ဗီယက်နမ်နှင့် ကမ္ဘောဒီးယားကြား နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်အရ နှစ်နိုင်ငံပြည်သူများအနေဖြင့် QRကုဒ်များကို စကင်န်ဖတ်ကာ ၎င်းတို့၏ ဒေသသုံး ငွေကြေးဖြင့်တစ်ဖက်နိုင်ငံ၌ ငွေပေးချေမှုများ ပြုလုပ် နိုင်မည်ဖြစ်ကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရသည်။နှစ်နိုင်ငံဖြတ်ကျော် QR ပေးချေမှု ချိတ်ဆက်မှု စတင်နိုင်ခြင်းမှာ ဗီယက်နမ် နိုင်ငံတော်ဘဏ်နှင့် ကမ္ဘောဒီးယား အမျိုးသားဘဏ်တို့အကြား နားလည်မှု စာချွန်လွှာ(MOU)ကို ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း၏ရလဒ်ဖြစ်သည်။ ငွေပေးချေမှုစနစ်သည် သုံးစွဲသူပြည်သူများ အနေဖြင့် ကုန်ပစ္စည်းဝယ်ယူခြင်းအတွက် ဗီယက်နမ်တွင် ခမာရီးယလ် KHR)ဖြင့် ပေးချေနိုင်ပြီး ကမ္ဘောဒီးယားတွင် ဗီယက်နမ် ဒေါင် (VND)ကို အသုံးပြုနိုင်သည့် ငွေပေးချေမှုစနစ်ဖြစ်သည်။ ခန့်မှန်းခြေကမ္ဘောဒီးယားကုန်သည် ၁ ဒသမ ၈ သန်းခန့်က KHQR ကုဒ်များဖြင့် စကင်န်ဖတ် ပေးချေနိုင်ပြီဖြစ်ကြောင်း သိရှိသည်။ KHQR သည် ကမ္ဘောဒီးယားတွင် လက်လီငွေပေးချေမှုများအတွက်ဖန်တီးထားသော နာမည်ကြီး QR ကုဒ်စနစ်တစ်ခုဖြစ်သည်။အဆိုပါ ငွေပေးချေမှုစနစ်သုံးစွဲမှုသည်နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလာရေးကဏ္ဍနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကိုလည်းမြှင့်တင်ပေးသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။
(စီးပွားရေးသံမှူး၊ ဗီယက်နမ်)