Main menu

Background

ခေါင်းဆောင်မှုတွင် အရေးကြီးသည့် စဉ်းစားချိန်နှင့် တိုင်ပင်ချိန်(သို့မဟုတ်)အချိန်စီမံခန့်ခွဲမှု

Fri, 11/11/2022 - 11:17 -- journal_editor

ကျလာသောအင်ဂျင်ကို လက်ပူတိုက်ရုံပြုပြင်၍ တစ်ခဏ မောင်းလျှင်ရပြီဟု စဉ်းစားသော ခေါင်းဆောင်နှင့် အင်ဂျင်တစ်ခုလုံး ကောင်းအောင်ပြုပြင်ရန် စဉ်းစားသည့် ခေါင်းဆောင်တို့၏ စဉ်းစားတွေးခေါ်မှု အရည်အသွေး၊ အဆင့် အတန်း ကွာခြားနေမည်ဖြစ်သကဲ့သို့ ထိုသူတို့ တာဝန်ယူဦးဆောင်သော ဌာနအဖွဲ့အစည်း၏ စွမ်းဆောင်ရည်သည်လည်း အခြားဌာနများနှင့် ကွာခြားနေလိမ့်မည်ဟု ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။
အချို့ခေါင်းဆောင်ကမူ ကြိုးစားလုပ်ဆောင်လိုစိတ်ရှိပါလျက် ခေါင်းဆောင်အဆင့်အတွက် အရေးကြီးသည့် စဉ်းစားချိန်နှင့် တိုင်ပင်ချိန်ရရှိရန် အချိန်စီမံခန့်ခွဲမှု လိုအပ်နေခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
မကြာမီက အစိုးရဌာနတွင် တာဝန်ယူကြီးကြပ်ယူထားသူ မိတ်ဆွေထံသို့ သူရုံးဆင်းမည့်အချိန်ကို ခန့်မှန်း၍ ညနေ ၆ နာရီခွဲခန့်တွင် ဖုန်းဆက်ကြည့်ရာ နေ့စဉ်လိုပင် ညပိုင်း ၇ နာရီကျော်မှ ရုံးဆင်းကြောင်း ပြောပြခဲ့သည်။
စာရေးသူက ဘာတွေများ ဒီလောက်အလုပ်များနေရတာလဲဟုမေးရာ ဝင်စာတွေကို ရှင်းနေရလို့ပါ။ ည ၇ နာရီ ကျော်မှ မပြီးသေးရင် ဝင်စာခြင်းများကို အိမ်သို့ယူ၍ ဆက်ပြီး ဖတ်ရတယ်ဟုဆိုသည်။
ရုံးဌာနတို့၏ ထုံးစံအတိုင်း ဝင်စာ၊ ထွက်စာများ၊ ရုံးတွင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ၊ ရုံးပြင်ပ အခြားဌာနဆိုင်ရာ ဖိတ်ကြားသော အစည်းအဝေးများအကြားတွင် အချိန်ကုန်နေကြရသည်။
ထို့ကြောင့် ရုံးဌာနအများစုသည် သာမန်နေ့စဉ်လုပ်ငန်း (Routine Works) များနှင့်လည်းကောင်း၊ ကျပန်းဝင်လာသော (Ad hoc) လုပ်ငန်းများနှင့် လည်းကောင်း၊ အချိန်ကုန်နေကြရလေ့ရှိပြီး  မိမိတို့ဌာနက ရေးဆွဲထားသော မဟာ ဗျူဟာစီမံကိန်းများကို အချိန်ဇယားရေးဆွဲ၍ လစဉ်လုပ်ဆောင်မှု၊ တိုးတက်မှု၊  အကဲမဖြတ်နိုင်ကြတော့သည့် အခြေအနေကို တွေ့ခဲ့ဖူးသည်။
ဝင်စာ၊ ထွက်စာများမှအစ လုပ်ငန်းတိုင်းတွင် အရေးကြီးမှုနှင့် အမြန်လိုအပ်မှု (Important and Urgent)  ရွေးချယ်ခွဲခြား၍ အရေးကြီးတာကို ဦးစားပေး (First Thing First)လုပ်ရသကဲ့သို့  လက်အောက်သို့ လုပ်ကိုင်ခွင့်ပေးထားပြီး ခေါင်းဆောင်အတွက် စဉ်းစားချိန်နှင့် တိုင်ပင်ချိန်ကို ရရှိ အောင် ယူနိုင်ရန်လိုသည်။
အချို့ခေါင်းဆောင်က ဝင်စာမှန်သမျှ ဌာန၏ အမြင့်ဆုံး အကြီးအကဲအဆင့်အထိ တင်ပြခိုင်းလေ့ရှိသူ (လက်အောက် ကို စိတ်မချသဖြင့်) တာဝန်ခွဲဝေမပေးသူမျိုးကို တွေ့ခဲ့ဖူးသည်။ ရုံးစာများ၏ အရေးကြီးမှုနှင့် ဦးစားပေးမှုအဆင့် များကို သိရှိခွဲခြားနိုင်ရန်လိုသည်။
အချိန်သည် တန်ဖိုးရှိကြောင်း ရေးသားခဲ့ဖူးသည်။ ခေါင်းဆောင်အဆင့် တာဝန်ယူရသူများအတွက် တန်ဖိုးရှိသည့် အချိန်အမျိုးမျိုးရှိသည့်အနက် စဉ်းစားချိန်သည် အရေးကြီးဆုံးဖြစ်သည်။
နိုင်ငံတော်အဆင့်က ချမှတ်ပေးထားသော ထိုဌာနအတွက် မူဝါဒလုပ်ငန်းစဉ်များ၊ Vision,Mission တို့ကို ထိရောက်အောင်မြင်အောင် မည်သို့လုပ်ဆောင်သင့်သည်ကို ဦးစားပေး၍ အချိန်ယူစဉ်းစားလျက် မဟာဗျူဟာ၊ နည်းဗျူဟာ များကို စီမံချမှတ်ရန်လိုသည်။ ထိုသို့စီမံနိုင်ရန် အထူးသဖြင့် ခေါင်းဆောင်အဆင့်၏ တာဝန်သည် ထိုရည်မှန်းချက်တာဝန်များကို ဝေဖန်ပိုင်ခြားတွေးခေါ်စဉ်းစာမှု (Critical thinking)၊  ခွဲခြမ်းစိတ်ဖြာ တွေးခေါ်စဉ်းစားမှု (Analytical thinking)၊ ဖန်တီးမှု တွေးခေါ်စဉ်းစားမှု Creative Thinking)  တို့ဖြင့် အချိန်ပေးစဉ်းစားနိုင်မှသာ ပြည့်စုံကောင်းမွန်သောမူဝါဒ၊ အစီအမံများကို ရရှိနိုင်မည်ဖြစ်သည်။
ခေါင်းဆောင်လုပ်သူ၏ မှန်ကန်စွာတွေးခေါ်စဉ်းစားဆင်ခြင်မှု(right thought or right thinking) ရှိမှသာ ဌာနနှင့် နိုင်ငံအတွက် မူဝါဒအစီအမံ၊ အဆုံးအဖြတ်ချမှတ်မှု (policy making, decision Making)  မှန်ကန်ကောင်းမွန်မည် ဖြစ်သည်။
အချို့ခေါင်းဆောင်တို့သည် အလုပ်တာဝန်များစွာကို တာဝန်ယူလုပ်ကိုင်နေရပါက ကဏ္ဍတိုင်းအတွက် အချိန်ပေး၍ စဉ်းစားချိန် မရဖြစ်လာတတ်သည်။ ထိုအခါ အမှားအမှန်ကို စဉ်းစား ဝေဖန်ဆန်းစစ်ပိုင်းခြားချိန် နည်းလာတတ် သည်ကို သတိပြုသင့်သည်။ ထို့ကြောင့် ခေါင်းဆောင်အဆင့်အတွက်  အရေးကြီးသည့် စဉ်းစားချိန်ကိုရအောင်ယူကြရန် လိုအပ်လှပေသည်။ များသောအားဖြင့် ခေါင်းဆောင်အဆင့်တွင် ကဏ္ဍအသီးသီး၏ ပြဿနာများစွာကို မိမိ တစ်ဦးတည်းက အလုံးစုံ သိရှိကျွမ်းကျင်ရန် ခက်ခဲသောကြောင့် ကဏ္ဍတာဝန်ခံ ဌာန ဆိုင်ရာ ကျွမ်းကျင်သူများနှင့်ဖြစ်စေ အချိန်ယူ လေ့လာသုတေ သနပြုနေသည့် အကြံပေး  (Think Tank) နှင့်ဖြစ်စေ၊ တိုင်ပင် ချိန်ယူရန်လိုသည်။ စာရေးသူ တွေ့ဖူးသော ခေါင်းဆောင်တစ်ဦးသည် မူဝါဒတစ်ခု၊ ဆုံးဖြတ်ချက် တစ်ခုမချမီ အချိန်များစွာယူ၍ လေ့လာသည်။ ဆိုင်ရာကဏ္ဍ ဌာနတာဝန်ခံများနှင့် ရက်သတ္တတစ်ပတ်လျှင် အချိန်နေ့တစ်ဝက်ယူ၍ သတင်းစုံစွာ ရယူသည်။ အကြံပေးအဖွဲ့များကိုလည်း အချိန်ယူတွေ့ဆုံလေ့ရှိသည်။ ထိုအခြေအနေတို့ကြောင့် ခေါင်းဆောင်အဆင့်အတွက် အရေးကြီးသည့် စဉ်းစားချိန်နှင့် တိုင်ပင်ချိန်ကိုရအောင် အချိန်ကို ပိုင်နိုင်စွာစီမံခန့်ခွဲလျက် မှန်ကန်စွာတွေးခေါ် စဉ်းစား ဆင်ခြင်မှုဖြင့် ထိရောက်သည့် အစီအမံများ ချမှတ်ဆောင်ရွက်သင့်ကြသည်ဟု မြင်သည်။
သုတနိုင်