Background
ဈေးအေး၊ အရောင်းအေးသည်မှာ အတန်ကြာပြီဖြစ်တဲ့ ကျောက်ဆည် နနွင်းတက်မှာ ယခုမတ်လဆန်းပိုင်း မှာတော့ အနည်းငယ် အဝယ်လိုက်လာပါတယ်။ ယမန်နှစ်တစ်နှစ်လုံး ဈေးအေး၊ အရောင်းအေးနေခဲ့တဲ့ နနွင်း ဈေးကွက်ဟာ ယခု နှစ် သီးနှံပေါ်စမှာလည်း ဈေးအေးနေလို့ တောင်သူအနေနဲ့ သီးနှံဖော်ဖို့ နှောင့်နှေးခဲ့ပါတယ်။ ယခု မတ်လဆန်းမှာတော့ နယ် အဝယ် လိုက်လာတဲ့အတွက် ကျောက်ဆည် နနွင်းဈေး ကွက်မှာ ရန်ကုန်ဝယ်လက်မှ ပိဿာချိန် ၆၀၀၀၀ (တန် ၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မူဆယ်ဝယ်လက်ကို ပိဿာ ၂၀၀၀၀ ဝန်းကျင်တင်ပို့ခဲ့ ပါတယ်။ သီးနှံပေါ်စက တစ်ပိဿာ ၈၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး၊ ယခုအရောင်းအဝယ် ဖြစ်လာချိန်မှာတော့ တစ်ပိဿာ ၁၁၀၀ကျပ် - ၁၂၀၀ ကျပ် ထိ ဈေးမြင့်လာပါတယ်။
ရှမ်းနနွင်းလည်း အရောင်းအဝယ် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း နနွင်းအသစ်တွေ ဝင်နေပါ တယ်။ ပြီးခဲ့တဲ့အပတ်က တောင်ပို့လနဲ့ ဆင်တောင် နနွင်းတွေ သာ အနည်းအကျဉ်း ဝင်ရောက်မှုရှိပေမယ့် အခုတစ်ပတ်မှာ တော့ ပင်လောင်းနဲ့ အင်းလေးစတွေလည်း ထပ်ပြီးဝင်လာ တယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်း တွေ လည်း အောင်ပန်းဈေး ကွက်ကို ရောက်လာပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ ဒူဘိုင်း ကို ပင်လယ်ရေကြောင်းကနေ တန် ၁၀၀ တင်ပို့နိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။
အင်ဒိုနီးရှားမှာ မိုးများပြီး ရာသီဥတုဆိုးဝါးခဲ့မှုကြောင့် ကြက်သွန်ဖြူထွက်နှုန်း ကျဆင်းခဲ့ရာလောလော ဆယ် ပြည်တွင်းဈေးကွက်တွေမှာ ကြက်သွန်ဖြူလက်လီ ဈေးနှုန်းများ မြင့်မားနေတယ်လို့ သိရတယ်။
ဒီတစ်ပတ်တော့ ချင်း(ခြောက်)က Export ရှိတာကြောင့် အတော်လေး အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်တွေနဲ့ ရန်ကုန် ဝယ်လက်တွေ ဝယ်ယူမှုရှိတာကြောင့် တစ်ပတ်အတွင်း ချင်းခြောက် ပိဿာချိန် တန် ၈၀ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တရုတ်ကို တန် ၇၀ နဲ့ထိုင်းကို ၁၀ တန် တင်ပို့ခဲ့ရတယ်လို့ သိရှိရပါတယ်။ အောင်ပန်းကနေ မန္တလေးအရောက် တစ်ပိဿာ ၁၃၅၀ ကျပ်ဈေးရှိပြီး၊ ကားတင်ခကတော့ တစ်ပိဿာ ၂၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာလည်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် အဝင်ပုံမှန် ရှိနေပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်နေ့ ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ေ နပြီး၊ ဈေးနှုန်းမှာ လည်း ယခင် အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း (ရှယ်) ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ (ဂျွန်) ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ရှိပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီနဲ့ ရခိုင်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်-ပြည်
ပြည်ပကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၂ ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ချင်း ၅၆ ဒသမ ၃၂ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ ချင်းတင်ပို့တန် ချိန်ကတစ်ရာ့ကိုးဆယ်နီးပါးရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုကတန်ချိန် တစ်ရာ့သုံး ဆယ်ကျော်လျော့နည်းခဲ့ပါတယ်။ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာနှစ်သိန်း ကျော်ဖြစ်ပါတယ်။
ပြည်ပဲဈေးကွက်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီးစသဖြင့် ပဲမျိုးစုံ သီးနှံများ အရောင်းအဝယ်ဖြစ်လျက် ရှိရာ ထောပတ်ပဲသီးနှံဟာလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ ပြည်ဈေးကွက် သို့ ဖေဖော်ဝါရီနောက်ဆုံးပတ် မှစပြီး၊ ထောပတ်ပဲ သစ်များဝင်ရောက်လာခဲ့ပြီး၊ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ကြပါ တယ်။ ထောပတ်ပဲ ဟာ တိုင်းအတွင်း စားသုံးမှု ဖူလုံရုံသာရှိတာကြောင့် အခြားတိုင်းကို တင်ပို့နိုင်ခြင်းမရှိသလို တိုင်းအတွင်း အရောင်း အဝယ်ဖြစ်တဲ့ ပဲများဟာလည်း ဒေသတွင်းမှထွက်ရှိတဲ့ပဲများဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ အများဆုံး ဝင်ရောက်ခဲ့ပြီး၊ တစ်ရက်အိတ် ၁၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ လှောင်လက် သမားနဲ့ လက်လီသမားများအဝယ်ရှိတဲ့ အတွက် တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ခင်ဆွေဝင်း-ပြည်
ပြည် ပဲဈေးကွက် မတ်ပဲဈေးမှာ တဖြည်းဖြည်းဈေးမြင့်တက်လာခဲ့ပြီး၊ ပဲတစ် တင်းကို ၁၇၀၀၀ ကျပ်ဈေးမြင့် လာခဲ့တယ်လို့ သိရပါတယ်။ မတ်လရဲ့ ပထမ ပတ်အတွင်း ပဲတစ်တင်းကို ၁၅၀၀၀ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာ တော့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဘက်မှ ပဲအဝင်ရှိသော်လည်း တစ်နေ့ကို အိတ် ၁၀၀ - ၂၀၀ ခန့်သာ အဝင်ရှိပြီး၊ ပဲစိုက်တောင်သူများမှ တက်ဈေး စောင့်နေတဲ့အတွက် ပဲရောင်းချသူနည်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ် လက်ရှိသော်လည်း လှောင်လက်သမားများက အဝယ်ပိုများနေခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်မှာ တစ်နေ့ကို အိတ် ၄၀၀ - ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ဘက်မှ ရန်ကုန်ကို တစ်နေ့ အိတ် ၄၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး - ပြည်
အိန္ဒိယနိုင်ငံတွင်းရှိ လက်ကားဈေးကွက်အချို့မှာ လာမယ့်သုံးလပတ်အတွင်း ပဲစင်းငုံဈေး ၁၀-၁၅ ရာခိုင်နှုန်း ကြားမြင့်တက်ပြီး တစ်တန် ရူပီး ၄၅၀၀၀-၅၀၀၀၀ အထိမြင့်တက်လာနိုင်ပါတယ်။ ပဲစင်းငုံအဓိက စိုက်ပျိုးထွက် ရှိတဲ့ ပြည်နယ်များမှာ မိုးခေါင်ခဲ့တဲ့အတွက် ယခုနှစ်မှာ ပဲစင်းငုံအထွက်လျော့ကျပြီး ဈေးတက်နိုင်တယ်လို့ ခန့်မှန်းကြ ပါ တယ်။ ပဲစင်းငုံအများဆုံးထွက်ရှိတဲ့ မဟာရာရှတ္တရာ၊ ကာနာတာကာ နဲ့ အန္ဒရာပရာဒေ့ရှ်ပြည်နယ်များမှာ ၂၀၁၂ ခုနှစ်က မိုးရာသီကာလမှာ မိုးခေါင်ပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ရာ ပဲစင်းငုံအထွက် ၃၀ မှ ၄၀ ရာခိုင်နှုန်းကြား ကျဆင်း ခဲ့ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က တစ်တန်ကို ၃၀၀၀၀-၃၂၀၀၀ ရူပီးကြား ရှိခဲ့တဲ့ ပဲစင်းငုံဈေးဟာ ယခုအခါ ၃၀-၃၅ ရာခိုင်နှုန်းထိမြင့်တက်လျက်ရှိပါတယ်။ ရာသီအစ ဒီဇင်ဘာလမှစပြီး ပဲစင်းငုံဈေးမှာ နေ့စဉ်မြင့် တက်လျက်ရှိပါတယ်။ ကာနာတာကာပြည်နယ်ရဲ့ ရာသီအစပဲစင်းငုံဈေးဟာ တစ်တန် ရူပီး ၃၇၀၀၀ ဝန်းကျင်ရှိပြီး လွန်ခဲ့တဲ့သီတင်းပတ်က တစ်တန်ကို ရူပီး ၄၂၀၀၀ ထိမြင့်တက်ခဲ့ပါ တယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံတစ်ကွမ် တယ်ကို ရူပီး ၃၈၅၀ အထက် သတ်မှတ်ခဲ့ပြီး ပြည်နယ်အစိုးရမှ တစ်တန်ကို ရူပီး ၆၅၀ ထပ်မံပိုပေးမယ်လို့ ကြေညာ ခဲ့တဲ့အတွက် ဈေးကွက်အတွင်း ပဲစင်းငုံဈေးများ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ကာနာတာကာပြည် နယ်ရဲ့ ပဲစင်းငုံအဓိကစိုက် ပျိုးတဲ့ ဂူလ်ဘာဂမြို့မှာလည်း မိုးခေါင်မှုကြောင့် ပဲစင်းငုံ အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး တန်ချိန် ၁၈၀၀၀၀ သာထွက်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်အထွက်နှုန်းကို ၃၅၅၀၀၀ တန်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ မဟာရာရှတ္တရာပြည်နယ် မှာလည်း မိုးခေါင်တဲ့အခြေ အနေဖြစ်ပေါ်လျက်ရှိပါတယ်။ မိုးခေါင်ရေရှားခဲ့မှု ကြောင့်ပြည်နယ်တွင်း ပဲစင်းငုံအထွက်မှာ ၃၀ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။ တစ် နိုင်ငံလုံးပဲစင်းငုံအထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၂ ဒသမ ၃ သန်းရှိရာ ပုံမှန် ထွက်ရှိနေကျအောက် ၁၅ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းပါတယ်။နှင်းပန်းဖြူ
ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းကုန်စည်ဒိုင်မှာ မတ် ဒုတိယ ပတ်အတွင်း ပဲစင်းငုံဈေးကောင်းခဲ့သလို အရောင်းအဝယ်လည်း သွက်ခဲ့တယ်လို့ သိရပါတယ်။ မတ် ပထမပတ်က ပဲစင်း ငုံ တစ်ပိဿာကို ၉၀၀ ကျပ် ဈေးသာ ရှိခဲ့ပြီး၊ ၂၈ တန်ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့ပေမယ့် ဒုတိယပတ်မှာ တော့ ငုံနီတစ်ပိဿာကို ၁၀၅၀ ကျပ် အထိ ဈေးရှိခဲ့ပြီး၊ မတ် ၈ ရက်မှ ၁၄ ရက်အထိ ပဲစင်းငုံ ၃၄၅၀၀ ပိဿာ၊ ၅၆ တန်ခန့် အရောင်းအဝယ်ရှိ ခဲ့တာ ကြောင့်မတ်လပထမပတ်ကထက် နှစ် ဆအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အစေ့ ထုတ် ပြောင်းကတော့ တစ်ပိဿာကို ၄၁၅ ကျပ်နဲ့ ဈေးအနည်းငယ် ပြန်အေး သွားခဲ့ပေမယ့် မတ် ၈ ရက်မှ ၁၄ ရက် ထိ ၇၁၁၀၀ပိဿာ၊၁၁၆ တန် အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့် မတ်လ ပထမပတ်ကထက်ပိုပြီး အရောင်း အဝယ်ဖြစ်ခဲ့တဲ့အပြင် ချင်းခြောက် ကိုလည်း ထိုင်းနဲ့တရုတ်ဝယ်လက်ရှိခဲ့ တာကြောင့် မတ် ဒုတိယပတ်မှာ တန် ၈၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်ပန်းကုန်စည်ဒိုင်ရဲ့ ပြောပြချက် အရ သိရပါတယ်။ မင်းအောင် - တောင်ကြီး
