Background
ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း ပဲစင်းငုံတန်ချိန် ၇၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၃၀၀ ကျော်သာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါတယ်။ သင်္ဘောတင် ကွန်တိန်နာ ငှားရမ်းခ ဈေးကြီးမြင့်ပေမဲ့ အိန္ဒိယဝယ်လက်တွေ ပဲစင်းငုံကို အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာလို့ အခြား FOB ဈေးများမြင့် လာပေမဲ့ ပဲစင်းငုံဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ စက်တင်ဘာလ ၁၆ ရက်မှာလည်း ယခင်တစ်ပတ် ဈေးအတိုင်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၀၀-၆၂၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ ငုံနီ (အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၁၀ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပဲစင်းငုံ တင်ပို့မှု သိသိသာသာမြင့်တက် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ အပတ်စဉ် တန်ချိန် ၃၀၀၀ ကျော်၊ ၄၀၀၀ ခန့်သာ မှန်မှန်တင်ပို့ခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၁၀၅၀၀ ခန့်အထိ သိသိသာသာ မြင့်တက် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၀ ရက် အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှု တန်ချိန် တစ်သိန်းနီးပါးရှိပြီး ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ငါးသောင်းကျော်ထက် ထက်ဝက်ပိုတင်ပို့ လာနိုင်တာ တွေ့ရပါတယ်။ ပြည်ပအဝယ်ရှိတဲ့ ကာလဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပုံမှန် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
မိုးဆက်လက်ရွာသွန်းနေမှုကြောင့် အိန္ဒိယမတ်ပဲဈေး အားကောင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ မတ်ပဲဈေး အားကောင်းလာပါတယ်။ အဓိကမတ်ပဲစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ အိန္ဒိယအလယ်ပိုင်းနဲ့ ကျွန်းဆွယ်များမှာ မိုးဆက်လက် ရွာသွန်း နေတဲ့အတွက် ရင့်မှည့်သီးနှံများ ပျက်စီးနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း မိုးဆက်လက် ရွာသွန်း မယ့် ခန့်မှန်းချက် ကလည်း ဈေးနှုန်းကိုမြင့်တက်စေပါတယ်။ ဈေးကွက်များ အတွင်း ပဲအသစ်များဝင်ရောက်လာပြီဖြစ်ပေမဲ့ အစိုဓါတ် ပါဝင်မှု မြင့်မားကြောင်း သိရပါတယ်။ မတ်ပဲစိုက်ပျိုးတဲ့ဧရိယာမှာ ယခင်နှစ်ထက်လျော့ကျပေမဲ့ ပုံမှန်စိုက် ဧရိယာဝန်းကျင်ခန့်တော့ ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာဦးမယ်ဆိုရင် ပဲအရည်အသွေး ပျက်စီးနိုင် တာကြောင့် ကာလတိုအတွင်း အရည်အသွေးကောင်း ပဲဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ် ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာတန် ၁၅-၉-၁၁ ၁၄-၉-၁၁ ၁၃-၉-၁၁ ၁၂-၉-၁၁မွန်ဘိုင်း ၈၅၇ ၈၄၂-၈၄၇ ၈၄၉-၈၅၄ ၈၅၇ဒေလီ ၈၅၇-၈၉၉ ၈၄၂-၈၈၉ ၈၅၅-၉၀၂ ၈၆၂-၉၀၅ချန်နိုင်း ၈၇၃ ၈၄၇ ၈၅၅ ၈၅၇MIRT(MAPT)
ပြည်မတ်ပဲဈေးအေးသလို အရောင်းအဝယ်လည်းအေး ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးမှာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးသိပ် မကွာလှတာ ကို တွေ့ရပါ တယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးနေပြီး၊ လက်ကျန်ပဲ များကိုသာ ကုန်သည်များက ထုတ်ရောင်းကြတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုရက် အတွင်းမှာ ရန်ကုန် တင်ပို့မှုလည်း နည်းနေပြီး ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၈၅၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ရန်ကုန် FOB အရောင်းအဝယ် တန်ချိန် ၁၈၀၀၀ ခန့်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ SQ ၊ FAQ အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၁၈၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၆၀၀၀ ကျော်ထိ အရောင်း အဝယ် စာချုပ်ခဲ့လို့ ယခုတစ်ပတ်လျော့နည်းတာတွေ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ စုစုပေါင်းပြည်ပအရောင်းအဝယ်ဖြစ်မှုဟာ မတ်ပဲ SQ တန် ၁၇၀၀၀ ကျော်၊ FAQ တန်ချိန် ၃၇၀၀၀ ကျော်နဲ့ အခွံချွတ် စုစုပေါင်း တန်ချိန် ၅၆၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားတက်သလို ဈေးမြင့်လာတဲ့ အတွက် ရန်ကုန် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်လိုက်လာတယ် လို့ သိရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းမှု ခက်ခဲပြီး ဈေးနှုန်းမြင့်တက်ပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ပြန်လည်မြင့်တက်လာခဲ့သလို ဝယ်လက်များ အဝယ်သွက်လာလို့ အရောင်းအဝယ်ဖြစ်ပြီး FOB ဈေးမြင့်လာခဲ့ပါတယ်။ ဒေါ်လာတန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၆-၉-၁၁ ၇၈၀-၈၀၀ ၈၇၀-၈၉၀၉-၉-၁၁ ၇၇၀-၇၉၀ ၈၆၀-၈၈၀MIRT(MAPT)
ယခုတစ်ပတ်မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ထိတက်လာ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၉၀၀၀ ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀၀၀ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် က ကွန်တိန် နာငှားရမ်းမှုအခက်အခဲနဲ့ ငှားရမ်းခဈေးနှုန်းကြီးမှုတွေကြောင့် တင်ပို့မှု လျော့ကျခဲ့ရာ မှ ယခု တစ်ပတ်မှာ ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ စက်တင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၄၅၀၀၀ ကျော်ထိ ရှိလာလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၃၇၀၀၀ ခန့်ထက် တန်ချိန် တစ်သိန်းကျော်ပိုတင်လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ MIRT- MAPT
ကနေဒါမှာ ပဲမျိုးစုံ ထုတ်လုပ်မှုကျဆင်း ယခုနှစ်အတွက် ကနေဒါရဲ့ ပဲထုတ်လုပ်မှုအခြေအနေ မကောင်းနိုင်ဘူးလို့ သိရပါတယ်။ မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ကြောင့် သီးနံှစိုက်ပျိုးမှုတွေ ထိခိုက်ခဲ့ရလို့ နိုင်ငံရဲ့ထုတ်လုပ်မှုလည်း ထိခိုက်ဖွယ်ရှိနေပါတယ်။ မကြာသေးခင် ခန့်မှန်းချက်အရ ပဲလုံးထုတ်လုပ်မှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၂၁၂၈ ဒသမ ၃ တန်နဲ့ ပဲနီလေး ထုတ်လုပ်မှုကလည်း ၁၇ ဒသမ ၈၂ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၁၆ဝဝ ဒသမ ၂ သာရှိမယ်လို့ ဆိုပါတယ်။ အလားတူကုလားပဲဖြူလုံးကြီးကလည်း ၂ဝဝ၄ ခုနှစ် နောက်ပိုင်းအနည်းဆုံးအနေနဲ့ ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန်ထောင်ပေါင်း ၅၃ ဒသမ ၉ တန် တာထွက်ရှိမယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ယခင်နှစ်နဲ့ နှိုင်းယှဉ် ဖော်ပြထားပါတယ်။
ပြောင်းထွက်ရှိမှု အလားအလာကောင်း တောင်အာဖရိကနိုင်ငံက ပြောင်းရိတ်သိမ်းချိန်ကာလအတွင်း နိုင်ငံရဲ့ အချို့ နေရာတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ရာသီ ပြောင်းထွက်ရှိမှု ခန့်မှန်းချက်မှာ လျော့နည်းခဲ့တယ်။ CEC က ယခင်က ပြောင်းထွက်ရှိမှုကို မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၈၅၄ သန်း ခန့်မှန်းထားရာမှ ယခု မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၆၇၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ အာဖရိကတိုက်ရဲ့ ပြောင်းအများဆုံးထုတ်လုပ်တဲ့ တောင်အာဖရိကနိုင်ငံက ၂ဝဝ၉-၂ဝ၁၁ ရာသီမှာ ပြောင်းမက်ထရစ်တန်ချိန် ၁၂ ဒသမ ၈၁၅ သန်း ရိတ်သိမ်းနိုင်ခဲ့ပြီး၊ ၎င်းပမာဏက ၁ဝ စုနှစ်ကာလ ၃ စုအတွင်း အများဆုံးဖြစ်ခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်အတွင်း ပြောင်းတင်ပို့မှုကို ပြန်လည်ပြုလုပ်လိမ့်မှာဖြစ်ကြောင်း ရုရှားနိုင်ငံ ကောက်ပဲသီးနံှအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်မှာ ပြောင်းမက်ထရစ်တန်ချိန် ၅ ဒသမ ၈ သန်းမှ ၆ သန်း ထွက်ရှိလိမ့်မှာ ဖြစ်ပြီး စားသုံးမှုမှာ မက်ထရစ်တန်ချိန် ၃ ဒသမ ၅ သန်း ရှိလိမ့်မှာဖြစ်ကြောင်း၎င်းက ခန့်မှန်းထားတယ်။ ရုရှားနိုင်ငံက ၂ဝဝ၈-၂ဝဝ၉ သီးနံှရာသီနှစ်မှာ ပြောင်းကို မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ယမန်နှစ်က ပြောင်းကို မက်ထရစ် တန်ချိန် ၁ သိန်းခန့်သာ တင်ပို့နိုင်ခဲ့တယ်။ ဂျပန်နိုင်ငံက (၂ဝ၁၁ ခုနှစ် ၊ အောက်တိုဘာလ- ဒီဇင်ဘာလ) အတွင်း တိရစ္ဆာန်အစားအစာ ပြောင်းတင်သွင်းမှု လိုအပ်ချက်ရဲ့ ၆ဝ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းရလိမ့်မှာဖြစ်တယ်။ ဂျပန် နိုင်ငံက ၃ လပတ်တိုင်း တိရစ္ဆာန်အစားအစာ ပြောင်းကို မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းတင်သွင်းနေရပြီး အမေရိကန်နိုင်ငံမှ အများဆုံး ဝယ်ယူလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းကို မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းစားသုံးမှု ပိုလံျှတာတွေကို နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ သာမက ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပြည်ပဈေးကွက်တွေကို တင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ပြောင်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားအစရှိတဲ့ နိုင်ငံတွေကို တင်ပို့လျက်ရှိရာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၁၂ဝဝ ကျော် ၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄၄၈ဝဝ ကျော်နဲ့ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် (၂၆-၈-၂ဝ၁၁ ထိ) မှာ တန်ချိန် ၁၂၂၉ဝဝ ကျော် တင်ပို့နိုင်ခဲ့ရာ ယခုနှစ်မှာ ယမန်နှစ်တွေထက် ပိုမိုတိုးတက်နိုင်မဲ့ အလားအလာကောင်းတွေ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အရည်အသွေးကောင်း ပြောင်းသီးနံှတွေကို ယခုထက် ပိုမိုတိုးတက် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။ စန္ဒာထွန်း
