Background
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၉၆၃ တန်ဖိုးရှိ နနွင်းတက် ၆၁ တန်ကျော် အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ယခုတစ်ပတ် ပြည်ကြက်သွန်နီဈေးကွက်တွင် ကြက်သွန်နီဈေးများ ယခင် အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ် ဖြစ်ပြီး အရောင်းပါးလျက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ၃၅ ပိဿာဝင် အိတ် ၇၀၀ ခန့်သာ အဝင်ရှိ၍ ယခင်အပတ်ကထက် အဝင်နည်းနေပါတယ်။ ကြက်သွန်နီစိုက်ပျိုး ထွက်ရှိရာ ရေနံချောင်း၊ ပခုက္ကူဘက်မှ တောင်သူတွေမှလည်း ရန်ကုန်ဝယ်လက်များမှ တိုက်ရိုက်ဆင်း၍ ဝယ်ယူမှုများရှိနေတဲ့အတွက် ဈေးတင် ရောင်းချမှုများရှိပြီး၊ နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးမှာယူ ရောင်းချနေရ ကြောင်းသိရပါတယ်။ ယခုတစ်ပတ် ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာကို (သေး) ယခင် ၆၀၀ ကျပ်မှ ယခု ၈၀၀ ကျပ်၊ (လတ်) ယခင် ၇၅၀ ကျပ်မှ ၉၀၀ ကျပ်၊ (ကြီး) ယခင် ၈၅၀ ကျပ်မှ ၁၀၀၀ ကျပ်၊ (ရှယ်) ယခင် ၁၀၀၀ ကျပ်မှ ၁၁၀၀- ၁၂၀၀ ကျပ်တို့ရှိပြီး၊ ဒေသတွင်းလက်လီလက်ကားရောင်းဝယ်သူများနဲ့ တောင်ကုတ်၊ သံတွဲ၊ ဟင်္သာတ၊ အင်ပင်စတဲ့ လက်ကားဝယ်လက်များအပါအဝင် အိတ် ၄၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ
လက်ကျန်နည်းလာပြီဖြစ်လို့ ကြက်သွန်ဖြူဈေးထပ်တက်လာပါတယ်။ စိုက်ချိန် ရောက်လာပြီဖြစ်တာကြောင့် တောင်သူတွေက ပြန်စိုက်နေပြီး၊ စိုက်လို့ပိုတော့မှသာ ရောင်းတော့မှာဖြစ်ပါတယ်။လောလောဆယ်မှာ အဝင်လည်း ရပ်နေပါပြီ။ ကြက်သွန် ဖြူဈေးက သီတင်းကျွတ်အပြီးဈေးမာလာပါတယ်။ အခုတစ်ပတ် မှလည်း တစ် ပိဿာ ၁၀၀ ကျပ်ဈေးတက်နေပါတယ်။ ဒီနှစ်က အခုအချိန်ထိ မိုးကောင်းနေတာ ကြောင့် သီတင်းကျွတ် မတိုင်မီ စိုက်တဲ့ပျိုးပင် တွေအတော်များများ ပျက်စီးကုန်ပါတယ်။ ပုံမှန်ဆိုရင် ကြက်သွန်ဖြူက စိုက်ပြီးလို့ ၃ ရက်အကြာမှာ အပင်ပေါက်လေ့ရှိပေမယ့် ဒီနှစ်က မိုးများတာကြောင့် မြေထဲမှာ ပုပ်သွားတယ်လို့ သိရပါတယ်။ နောက်ကျစိုက်မယ့်သူ တွေကလည်း မိုးကိုစောင့်ပြီးမှ စိုက်နိုင်မယ်ထင်တယ်လို့လည်း ပြောကြပါတယ်။ ကြက်သွန်ဖြူဈေးနှုန်းကတော့ တောင်ကြီးဈေးကွက်မှာ (လတ်ခြား) တစ်ပိဿာ ၉၀၀ ကျပ်၊ (ထူး-၁) ၁၀၀၀ကျပ်၊ (ထူး-၂)၁၂၀၀ကျပ်၊ (ထူး-၃) ၁၃၀၀ ကျပ်၊ (ထူး-၄) ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းမှာ တော့ (လတ်ခြား) ၈၅၀ ကျပ်၊ (ရှယ်) ၉၅၀ ကျပ်၊ (ထူး-၁) ၁၁၅၀ ကျပ်၊ (ထူး-၂) ၁၃၅၀ ကျပ်၊ (ထူး-၃) ၁၄၅၀ ကျပ်၊ (ထူး-၄) ၁၅၅၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ကျောက်ပန်းတောင်းမန်ကျည်းလှောင်လက်များတွင် လက်ကျန်နည်းပါးသွား ပြီး အရောင်းအဝယ် ပုံမှန်သာရှိကြောင်းသိရပါတယ်။ တစ်ပတ်ကို ပိဿာ ၂၀၀၀ ခန့်အထွက်ရှိပြီး၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ အဓိက ထားတင်ပို့နေပါတယ်။ ပခုက္ကူ မန်ကျည်းအလုံး အဝင်ရှိနေသော်လည်း အသားဖတ်လုပ်လို့မရဘဲ ဒါးစင်း သာ ပြုလုပ် ရောင်းချနေရတဲ့အတွက် အမှာရှိမှသာ တင်ပို့မှုရှိကြောင်းသိရပါတယ်။ ဒါးစင်းမန်ကျည်းကို ငါးဖမ်းပိုက်များဆေးရာမှာ အသုံးပြုကြောင်းလည်းသိရပါတယ်။ မန်ကျည်းဈေးနှုန်းထိပ်စတစ်ပိဿာ ၃၅၀၀ ကျပ်၊ အလတ်စ ၃၁၀၀-၃၂၀၀ ကျပ်၊ အောက်စ ၂၈၀၀ ကျပ်နဲ့ ဒါးစင်း ၂၆၀၀-၂၇၀၀ ကျပ်အသီးသီး ရောင်းဝယ်လျက် ရှိကြောင်းသိရပါတယ်။ ထားအိဝင်း
ပုံမှန်အားဖြင့် အိန္ဒိယငရုတ်ကောင်း အမျိုးအစားတွေဟာ အခြားနိုင်ငံတွေရဲ့ ငရုတ်ကောင်းဈေးထက် အမြင့် ဈေးနဲ့ ရောင်းဝယ်မှုရှိပေမယ့် ယခုအခါ ရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ လတ်တလော နိုင်ငံတကာ ဈေးကွက်မှ အိန္ဒိယ ငရုတ်ကောင်းဈေးဟာ ဥရောပအတွက် C & F ဈေး တစ်တန်ကန်ဒေါ်လာ ၈၀၅၀-၈၁၀၀၊ အမေ ရိကန်အတွက် C & F ဈေးကန်ဒေါ်လာ ၈၃၀၀ နဲ့ အမှာ အော်ဒါများစွာ ရရှိနေတယ်လို့ SMC global မှ ပြောကြားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ငရုတ်ကောင်း တင်သွင်းခြင်းနဲ့ ပြန်လည်တင်ပို့မှုတွေပိတ်ပင်တဲ့ စည်းကမ်းများ ထုတ်ပြန်ထား တဲ့ အတွက် ကုန်သည်များဟာ တန်ဖိုးမြင့် ငရုတ်ကောင်းများ ကိုသာ တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယက ငရုတ် ကောင်းများ တင်သွင်းခွင့်မရဘဲ ပြုပြင်ထုတ်လုပ်ပြီး ပြန်လည် တင်ပို့နိုင်မှု မရှိခဲ့ဘူးလို့ ကီရာလာ အခြေစိုက်ဟင်းခတ်အမွှေး အကြိုင်အဖွဲ့မှ Gulshan John က ပြောကြားပါတယ်။ ပြည်တွင်းရောင်းချမှု ကျပ်တည်းတဲ့ အခြေအနေအရ ဗီယက်နမ်က အိန္ဒိယလိုဈေးအနိမ့်နဲ့ တင်ပို့နိုင်မှုမရှိခဲ့တာ ပါလို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဗီယက်နမ် ပြည်တွင်း ငရုတ်ကောင်းတင်ပို့သူများဟာ ပြည်တွင်း ရောင်း ချမှု နည်းလို့ ဈေးပိုပေး ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။ ယခင် သီတင်းပတ်က အိန္ဒိယ ငရုတ်ကောင်းဈေး တစ်တန် ကန် ဒေါ်လာ ၆၇၂၁ ရှိနေတဲ့အတိုင် ဗီယက်နမ်ငရုတ် ကောင်းမှာ ကန်ဒေါ်လာ ၇၂၂၀ ဈေးရှိနေခဲ့ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ လက်ကျန်များအားလုံး ရောင်းချပြီး သားဖြစ်နေခြင်းကလည်း ဈေးသက်သက် သာသာနဲ့ ရောင်းချခြင်းမှ အကာအကွယ်ဖြစ်စေပါတယ်။ ဒါ့အပြင် အိန္ဒိယကြိုပွိုင့်ဈေးကွက်မှာ ငရုတ်ကောင်း ဈေးမြင့် တက် နေချိန်မှာ ကုန်သည်များဟာ လက်ငင်းဈေးကွက်က ဈေး သက်သက်သာသာနဲ့ ဝယ်ယူကြတာကြောင့်လည်း ခုလိုနိုင်ငံ တကာ ဈေးကွက်မှာ ဈေးလျော့နေခြင်း ဖြစ်တယ်လို့ ထပ် လောင်း ပြောကြားပါတယ်။ ယမင်းခင် Source: commodilyonline
ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာက ချင်းသစ်တွေ အောင်ပန်းဈေးကွက်ကို ဝင်လာနေပါတယ်။ သီတင်းကျွတ်ပြီးရင် ပုံမှန်လောက်သာဝင်မယ်လို့ထင်ပေမဲ့ နန်းတိုင်းက ချင်းတွေ ဖော်လာတာကြောင့် ဈေးကွက်ကို တစ်ရက်ပိဿာချိန် ၅ ထောင်ခန့်ဝင်လာတယ်လို့သိရပါတယ်။ တောင်သူတွေကလည်း ကြိုက်ဈေးလေး ရနေတာကြောင့် ဖော်ပြီးရောင်းလာကြပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူ နေတာရယ်၊ ချင်း (ဥမ) တွေက လည်း ကုန်သလောက်ဖြစ်သွားတာရယ် ကြောင့် ချင်းသစ်က အရောင်းသွက်နေတယ်လို့သိရ ပါတယ်။ ဒီတစ်ပတ် ချင်း (စို)ဈေးက တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းနီဈေးက ဒီလိုသာဆက်ပြီး ဈေးကောင်း နေရင် ဒီနှစ်ကချင်းခြောက် ရှားသွားနိုင်ပါတယ်။ ချင်းစိုတစ်ပိဿာ ၁၅၀-၂၀၀ ကျပ် ဈေးလောက်ရှိမှ ချင်းခြောက်လုပ်ဖို့ ဝယ်ကြမှာဖြစ်လို့ ဒီဈေးနဲ့ဆိုရင် ချင်းစိုအတိုင်း သာ ရောင်းကြမယ်လို့လည်းပြောကြပါတယ်။ လက်ကျန်ချင်းခြောက် တွေကတော့ ပိဿာချိန် ၂ သိန်း၊ ၃ သိန်းခန့် ကျန်နေပါသေးတယ်။ ဈေးကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်ဈေး ရှိတယ်လို့သိရှိရပါတယ်။ ဧဧခိုင်
ဒီရက်ပိုင်းအတွင်းမှာ မုန်တိုင်းကြောင့် အထက်အညာဒေသတွေမှာ အချိန်လွန်မိုး ရွာသွန်းမှုများခဲ့ပြီး ချောင်းရေတွေလျှံ၊ ရေကြီးနစ်မြုပ်မှုတွေ ဖြစ် ခဲ့တာကို အကြောင်းပြုလို့ ကြက်သွန်နီ ဈေးနှုန်းတွေကို မြှင့်တင်ခဲ့ကြပါတယ်၊ သူတို့ပြောတာကတော့ တောနယ်တွေ မှာရှိနေတဲ့ ကြက်သွန်နီတွေ ရေကြီးပြီး လမ်းမကောင်းလို့ မြို့ပေါ်ကိုသယ်လို့ မရတာရယ်၊ ကြက်သွန်နီ လက်ကျန် နည်းနေပြီဆိုတာရယ်၊ ဒါတွေကိုပဲ အကြောင်းပြနေကြတာ တွေ့ရပါတယ်။ တကယ့်ကြက်သွန်နီလှောင်တဲ့ ဂိုဒေါင်ကြီးတွေ ရှိနေတာက မြင်းခြံ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့ မြို့ကြီးတွေဖြစ်ပြီး အဲဒီက ကုန်သည် ကြီးတွေနဲ့ လှောင်လက်တွေလက်ထဲမှာ အများစု ကျန်နေတာ ဖြစ်ပါတယ်။ ကျေးလက်တောရွာက တောင်သူကြီး အချို့ လက်ထဲမှာ ကျန်နေတာလည်း အချို့အဝက်တော့ ရှိတာမှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံလိုပဲ ကြက်သွန်နီ အမြောက်အမြားထုတ်လုပ်တဲ့ အိမ်နီး ချင်း အိန္ဒိယနိုင်ငံရဲ့ ကြက်သွန်နီအခြေ အနေကို စုံစမ်းကြည့်တဲ့အခါ တစ်တန် ၆၁၂ ပိဿာကို ဒေါ်လာ ၃၅၀/၄၀၀ ဖြစ်ကြောင်း သိရပါတယ်၊ မြန်မာနိုင်ငံ ကို တင်သွင်းမယ်ဆိုရင် သယ်ယူခနဲ့ အခြား အထွေထွေစရိတ်များ အပါအဝင် တစ်ပိဿာကို ၅၅၀/၆၀၀ကျပ် ဝန်းကျင်နဲ့ ဈေးကွက်အရောက် ဖြန့်ဖြူး နိုင်တဲ့ အခြေအနေရှိကြောင်း ကုန်သည် ကြီးအချို့ထံမှ စုံစမ်းသိရှိရပါတယ်၊ ကြက်သွန်နီတွေကို လှောင်ထားပြီး ဈေး ကစားချင်တဲ့ လူတွေက အပေါ်မှာပြော ခဲ့သလို အကြောင်းပြ ဈေးမြှင့်တင်ခဲ့ ကြလို့ ဒီနေ့ ပြည်တွင်းကြက်သွန်နီဈေး တွေမြင့်တက်ပြီး ၁၂၀၀/၁၃၀၀ ကျပ် ဈေးအထိ ဖြစ်နေတာကို ကုစားနိုင်ဖို့ အတွက် အိန္ဒိယက တင်သွင်းလိုက်နိုင် ရင်တော့ စားသုံးသူတွေအတွက် ဈေး သက်သက်သာသာနဲ့ စိတ်လက်ချမ်း သာစွာ ဝယ်ယူစားသုံးနိုင်ကြမယ်လို့ မြင်မိပါတယ်။ ဈေးကွက်ရဲ့ သဘော တရားအရ ပြည်တွင်းမှာစားသုံးမှု ဖူလုံ ပြီး ပိုလျှံတယ်ဆိုရင်၊ ဈေးလည်းကိုက် တယ်ဆိုရင် ပြည်ပကို တင်ပို့ရောင်း ချရမှာဖြစ်သလို ပြည်တွင်းမှာ ဈေးတွေ ကြီးမြင့်လာပြီး ပြည်တွင်း လိုအပ်ချက် လည်းရှိ၊ ဈေးလည်း သက်သာမယ်ဆို ရင် ပြည်ပက ပြန်ဝယ်စားရမှာ ဖြစ်ပါ တယ်။ ဒီလိုမျိုး ဈေးကွက်စီးပွားရေး စနစ်နဲ့ ကုန်စည်တွေ၊ ဈေးနှုန်းတွေရဲ့ သဘောသဘာဝကိုလည်း ဒီကနေ့ အစိုးရသစ်က နားလည်သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလိုသာ ပြည်ပက ကြက်သွန်နီတွေ ပြန်တင်သွင်းတာမျိုး ဆောင်ရွက်မယ်ဆိုရင် လှောင်လက်တွေ၊ ဈေးကစားချင်နေကြတဲ့ သူတွေ နဲ့ ခေတ်စနစ်နဲ့အညီ လိုက်ပါပြောင်းလဲ လိုစိတ်မရှိသူများ အရှုံးနဲ့ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော် ခေတ်မီဖွံဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဒီအချိန်၊ ဒီကာလမှာ အကြောင်းအမျိုး မျိုးပြ၊ ကြုံရင်ကြုံသလို လုပ်စားချင်ကြ တာတွေကို ရပ်တန်းကရပ်ပြီး ပြောင်းလဲ လာတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်နဲ့စားသုံးသူများ သင့်တင့်လျောက်ပတ်တဲ့အကျိုး ခံစားခွင့်အသီးသီးရရှိစေပြီး နိုင်ငံတော် လည်းအကျိုးရှိစေဖို့အတွက် ပြောင်း လဲလာတဲ့ စီးပွားရေးစနစ်ရဲ့ ရေစီး ကြောင်းမှာ လိုက်ပါဆောင်ရွက်သွား သင့်ပြီဖြစ်ကြောင်းပါခင်ဗျား။ UML
ယခင်ရက်များက ဈေးကျဆင်းခဲ့တဲ့ ကုလားပဲကြိုပွိုင့်ဈေးဟာ လက်ငင်း ဝယ်လိုအား တက်လာခြင်း နဲ့အတူ ၆ ရာခိုင်နှုန်းနီးပါးပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ရာဂျက်စသန်အစိုးရက ဈေးနှုန်းကန့်သတ် လိုတဲ့အတွက် ကုလားပဲတန် ၂၅၀ အထက် သိုလှောင်သူများကို စစ်ဆေးသွားနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်း ကျဆင်းဖို့နဲ့ ပဲစိုက်ရာသီမှာ ပဲရရှိနိုင်မှု တိုးတက်စေဖို့ ရာဂျက်စသန်အစိုးရက ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှာ အခြားပဲမျိုးစုံထဲက သီးခြားကုလားပဲအပေါ် သိုလှောင်မှု ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ လက်ကားရောင်းချ သူများအတွက် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၅၀၀ သိုလှောင်ခွင့်ကို တန်ချိန် ၅၅၀ ထိ တိုးမြှင့် ကန့်သတ် ခဲ့ပါတယ်။ ကုလားပဲသီးခြားသိုလှောင်မှုအနေနဲ့ တန် ၂၅၀ သတ်မှတ်ပြီး၊ အခြားပဲများကို တန် ၃၀၀ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ဗဟိုအစိုးရက ဆောင်းရာသီမှာ စိုက်ဧရိယာတွေ တိုးချဲ့ပြီး ထုတ်လုပ်မှုမြှင့်တင်ခြင်းဖြင့် ဆောင်းပဲတန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိရေး ရည်မှန်းဆောင်ရွက်နေပါတယ်။ အဲဒီအစီအစဉ်အတွက် လည်း အပိုဆောင်းခွင့်ပြုငွေ ရူပီးသန်း ၈၀၀(ကန်ဒေါ်လာ ၁၆ ဒသမ ၁၅၅ သန်း) ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပဲတင်သွင်းမှု ကျဆင်းခဲ့ရာ နိုင်ငံပိုင် အေဂျင်စီ များဟာ လက်ရှိ ဘဏ္ဍာနှစ်စမှ စက်တင်ဘာလ ၁၂ ရက်အထိ ပဲတန်ချိန် ၁၂၁၆၆၀ သာ တင်သွင်းဖို့ စာချုပ်ထားကြောင်းနဲ့ ယခင်နှစ်ကာလတူက တန်ချိန် ၅၉၆၇၀၀ စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ (ဇူလိုင်-ဇွန်)အတွင်း ပြည်တွင်းပဲ ထုတ်လုပ်မှုက ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၈ ဒသမ ၀၉ သန်းထိ ထွက်ရှိခဲ့တာကြောင့် ပဲတင်သွင်းမှု ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဗဟိုအစိုးရဟာ နိုင်ငံပိုင်အေဂျင်စီများအတွက် ပဲတင်သွင်းရာမှာ ပြန်အမ်းငွေ အစီအစဉ်ကို ဖယ်ရှားခဲ့ပါတယ်။ ၂၀၁၁ ဇူလိုင်လမှာစတင်တဲ့လက်ရှိသီးနှံနှစ်အတွင်း ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၁၇ သန်းထွက်ရှိဖို့ ရည်မှန်းထားပြီး၊ လက်ရှိ ဆောင်းပဲ မျိုးစုံအတွက် ရည်မှန်းချက်ကိုတော့ ယခင်နှစ်ပမာဏဖြစ်တဲ့ တန်ချိန် ၁၀ ဒသမ ၉ သန်း ဝန်းကျင်လို့ သတ်မှတ်ထားပါတယ်။ ကုလားပဲဟာ အိန္ဒိယနိုင်ငံမှာ အဓိက ဆောင်းသီးနှံဖြစ်ပြီး၊ အောက်တိုဘာ- ဒီဇင်ဘာမှာ စိုက်ပျိုးကာ ဇန်နဝါရီမှာ စတင်ရိတ်သိမ်းပါတယ်။ ပထမအကြိမ် ခန့်မှန်း ချက် အရ ၂၀၁၁-၁၂ မိုးပဲ မျိုးစုံထွက်ရှိမှုဟာ ယခင်နှစ် ထက် ၉ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၆ ဒသမ ၄၃ သန်းရှိမယ်လို့ ဆိုပါတယ်။ ပဲစင်းငုံကတော့ သုည ဒသမ ၃၅ ရာခိုင်နှုန်း တိုးထွက်နိုင်ပြီး၊ ပဲတီစိမ်းနဲ့ မတ်ပဲက တော့ ၂၁ ရာခိုင်နှုန်း နဲ့ ၁၆ ရာခိုင်နှုန်း အသီးသီး လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ကုလားပဲဈေးနှုန်းအနေနဲ့ ဈေးအနိမ့်နဲ့ ပြည်တွင်းလှောင်လက်တွေ ဝယ်ယူနေတာကြောင့် ဈေးမြင့်တက် မယ့် အလားအလာရှိပေမယ့် ရာဂျက်စသန် အစိုးရရဲ့ ပဲသိုလှောင်မှု ကန့်သတ်ခြင်းက ဈေးနှုန်း သိသိသာသာ မြင့်တက်မှုကို ထိန်းချုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဆောင်းပဲအလားအလာအနေနဲ့ မြေဆီလွှာ အစိုဓာတ် ကောင်းမွန်မှုကြောင့် အထွက်ပိုမိုနိုင်ပြီး၊ ကာလရှည်မှာ ဈေးနှုန်းအကျ ဘက်ကို ဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ Source: Angel Commodities
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လှောင်လက်များ ထုတ်ရောင်းချနေခြင်းနဲ့ ဝယ်လိုအားနည်းခြင်း တို့ကြောင့် ကာဘူလီကုလားပဲဈေးကျဆင်းပေမဲ့ ရိုးရိုးကုလားပဲ ကတော့ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းနဲ့အတူ လက်ငင်း ဈေးပါမြင့်တက်နေပါတယ်။ ဆောင်းပဲစိုက်ဧရိယာ တိုးတက်မယ့်အလားအလာရှိပြီး လက်ရှိရာသီဥတုအရ အထွက် ကောင်းမယ့် ခန့်မှန်းချက်တွေကြောင့် ဈေးကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၀-၁၀-၁၁ ၁၉-၁၀-၁၁ ၁၈-၁၀-၁၁ ၁၇-၁၀-၁၁ဒေလီ ၆၆၁-၆၆၆ ၆၄၁-၆၄၆ ၆၅၇-၆၆၂ ၆၄၀-၆၄၆ကန်ပါ ၇၁၉ ၇၀၆ ၇၁၃ ၇၁၁အာကိုလာ ၇၂၇ ၇၁၃ ၇၂၃ ၇၂၇ MIRT(DOBT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း လျော့ကျနေပါတယ်။ လက်ကျန်နည်းလာသလို အဝယ်အေးတဲ့အတွက် ယခု တစ်ပတ်မှာ တန်ချိန် ၅၁၀ ကျော်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း အောက်တိုဘာ ၁၄ ရက်အထိ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၆၃၆၀၀ ခန့်ရှိပြီးယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ဈေးကွက်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခုတစ်ပတ်မှာ ၂၄ တန်သာရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပေမဲ့ ရန်ကုန် FOB ဈေးကတော့ အောက်တိုဘာလ ၁၄ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၁၀၂၀- ၁၀၄၀ ရှိရာမှ ယခုတစ်ပတ် အောက်တိုဘာလ ၂၁ ရက်မှာ ကန်ဒေါ်လာ ၁၀၃၀- ၁၀၅၀ ကို မြင့်တက်ခဲ့ပါတယ်။ MIRT(DBT)