Main menu

Background

"သင်္ကြန်ကာလအပြီး အိမ်ခြံမြေ အရောင်းအဝယ်အခြေအနေက မြေကွက်အကြီးပိုင်းတွေထက် အငှားပိုင်းတွေ ပိုမိုဖြစ်ထွန်းနေပါတယ်"

Mon, 05/18/2026 - 11:45 -- journal_editor

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ဥက္ကဋ္ဌ ဦးနန္ဒကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဥပဒေဆိုင်ရာသိကောင်းစရာများနှင့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ အသိပညာပေး အခမဲ့သင်တန်းများကို မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ သို့ဖြစ်ရာ ယင်းသင်တန်းများဖွင့်လှစ်ရခြင်းနှင့် သင်္ကြန်ကာလအပြီး အိမ်ခြံမြေဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MRPDA)  ဥက္ကဋ္ဌ ဦးနန္ဒကျော်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး  (AML/CFT)ဥပဒေဆိုင်ရာ သိကောင်းစရာ သင်တန်းပို့ချပေးနေရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါဦး။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့  ငွေကြေးခဝါချမှုနဲ့  အကြမ်းဖက်မှုကို တိုက်ဖျက်ရေးဆိုင်ရာနဲ့ အိမ်ခြံမြေ အသိပညာပေးသင်တန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ စဉ်ဆက်မပြတ်ဖွင့်လှစ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့လကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ မန္တလေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးရင် ဧရာဝတီတိုင်းဒေသကြီးမှာ  ဆက်လက်ဖွင့်လှစ်ဖို့   ကြိုးပမ်းသွားပါမယ်။  ဒီလိုမျိုး သင်တန်းတွေဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ ဒီလိုမျိုးသင်တန်းတွေပေးတယ်။   သိသင့်သိထိုက်တဲ့   အချက်တွေဖြစ်တဲ့ Customer အပေါ်ကို စောင့်ကြည့်တဲ့အဆင့်တွေ သတ်မှတ်နိုင်ဖို့၊ သတင်းပို့နိုင်ဖို့တွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်ဖို့ သင် တန်းတွေပေးနေပါတယ်။ 

အခုလို သင်တန်းတွေ ဖွင့်လှစ်ပေးရခြင်း  ရည်ရွယ်ချက်လေး သိပါ ရစေ။
သင်တန်းပေးတာက လက်ရှိမှာဆိုရင် လူဦးရေတစ်သောင်းကျော်သွားပါပြီ။ သင်တန်းတစ်ခါပို့ချရင်  လူဦးရေနှစ်ထောင်နီးပါး တက်ရောက်ပါတယ်။   အသင်းသားအသစ်တွေလည်း တက်ရောက်ပါတယ်။ အကျိုးဆောင်လုပ်ငန်းတွေမှာ အသင်းသားသစ်တွေ ပိုမိုများလာတယ်။  သူတို့တွေကလည်း သင်တန်းတက်မှ အကျိုးဆောင်လိုင်စင်ရမှာဆိုတော့  သင်တန်းတက်ရောက်သူဦးရေများပြားလာတယ်။ ဒါကြောင့် လာတက်ကြတာဖြစ်ပြီးတော့ အခုဆိုရင် အကျိုးဆောင်တွေက တကယ်ကို သူတို့ကျွမ်းကျင်တဲ့ အဆင့်ရောက်အောင် တက်ချင်လာကြတယ်။သင်တန်းတွေကို ကျွန်တော်တို့က ၁/၂၀၂၂ ကနေ ညွှန်ကြားချက်က အိမ်ခြံမြေ အကျိုးဆောင်များနဲ့  အဖိုးတန်သတ္တုရွှေရောင်းဝယ်သူများနဲ့ ကြီးကြပ်ရေး အာဏာပိုင်က အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတာ အကျိုးဆောင် လုပ်သူတိုင်းက ငွေကြေးခဝါချမှုသင်တန်း တက်ရောက်ရမယ်။ ပြီးမှ လိုင်စင်လျှောက်ရမယ်။ သတင်းတွေ ပေးပို့ရမယ်စသည်ဖြင့် ညွှန်ကြားထားတာတွေရှိပါတယ်။ အဲဒီအတွက် အမြဲသင်တန်းပေး နေတာဖြစ်ပါတယ်။ ဒါမှ အကျိုးဆောင်တွေရဲ့  ဘဝရပ်တည်မှု အတွက် အလုပ်တစ်ခုရမှာကို အမှားအယွင်းနည်းစွာနဲ့ ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး သင်တန်းတွေ ပို့ချခြင်းက  နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာလည်း ရှင်းပြပေးပါဦး။
အခုချိန်မှာက အိမ်ခြံမြေလုပ်ငန်းတစ်ခုကတော့ အခြား လုပ်ငန်းတွေထက်စာရင် အားလုံးလက်လှမ်းမီတဲ့ အလုပ်လေးလို့လည်း ပြောလို့ရပါတယ်။ အရင်းအနှီးလည်းမလို သင်တန်းတက်ပြီးတော့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်ခွင့်ရတော့ အများပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာတာပေါ့။ ပြည်သူတွေအတွက် ထမင်းအိုးလေးတည်လို့ရတာပေါ့။ ကျွန်တော်တို့ အသင်းဆိုရင် မစည်းရုံးဘဲနဲ့ကို ရန်ကုန်တိုင်းမှာဆိုရင် အသင်းဝင်ပေါင်းခြောက်ထောင်လောက်ဖြစ်လာပြီ။ ဒါဆိုရင် ကျွန်တော်တို့လုပ်ဆောင်မှုတွေက အများပြည်သူကို အကျိုးပြုနေတာပေါ့။  လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာလည်း  အမှားအယွင်းကင်းကင်းနဲ့ လုပ်ကိုင်နိုင်မယ်။ အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ ဂုဏ်သိက္ခာရှိရှိ  ရပ်တည်နိုင်မယ်။ အဲ့ဒီအပြင်ကို နိုင်ငံတော်က ချမှတ်ထားတဲ့ အခွန်အခတွေ ပေးနိုင်မယ်။ နိုင်ငံ တော်ကချမှတ်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သိရှိ လာပြီး၊ အခြားအသင်းတွေထက်စာရင် အင်အားများတဲ့အတွက် ကျွန်တော်တို့ လုပ်ဆောင်မှုတွေက ကမ္ဘာကို သိရှိနိုင်ပြီး ထင်သာ မြင်သာရှိအောင် လုပ်ကိုင်နိုင်နေပါပြီ။

လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေလေးလည်း သိပါရစေ။
သင်္ကြန်ကာလအပြီး အိမ်ခြံမြေအရောင်းအဝယ် အခြေအနေက မြေကွက်အကြီးပိုင်းတွေထက် အငှားပိုင်းတွေ ပိုမိုဖြစ်ထွန်းနေပါတယ်။ သောင်းကြီးဂဏန်း၊  သိန်းကြီးဂဏန်းပိုင်းတွေ ငြိမ်နေတယ်။ ထောင်ဂဏန်းလေးတွေတော့ ကွက်တိကွက်ကျားဖြစ် နေတယ်။ သင်္ကြန်ကာလအပြီးမှာတော့ အကွက်ကြီးပိုင်းတွေက မေးတော့မေးတယ်။ အရောင်းအဝယ်တော့ သိပ်မဖြစ်ထွန်းသေး ဘူး။ ယခင်နှစ်ကလို နေပြည်တော်၊ ရန်ကုန်ဈေးကွက်မှာ မြေကွက် အကြီးပိုင်းတွေ အရောင်းအဝယ်ဖြစ်တာ မရှိတော့ဘူး။ မန္တလေးက မြို့သစ်ဘက်မှာတော့ နည်းနည်းလေး အရောင်းအဝယ်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ မြေကွက်အကြီးပိုင်းတွေ မဖြစ်ဘူး။ ပဲခူးတိုင်းဒေသကြီးဘက်မှာတော့ ဈေးက အသင့်တင့် ဖြစ်နေပါတယ်။ အခုကတော့ အငှားဈေးကွက်က ပိုများတယ်။ သင်္ကြန်ကာလပြီးသွားပြီဆိုတော့ အိမ်ခြံမြေဈေးကွက် အခြေအနေက ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့ အသင်းဝင်ပေါင်း ၁၇၀ဝ၀ လောက်ရှိပါပြီ။ သင်တန်းတက် ရောက်ပြီးတဲ့သူတွေက တစ်သောင်းခွဲလောက်ရှိသွားပါပြီ။ အသင်းခွဲတွေအနေနဲ့လည်း   ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။   ကျန်တဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုမှာ ရုံးခွဲတွေရှိပါတယ်။ ရှမ်းပြည်နယ်ဆိုရင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဆိုပြီးတော့ ရုံးခွဲသုံးခုရှိတယ်။ ပြည်နယ်ဆိုရင် ကယား ၊ မွန်နဲ့  ကချင်ပြည်နယ်တွေမှာလည်း ရှိပါတယ်။လက်ရှိမှာလည်း အများပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ   ရရှိရေးအတွက်လည်း  ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားလိုပါတယ်။

တိဗ္ဗ