Background
ဈေးကွက်တွေထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ တင်ပို့မှုလည်း လျော့နည်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅ တန်ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း မှာ ၇၆ တန်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှားနဲ့ တောင်ကိုရီးယား တို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး အတွင်း ပဲလွန်းဖြူ တန်ချိန် ၁၂၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၆၆၀ခန့်သာတင်ပို့နိုင်တာတွေ့ ရ ပါတယ်။ ၂၀၁၀ အောက်တိုဘာလ အတွင်းမှာတော့ ပဲလွန်းဖြူတန် ၈၅၀ ခန့် တင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အတွင်း တန် ၁၉၀ ခန့်ရှိပြီး FOB ဈေးများအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၁၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလပထမပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေဖြစ်ကြတဲ့ ပဲတီစိမ်းကြီး၊ မတ်ပဲနဲ့ V2 တို့ ပစ္စည်းလက်ကျန်မရှိ ဈေးကွက် ပျောက်ချိန်မှာ ဒေသခံကုန်သည်တွေရဲ့ စိတ်ဝင်စားမှုက ပဲစင်းငုံနီ ထံ ရောက်ခဲ့ကာ ရန်ကုန်အဝယ်အော်ဒါရှိသူရော၊ ဒေသကုန်သည်ပါ အဝယ်အရောင်းရှိခဲ့လို့ ဈေးကွက်သက်ဝင် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တင်းအနိမ့်ဆုံး ၁၂၉၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၇၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်က ကြိုက်ဈေးရရင် ဝယ်ယူ အားကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း စီးဆင်းမှုအနေနဲ့ ကုန်းလမ်းကနေ မန္တလေးကို တင်း ၁၅၀၀ ခန့်နဲ့ ရေလမ်းကနေ တင်း ၅၀၀၀ ခန့် ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယဈေးကွက်အချို့မှာ ပဲခွဲစက်များမှ အမြင့်ဈေးနဲ့ အဝယ်မရှိလို့ ဈေးလျော့ ကျမှုတွေရှိပေမဲ့ ဈေးကွက်အများစုမှာတော့ ဈေးမြင့်နေဆဲဖြစ်ပါတယ်။ ပဲစင်းငုံ အသစ်ဝင်ရောက်မှုမှာ အိတ် ၄၀၀-၅၀၀ ခန့်သာ ရှိသေးတဲ့အတွက် ဈေးနှုန်း ခိုင်မာနေခြင်းဖြစ်ပါတယ်။ ကုန်ကြမ်းဈေးမြင့်နေပေမဲ့ ပြုပြင်ပြီး ပဲစင်းငုံ ဝယ်လိုအား နည်းတာကြောင့် ပဲခွဲစက်များနဲ့ လှောင်လက်များအနေနဲ့ အကျိုးအမြတ်ရရှိမှု နည်းတယ်လို့ သိရပါတယ်။ ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာရင်တော့ ပဲစင်းငုံဈေး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၉-၁၁-၁၁ ၈-၁၁-၁၁ ၅-၁၁-၁၁ ၄-၁၁-၁၁မွန်ဘိုင်း ၆၆၅ ၆၇၄-၆၇၉ ၆၆၃ ၆၄၈-၆၅၃ဒေလီ ၇၃၀-၇၃၅ ၇၅၁-၇၅၆ ၆၉၂-၆၉၄ ၆၈၉-၆၉၀ချန်နိုင်း ၆၄၀ ၆၄၉ ၆၄၃ ၆၃၈MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း အရောင်းအဝယ် အဖြစ်ဆုံးက ပဲစင်းငုံဖြစ်ပါတယ်။ အခြား ပဲများ အရောင်းအဝယ်နည်းပေမဲ့ယခုတစ်ပတ် (နိုဝင်ဘာလ ၄ မှ ၁၁ ရက်) အတွင်းမှာ ပဲစင်းငုံတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန်နည်းပြီး အသစ် ဝင်ရောက်မှုနည်းသေးတဲ့အတွက် လတ်တလောလိုအပ်ချက်အတွက် ဝယ်ယူနေ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်လတွေမှာ အိန္ဒိယပဲစင်းငုံ အသစ်များ လှိုင်လှိုင်ဝင်ရင်တော့ အဝယ်အေးသွား ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အရောင်း အဝယ် အသင့်အတင့်ရှိလို့ ပဲစင်းငုံ FOB ဈေးအနည်းငယ် တိုးလာ ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၁-၁၁-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀၄-၁၁-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀MIRT(MAPT)
ယခုသီတင်းပတ်အတွင်း အခြားပဲများ တင်ပို့မှုလျော့ကျနေပေမဲ့ ပဲစင်းငုံကတော့ စံချိန်တင်ပမာဏနဲ့ တင်ပို့နိုင်ခဲ့ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်းများ တင်ပို့မှု အားကောင်းချိန်မှာ ပဲစင်းငုံတင်ပို့မှုနည်းပြီး ယခုအခြားပဲတင်ပို့မှု ကျဆင်းချိန်မှာ ပဲစင်းငုံကယခုတစ်ပတ်(အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်) အတွင်း မှာတော့ တန်ချိန် တစ်သောင်းခန့်အထိ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုကို လေ့လာကြည့်ရင် ပဲစင်းငုံတန်ချိန် ၁၅၅၀၀ ခန့်ရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၃၃၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာတော့ တန်ချိန် ၈၀၀၀ နီးပါးသာ တင်ပို့မှုရှိလို့ ယခုနှစ်အောက်တိုဘာမှ ၁ ဆခန့် ပိုတင်ပို့လာနိုင်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၄ ရက်နေ့အထိ စုစုပေါင်းပဲစင်းငုံတင်ပို့မှု တန်ချိန် ၁၄၃၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၉၀ သန်းကျော်ကာ ယခင် ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၆၅၀၀၀ ကျော်ထက် တစ်ဆပို တင် လာနိုင်ခဲ့ပါတယ်။ လတ်တလောပဲစင်းငုံအဝယ်ရှိနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT- MAPT
ဟင်္သာတခရိုင်တွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံ့ခင်း၊ အင်္ဂပူမြို့နယ်များပါဝင်ပြီး၊ ပဲသီးနှံအုပ်စုတွင် အဓိက စိုက်ပျိုးရောင်းဝယ်မှု ပြုလုပ် ကြတဲ့ မတ်ပဲကို နှစ်စဉ် နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြကာ ဖေဖော်ဝါရီ လမှာ စတင်ထွက်ရှိ ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ဟင်္သာတခရိုင် အတွင်း မတ်ပဲ ဧက ၄ ဒသမ ၀၆ သိန်း စိုက်ပျိုးခဲ့ပြီး၊ တင်းသိန်းပေါင်း ၄၅ သိန်းကျော်ထွက်ခဲ့ ပါတယ်။ ၂၀၁၁-၁၂ ခုနှစ်တွင် မတ်ပဲ ၄၀ ဒသမ ၇၁ ဧက စိုက်ပျိုးရန်လျာထား ဖြည့်စွက်လျက်ရှိရာ နိုဝင်ဘာလမှာ မတ်ပဲဧက သုည ဒသမ ၂၇၃ သိန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုရက်ပိုင်းအတွင်း လှောင်လက်များမှ ဝယ်လိုအားနည်းတာကြောင့် မတ်ပဲဈေးပြန်လျော့ကျခဲ့ပါတယ်။ မြန်မာမတ်ပဲကို လည်း အဝယ်မရှိဘူးလို့ သိရပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ မဒ္ဒရာပရာဒေ့ရှ်မှ ပဲအသစ်များဆက်တိုက်ဝင်ရောက်နေတဲ့အတွက်လည်း ဈေးကွက်မှာ ရောင်းအား များ နေပါတယ်။ မတ်ပဲအသစ်ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ပြီး ဈေးကွက် တွေမှာ သိုလှောင်ပဲတွေ များနေတဲ့ အတွက် နောက် ၄ ရက်ခန့်အတွင်းမှာလည်း ဈေးအနည်းငယ်ထပ်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၉-၁၁-၁၁ ၈-၁၁-၁၁ ၅-၁၁-၁၁ ၄-၁၁-၁၁မွန်ဘိုင်း ၇၂၅ ၇၅၁ ၇၅၅ ၇၅၅ဒေလီ ၄၆၃-၆၀၄ ၄၉၀-၆၃၃ ၅၁၀-၆၅၃ ၅၁၁-၆၅၃ချန်နိုင်း ၇၇၆-၇၈၁ ၇၉၂-၇၉၇ ၇၉၁ ၇၉၁MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ လတ်တလော သီတင်းပတ်များမှာ မတ်ပဲအရောင်းအဝယ်အေးစက်နေပါတယ်။ အဓိက ဝယ်လက်ဖြစ်တဲ့ အိန္ဒိယက အဝယ်ပါးတာကြောင့် ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန် ၅၀၀၀ နီးပါးသာ အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အဝယ်အေးတဲ့အပြင် ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်းခြင်းကြောင့် လည်း ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၁-၁၁-၁၁ ၇၃၀-၇၅၀ ၈၀၀-၈၂၀၄-၁၁-၁၁ ၇၄၀-၇၆၀ ၈၀၀-၈၂၀MIRT(MAPT)
မတ်ပဲရဲ့ အဓိကပြည်ပဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ မတ်ပဲအသစ်ဈေးကွက်ထဲ ဝင်ရောက်မှု အများဆုံး ကာလဖြစ်လို့ ယခုတစ်ပတ် မတ်ပဲတင်ပို့မှု သိသိသာသာ ကျဆင်းလာတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၇၀၀ ကျော်တင်ပို့ ခဲ့ရာမှ ယခုတစ်ပတ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့အထိမှာ စုစုပေါင်းတန် ၃၈၀၀ ခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ စုစုပေါင်း တန်ချိန် ၄ သောင်းကျော်ရှိပြီး စက်တင်ဘာလ အတွင်းမှာ တန်ချိန် ၈၇၀၀၀ ကျော်တင်ပို့နိုင်လို့ အောက်တိုဘာလမှာ တင်ပို့မှု ထက်ဝက်လျော့ကျခဲ့တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ၄ ရက်အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၅၀၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၇ သန်းကျော်ရှိတယ်လို့ သက်ဆိုင်ရာဌာန စာရင်းများအရ သိရပါတယ်။ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၀၆၀၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၁၅ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ ပမာဏအားဖြင့် တန်ချိန် တစ်သိန်းခွဲ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ လတ်တလော ဈေးကွက် အရောင်းအဝယ် အခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုလျော့ကျပြီး ဒီဇင်ဘာ လလောက်မှ အရောင်းအဝယ် ပြန်လည်အားကောင်းလာဖွယ်ရှိတယ်လို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ဖိလစ်ပိုင်နိုင်ငံမှ တိရစ္ဆာန်စာထုတ်လုပ်သူတွေက လာမယ့်နှစ် ဇန်နဝါရီလမှ မတ်လအတွင်းမှာ ပြောင်းအဝါတန်ချိန် ၁၀၀၀၀၀ ကို တင်သွင်းနိုင်ဖို့အတွက် အစိုးရ ရဲ့ သဘောတူညီမှုကိုစောင့်ဆိုင်းနေကြောင်း သတင်းရရှိပါတယ်။ တိုက်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ပြည်တွင်းသီးနှံတွေ ပျက်စီးခဲ့တာကြောင့် တိရစ္ဆာန် စာလုပ်ငန်းအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးဖို့ဖြစ်ကြောင်း သိရှိရပါတယ်။ စက်တင်ဘာလနှောင်းပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ပြင်း ထန်တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် ပြောင်းသီးနှံပျက်စီးခဲ့ရပြီး ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ တိရစ္ဆာန်စာ ထုတ်လုပ်သူများအသင်း PAFMI ကပြောကြားလိုက်တယ်။ ဂျုံတင်သွင်းဖို့စီစဉ်လျက်ရှိပေမဲ့လည်း တိရစ္ဆာန်စာအတွက် ပြောင်းတင်သွင်းမှု ကို အစားထိုးနိုင်မှာမဟုတ်ကြောင်း အသင်းဥက္ကဌ Norman Santos က ပြောကြားလိုက်တယ်၊ လာမယ့်နှစ်မှာ ပြည်တွင်းပြောင်းရောင်းလိုအားက နောက်ထပ် တင်းကျပ်နိုင်ကြောင်း၊ ပြောင်းစိုက်ပျိုးသူတွေက တိုင်ဖုန်းမုန်တိုင်းပြီးနောက် ပြောင်း စိုက်ပျိုးမှုကို နှောင့်နှေးနိုင်တာကြောင့်ဖြစ်တယ်။ ပြောင်းတင်သွင်းဖို့ စီမံချက်က၂၀၁၂ခုနှစ် ပထမလေးလပတ်အတွက် စုစုပေါင်း လိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း Norman Santos က ပြောကြားလိုက်ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီးနောက် စံသတ်မှတ်ထားတဲ့ ပြည်တွင်း ပြောင်းဈေးနှုန်းက ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တယ်။ ဖိလစ်ပိုင်က ယခုနှစ်မှာ ပြောင်းမတင်သွင်းခဲ့ပေမဲ့လည်း ဂျုံတန်ချိန် ၁ သန်းနီးပါးကို သြစတြေးလျမှ အဓိက တင်သွင်းခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်းနှစ်ခု ကြုံတွေ့ခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးဌာနရဲ့ ပြောင်းသီးနှံပျက်စီးမှု ကနဦးခန့်မှန်းချက်မှာ တန်ချိန် ၃၄၈၃၉ ဒါမှမဟုတ် ပြောင်းထွက်ရှိမှု ရည်မှန်းချက် တန်ချိန် ၁ ဒသမ ၅၅ သန်း အနက် ၂ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source: www.brecorder.com
