲ စိုက်ဧက ကျဆင်းလာမှုနှင့်အတူ ကျန်ပဲမျိုးစုံ  စိုက်ဧကများ လည်း ကျဆင်းလာလျက်ရှိကြောင်း တွေ့ရသည်။
အိန္ဒိယနိုင်ငံမှ ပဲစင်းငုံတင်သွင်းမှုမှာ ယခုနှစ် ဧပြီလမှ စက် တင်ဘာလအထိ  တန်ချိန် ၂ ဒသမ ၇၄ သိန်းနှင့် ယခင်နှစ်ကာလတူက တန်ချိန် ၁ ဒသမ ၅၆ သိန်းရှိခဲ့သည့်အတွက် ၇၅ ရာခိုင်နှုန်း   တိုးမြင့် လာသည်။ အလားတူ မတ်ပဲတင်သွင်းမှုမှာ တန်ချိန်  ၂ ဒသမ ၄ သိန်း ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၁ ဒသမ ၇၂ သိန်းရှိခဲ့သည့်အတွက် ၃၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။ ပဲစင်းငုံတင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်းတွေ့ရသော်လည်း  မကြာသေးမီက မိုဇန်ဘစ် နိုင်ငံကဲ့သို့ အရှေ့အာဖရိကနိုင်ငံများတွင် ပဲတင်ပို့မှုများ၌ နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သည်။  အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်က ပဲစင်းငုံနှင့် မတ်ပဲကို  တန်ချိန် ၈ ဒသမ ၉၄ သိန်းနှင့်   ၅ ဒသမ ၂၄ သိန်း အသီးသီး တင်သွင်းခဲ့ကြောင်း သိရသည်။
ပဲမျိုးစုံတင်သွင်းမှု   ဆက်လက်တိုးမြင့်လာဖွယ်ရှိပြီး  လက်ရှိ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက်  တင်သွင်းမှု  ပိုမိုများပြားလာ မည်ဖြစ်ကြောင်း၊ အကြောင်းမှာ လာမည့်နှစ်  ဇန်နဝါရီလကုန်ပိုင်းမှ သာ ပဲစင်းငုံနှင့်မတ်ပဲအသစ်များပေါ်မှာဖြစ်သည့်အတွက်ဟု  IGrain  India မှ ကျွမ်းကျင်သူ Rahul Chauhan က ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံတွင် မတ်ပဲ တန်ချိန် ၆ ဒသမ ၅ သိန်းခန့်နှင့် ပဲစင်းငုံ  တန်ချိန် ငါးသိန်းခန့်ထွက်ရှိမည်ဟု ၎င်းက ခန့်မှန်းပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင်   ပဲမျိုးစုံ တန်ချိန် ၁၅ ဒသမ ၂၉ သိန်း တင်သွင်းခဲ့သည်။   အိန္ဒိယစိုက်ပျိုး ရေးဝန်ကြီးဌာန၏ ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်အရ ယခုနှစ် ပဲစင်းငုံထွက်ရှိမှုသည် ယမန်နှစ်နှင့်အလားတူ   တန်ချိန် ၃၄ ဒသမ ၂၁ သိန်းရှိမယ်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သုံးသပ်တင်ပြချက်
အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ရာသီဥတုဖောက်ပြန်မှုကြောင့် ပဲစိုက်ဧကများ ကျဆင်းကာ ပြည်ပဝယ်ယူမှုအပေါ်  ပိုမိုမှီခိုနေရ သည့်အနေအထားဖြစ်သည်။ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၏   ပထမ နှစ်ဝက်အတွင်း ပဲနီလေး၊  ပဲစင်းငုံနှင့် မတ်ပဲအပါအဝင်  ပဲမျိုးစုံကို စံချိန်တင်  ဝယ်ယူတင်သွင်းခဲ့ပြီး အဆိုပါ ဝယ်ယူတင်သွင်းမှုမှာ ဆက် လက်၍ တိုးမြင့်လာဦးမည်ဟု   ခန့်မှန်းလျက်ရှိသည်။  ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါအခြေအနေအပေါ် အသာစီးရယူ၍ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံ  ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

ရည်ညွှန်းချက်။     ။The Hindu Business Line သတင်းဌာန၊ Surge in pulses imports led by higher purchases of masur, arhar and urad”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။
        
ကောင်းထွဋ်အောင်(စီးပွားရေးသံမှူး)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့။