Main menu

Background

ကုန်ကြမ်းအနေနဲ့ကတော့ ပြည်ပကနေ တင်သွင်းတာ မရှိပါဘူး၊ မြန်မာတစ်ပြည်လုံးမှာ ထွက်တဲ့ကုန်ကြမ်းတွေကိုပဲ ယူပြီးရောင်းချတာ ဖြစ်ပါတယ်

Wed, 12/04/2024 - 11:01 -- journal_editor

တိုင်းရင်းသားဝတ်စုံထုတ်လုပ်သူ မြပုဏ္ဏမာ ကုမ္ပဏီပိုင်ရှင် ဒေါ်မိုးမြတ်သူဇာနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိပြီး တိုင်းရင်းသား မျိုးနွယ်စုအလိုက် မတူညီသည့် ရိုးရာယဉ်ကျေးမှု ဝတ်စုံများ ကိုယ်စီရှိကြသည်။ အဆိုပါ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့်အညီ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ ဝတ်စုံများအား ထုတ်လုပ်ကာ ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ချိလျက်ရှိသည့် တိုင်းရင်းသားဝတ်စုံ ထုတ်လုပ်သူ မြပုဏ္ဏမာကုမ္ပဏီပိုင်ရှင် ဒေါ်မိုးမြတ်သူဇာနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

တိုင်းရင်းသားဝတ်စုံတွေကို ကိုယ်တိုင်ထုတ်လုပ်ဖြစ်တဲ့ အကြောင်း ပြောပြပေးပါဦး။
တိုင်းရင်းသားဝတ်စုံတွေကို ထုတ်လုပ်ဖြစ်တာက ကျွန်မ အနေနဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေ ဝတ်စုံတွေကို သဘောကျတဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့်လည်း ကုမ္ပဏီ နာမည်ကို မြပုဏ္ဏမာလို့ နာမည်ပေးဖြစ်တာပါ။ ကျွန်မက တိုင်း ရင်းသားဝတ်စုံတွေကိုမချုပ်လုပ်ခင်က မင်္ဂလာဝတ်စုံကို အရင် ချုပ်တာပါ။ အဲလိုနဲ့ ဆရာမတွေ ကလေးအမေတွေက ကျောင်းက ပွဲအတွက် တိုင်းရင်းသားဝတ်စုံကို လာချုပ်ပြီး ဝယ်ကြတယ်။အဲဒီ ကနေစပြီး ဈေးကွက်ထဲမှာ ရောင်းချပေးပြီးတော့ တိုင်းရင်းသား ဝတ်စုံတွေကို ချုပ်ရတာ  စိတ်ဝင်စားလာတယ်။ တိုင်းရင်းသား ရှစ်မျိုးရဲ့ ဝတ်စုံတွေကို အရင်ထုတ်ဖြစ်တယ်။ ဒီရှစ်မျိုးက ကျောင်း ကပွဲတွေမှာအဓိကထားပြီး ချုပ်ရတယ်။ နောက်ပိုင်း နိုင်ငံတော် အဆင့်ပွဲ၊ ရုပ်ရှင်နဲ့ အနုပညာအသင်းရဲ့ပွဲ ပြီးတော့ ငျြ ပွဲတွေနဲ့ အငြိမ့်ဇာတ်သဘင် ပွဲဘက်က မှာတာတွေကြောင့်  ဈေးကွက်ရှိ လာတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေဖြစ်တဲ့ ပလောင်၊ လီဆူး၊ ပအိုဝ်းလူမျိုးတွေရဲ့ အော်ဒါအမှာတွေ တက်လာတဲ့အတွက်ကြောင့် ကိုယ်တိုင်စမ်းသပ်ကြည့်တယ်။ နောက် ရန်ကုန်မြို့မှာ ကျင်းပသွား ခဲ့တဲ့  သွေးချင်းတို့ပွဲတော်မှာလည်း တိုင်းရင်းသား ၁၃၅ မျိုး ရိုးရာ ဝတ်စုံရဲ့ အချက်အလက်တွေ ရလာတယ်။ နောက်အမျိုးသား ပြတိုက်၊ အမျိုးသားစာကြည့်တိုက်တို့ကိုသွားပြီး လေ့လာတယ်။ ပအိုဝ်းတိုင်းရင်းသားအသင်းတွေဆီ သွားရောက်လေ့လာပြီးတော့ အဲဒီက တာဝန်ရှိတဲ့သူတွေနဲ့ စကားပြောတယ်။ အဲလိုနဲ့ တိုင်းရင်း သားလူမျိုး ၁၃၅ မျိုးဝတ်စုံရဲ့ အချက်အလက်တွေ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိလာရတယ်။  အခုလိုမျိုး လေ့လာခဲ့တဲ့ အတွက် အခုလိုတိုင်းရင်းသားဝတ်စုံတွေကို ယုံကြည်မှုရှိရှိ ထုတ် လုပ်နိုင်ခဲ့ပါတယ်။

ဒီလုပ်ငန်းကို ဘယ်တုန်းကတည်းက စတင် တည်ထောင်ဖြစ်ခဲ့ တာပါလဲ။ 
ဒီလုပ်ငန်းကို ၂၀၁၈ ခုနှစ်ကစတင်ပြီးတော့ တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ခြောက်နှစ်ရှိပြီပေါ့နော်။ တိုင်းရင်း သားဝတ်စုံက   ပြည်တွင်းဈေးကွက်ဖြစ်တဲ့ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေက ဆရာမတွေ ကလေး မိဘတွေကလည်း လာရောက်အားပေးကြတယ်။ နိုင်ငံ တကာကျောင်းတွေကလည်း မှာယူပါတယ်။ ပြည်ပဈေးကွက်က တော့ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာ ရောက်ရှိနေတဲ့သူတွေက ဝတ်ဆင်ချင်တာရှိရင် တိုက်ရိုက်ပို့ပေး ပါတယ်။  

တိုင်းရင်းသားဝတ်စုံတွေကို ချုပ်လုပ်တဲ့အခါမှာ  ဘယ်လိုပုံစံမျိုးနဲ့ ချုပ်လုပ်တယ်ဆိုတာလည်း သိပါရစေ။
တိုင်းရင်းသားဝတ်စုံတွေကို ချုပ်လုပ်တဲ့နေရာမှာ နှစ်ပိုင်း ရှိပါတယ်။ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု မပျောက်ပျက်အောင် သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ မှားလို့မရတဲ့  အရောင်တို့၊ ကာလာစပ်တာတို့မှာ ဆောင်ရန် ရှောင်ရန်လေးတွေကိုအဓိကထား ပြီးတော့ ရိုးရာအတိုင်းလုပ်ပေးတယ်။ နောက်တစ်ပိုင်းက ငျြ ပွဲတွေမှာတော့ ဒီဇိုင်းဆန်းသစ်တီထွင်ချင်တယ်ဆိုရင် ၁၀ဝ ရာခိုင် နှုန်း ဆန်းသစ်တီထွင်ပြီးတော့ မလုပ် ပေးပါဘူး။ ဘာလို့လဲဆိုတော့ ရိုးရာတွေက ပျောက်ပျက်လို့မရဘူး။ ဆန်းသစ်တီထွင်လို့မရဘူး။ အနည်းဆုံး  မူလပုံစံကို  ၈၀ ရာခိုင်နှုန်း မပျက်အောင်ထားပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ တီထွင်ပေးတာ ဖြစ်ပါတယ်။

အခုလိုမျိုး  တိုင်းရင်းသားဝတ်စုံတွေကို ချုပ်လုပ်တဲ့နေရာမှာ ကြုံ တွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။ 
အခက်အခဲဖြစ်တဲ့ဝတ်စုံကတော့ ချုပ်လုပ်တပ်ဆင်ရတာများတဲ့ဝတ်စုံပါ။ ပစ္စည်းတွေကို ပုံစံတူအောင် လုပ်ရပါတယ်။ အစစ်ကိုမှ ဝတ်ဆင်ချင်တယ်ဆိုရင်လည်း အဲဒီဒေသမှာရှိတဲ့ တိုင်း ရင်းသားတွေဆီက  ပစ္စည်းတွေကိုမှာပြီးတော့ သေချာလေး ဆောင်ရွက်ပေးပါတယ်။ ချင်းဝတ်စုံမှာဆိုရင် အောက်ချင်းငှက် ရဲ့ ခြေသည်းတို့ကို သုံးရတာတွေရှိတယ်။ တချို့ပိတ်စတွေ ဆိုရင် သိုးမွေးအစစ်တွေပါ တာတွေရှိတယ်။ အဲဒါကြောင့်ပါ။ နောက်ပြီး ကျွန်မအနေနဲ့ကတိုင်းရင်းသားဝတ်စုံတွေကို တန်ဖိုးထားတယ်။ အဲလို တန်ဖိုးထားပြီး ချုပ်လုပ်တဲ့အတွက် တိုင်းရင်းသားလူမျိုး တွေကလည်း နှစ်သက်ကြတယ်။ ကျောင်းကပွဲတွေမှာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ချပြခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင် ကြတယ်။ တချို့ တိုင်းရင်းသားတွေကလည်း ကျွန်မကို အကြံပေး တာတွေရှိပါတယ်။ သူတို့ရဲ့ အကြံပြုချက်တွေကိုလည်း အမျိုးသား စာကြည့်တိုက်က စာတမ်းတွေနဲ့တိုက်ပြီးစစ်တယ်။ အကုန်လုံးကို စိစစ်ပြီးတော့ သက်ဆိုင်တဲ့လူကြီးတွေကိုမေးမြန်းပြီး ပြင်ဆင်ပါ တယ်။ ပြီးရင် ပြင်သင့်တာကို ပြုပြင်ပြီး တော့ ဆောင်ရွက်ပါတယ်။ 

ဝတ်စုံတွေအတွက် ကုန်ကြမ်းရရှိမှုအခြေအနေလေး ပြောပြပေး ပါဦး။
ကုန်ကြမ်းအနေနဲ့ကတော့ ပြည်ပကနေ  တင်သွင်းတာ မရှိ ပါဘူး။ မြန်မာတစ်ပြည်လုံးမှာထွက်တဲ့ ကုန်ကြမ်းတွေကိုပဲယူပြီး ရောင်းချတာဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ဆင့်ခံရောင်းချမှု မျိုးမဟုတ်ဘဲနဲ့ ကိုယ်တိုင်ချုပ်လုပ်ရောင်းချတဲ့အတွက် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးနိုင်ပါတယ်။ကုန်ကြမ်းရရှိမှုက ပြည်တွင်းကပဲ   မှာယူရတာဖြစ်တဲ့အတွက် အခက်အခဲတော့  မရှိပါဘူး။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ကြောင့် အနည်းငယ် ကြန့်ကြာတာပဲရှိတယ်။ လိုသလောက် မှာ ယူနိုင်တဲ့အတွက် အခက်အခဲတော့မရှိပါဘူး။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အခုနောက်ပိုင်းမှာ တိုင်းရင်းသားရိုးရာ ဝတ်စုံလေးတွေကို အရည်အသွေးမြင့်ထုတ်ကုန်တွေအနေနဲ့ ရောင်းချနေတာ တွေ့ရ တော့ ဝမ်းသာတယ်။ အခုဆိုရင် ဈေးကွက်အနေအထားက သိသိ သာသာကြီးကို  တိုးတက်လာတယ်။ မြန်မာလူမျိုးတွေက တိုင်း ရင်းသား ဝတ်စုံတွေကို တန်ဖိုးထားကြတယ်လေ။ ကျွန်မတို့ ဆိုင် ကတော့ မြောက်ဥက္ကလာပ မြို့နယ်က မြန်မာလက်မှု အနုပညာ စင်တာ၊ နောက်ဗိုလ်ချုပ်ဈေးနဲ့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွေ မှာလည်း ဖွင့်လှစ်ထားပါတယ်။ ပြည်ပကနေ  မှာယူချင်တယ် ဆိုရင်လည်း ပို့ဆောင်ပေးလျက်ရှိပါတယ်။ 

 

တိဗ္ဗ