Background
ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန်ချိန် ၅၀၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်းတန်ဖိုးရှိRSS-3 တန်ချိန် ၁၆၀၊ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ RSS-3 တန်ချိန် ၃၀၀ နှင့် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းတန်ဖိုးရှိMSR-20 တန်ချိန် ၄၀ တို့ဖြစ်ပါတယ်။ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ အနည်းငယ်သာအတက်ရှိသဖြင့် မြန်မာနိုင်ငံ ရော်ဘာပေါက်ဈေး မှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်။ RSS-1 တစ်တန်လျှင် ဒေါ်လာ ၃၀၅၀-၃၁၅၀၊ RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၈၅၀-၂၉၅၀၊MSR-10 တစ်တန်လျှင် ဒေါ်လာ ၃၀၀၀-၃၁၀၀၊ Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၇၅၀-၂၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသူများနဲ့ ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။MIRT (DOBT)
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ရာသီဥတုအခြေေနေကြောင့် သီးနှံတွေ အတော်များများက အရင်နှစ်တွေကထက် အထွက်နှုန်းလျော့သွားတယ်လို့ သိရပါ တယ်။ ရှမ်းပြောင်းကလည်း မနှစ်ကထက် အထွက်နှုန်း နည်းနည်း လျော့သွားတယ် လို့ သိရပါတယ်။ အထွက်နှုန်းလျော့ပြီး၊ ဝယ်လိုအားကောင်းတာကြောင့် ဈေး ကလည်း ကောင်းနေပါတယ်။ တစ်ပတ်ထက် တစ်ပတ်ဈေးကလည်း တက်လာပါ တယ်။ ပြောင်းကဒီနှစ်မှာ အဟောင်းရော၊ အသစ်ပါ ဈေးကောင်းပါတယ်။ မူဆယ် ဝယ်လက်တွေ ဝယ်နေ တာကြောင့် ပြောင်းအဟောင်းတွေ ကလည်း ကုန်ခါနီးမှသာ တစ်ပိဿာကို ၅၀၀ ကျပ် - ၅၀၅ ကျပ်ကျော် ဈေးရခဲ့ ပါတယ်။ အဟောင်းတွေဈေး ကြီးမိနေတဲ့အချိန်မှာ အသစ်တွေ ဈေးကွက်ကို ဝင်လာတော့ အသစ်တွေကလည်း ဖော်ကာစမှာကို တစ်ပိဿာ ၃၅၀ ကျပ်ကျော်နဲ့ဈေးစဖွင့်ခဲ့ပါတယ်။ ၁၀ လပိုင်း၊ ၁၁ လပိုင်း၊ ၁၂ လပိုင်းတွေမှာတော့ ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ပတ်ချာလည်မှာဘဲ ဈေးအီနေပါတယ်။ ၁ လပိုင်းမှာတော့ ဈေးနည်းနည်းပြန်တက်လာ ပြီး၊ တစ်ပိဿာ ၃၅၀ ကျပ် မှ ၃၇၀ ကျပ်ဈေးရှိလာပါတယ်။ တိရစ္ဆာန်အစာအတွက် ဝယ်ယူနေတဲ့အစာစပ် စက်ရုံတွေနဲ့ မူဆယ်ဝယ်လက် တွေ အပြိုင်ဝယ်ယူနေတာကြောင့် အဝင်ရှိသလောက် ရောင်းနေရတယ်လို့လည်း သိရပါတယ်။ အစာစပ်တွေကတော့ လိုချင်သလောက် မရလို့ လောလောဆယ် တော့ ထိုင်နေရတယ်လို့ ဆိုပါတယ်။ ဆောင်းပြောင်းလို့ခေါ်တဲ့ ဇလွန်၊ ဟင်္သာတ ပြောင်းအထွက်ကို ပဲစောင့်ပြီး ဝယ်ရတော့မယ်လို့လည်း ဆိုပါတယ်။ ၂ လပိုင်းမှာ တော့ ပြောင်းဈေးက ဆက်တိုက်ဆိုသလို တက်လာတာကို တွေ့ရပါတယ်။ လဆန်း ပိုင်းမှာ တစ်ပိဿာ ၃၅၅ ကျပ်မှ ၃၇၅ ကျပ်၊ ဒုတိယအပတ်မှာ ၃၉၀ ကျပ် - ၄၀၀ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ၄၀၅ ကျပ်မှ ၄၂၀ ကျပ်ဈေးရှိပါတယ်။ ရှမ်းပြောင်းက လိုသလောက် မရနိုင်တော့တာကြောင့် အစာစပ်တွေကတော့ ဗမာပြောင်းတွေကို ဆင်းပြီး၊ ဝယ်ကြမယ်လို့လည်း ဈေးကွက် သတင်းရရှိပါတယ်။ဧဧခိုင် - တောင်ကြီး
မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ဝင်လာ တဲ့ ပြောင်းဖူးစေ့များကို မန္တလေးပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း) မှ တစ်ဆင့် ဝယ်ယူ၊ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိရာ မှာ ရန်ကုန်ဝယ်လက်နဲ့ပြည်ပ (တရုတ်)ဝယ်လက် အဓိကကျပြီး၊ ဒေသတွင်း အစာ စပ် လုပ်ငန်းများမှလည်း ပုံမှန်ဝယ်ယူလျက်ရှိပါတယ်။
ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၈၉ သန်းတန်ဖိုးရှိ ပြောင်း ၁၂၉၈ တန်ကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၅၀ နဲ့ စင်္ကာပူ နိုင်ငံသို့ ၄၈ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၅၅၄ တန်တင်ပို့ခဲ့သဖြင့် ယခင်အပတ်ကထက် ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ ယခုအပတ် ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၂၀-၃၄၀ ဖြစ်ကြောင်း သိရပါတယ်။MIRT (DOBT)
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ကုလားပဲဖြူလုံးကြီး တန်ချိန် ၇၀၀၀၀ ကျော်နှစ်စဉ် ဝယ်ယူသိုလှောင်ဖြန့်ဖြူး ရောင်း ချရာမှ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်းစတဲ့ ဒေသများမှ ဝင်ရောက်လျက် ရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ ကုလားပဲဖြူကြီး တစ်ပိဿာ ၈၄၇ ကျပ်မှ ၈၆၄ ကျပ်၊ (တစ်တန် ၅၁၈၆၉၄ ကျပ်မှ ၅၂၉၁၀၅ ကျပ်)နဲ့ နေ့စဉ်အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်ခဲ့ပြီး၊ယခုလလည်း ၈၄၇ ကျပ်မှ ၈၇၃ ကျပ် နဲ့ နေ့စဉ် (၅၇ ဒသမ ၂၅ ပိဿာ) အိတ် ၈၀၀ မှ ၁၀၀၀ အထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသ ကြီးအတွင်းရှိတဲ့ မတ္တရာ၊ စဉ့်ကူး၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်း စတဲ့ ဒေသများက မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို နှစ်စဉ် ပဲယင်းတန်ချိန် တစ်သောင်းခွဲကျော် ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချလျက် ရှိနေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပဲစင်းငုံအဖြူလုံးကြီးတစ်ပိဿာ ၆၀၀ ကျပ်၊ ပဲစင်းငုံ အနီ တစ်ပိဿာ ၇၅၀ ကျပ်နဲ့ဈေးအေးသွား ခဲ့ပေမယ့် နေ့စဉ်ပဲစင်းငုံအိတ် ၈၀ မှ ၁၀၀ ဝန်းကျင်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဇန်နဝါရီ ပထမပတ်က ပဲစင်းငုံအဖြူလုံးကြီး တစ်ပိဿာ ၇၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၈၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် အဖြူ တစ်ပိဿာကို ၁၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၅၀ ကျပ်အထိ ဈေးလျော့နည်း သွားခဲ့ပေမယ့်လည်း အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၂၀၁၂-၁၃ ခုနှစ်၊ ပဲစင်းငုံစိုက်ဧက ၆၀၀၀၀ ခန့်ရှိပြီး၊ တန်ချိန် ၂၄၀၀၀ ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ပဲစင်းငုံစိုက်တောင်သူအချို့နဲ့ တွေ့ဆုံဆွေးနွေးမှုများအရ အအေးလွန်ကဲခြင်းနဲ့ ပိုးမွှားအန္တရာယ် ကျရောက် ပျက်စီးခြင်းများကြောင့် ခန့်မှန်းထားတာထက် အထွက်နှုန်းလျော့ နည်းနိုင်ကြောင်း သိရပါတယ်။ မင်းအောင် - တောင်ကြီး
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မတ်ပဲကို အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့ နယ်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်(ခွဲ)၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ရမည်သင်းမြို့ နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီး၊ တစ်ဧကပျမ်းမျှအ ထွက်နှုန်း ၁၁ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရပါတယ်။ အဲဒီလိုထွက်ရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီးမှာ ယခင်နှစ်က တန် ၃၅၀၀ ကျော်ထွက်ပြီး၊ အများဆုံး စိုက်ပျိုးတဲ့ ခရိုင်ကပြင်ဦးလွင်ခရိုင်ဖြစ်ပြီး၊ အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်က စဉ့်ကူးမြို့နယ် ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဈေးကွက်ထဲဝင်လာခဲ့ပေမယ့် Export ဝယ်လက် မရှိခဲ့လို့ အငြိမ်ဈေးနဲ့သာ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ကုလားပဲမျိုးစုံဈေး ကွက်အနေနဲ့ ယခုအပတ် ထဲမှာ ပဲသစ်တွေ တစ်ရက်အိတ် ၁၅၀၀ ခန့် ဝင်လာခဲ့ပေမယ့် ပဲဟောင်းဈေးနဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်း V2 တစ်တင်း ၁၆၃၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၆၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၅၈၀၀ ကျပ်ဈေး အသီးသီးအမြင့်ဆုံး ပေါက်ခဲ့ကာ Export ဝယ်လက် မရှိဘဲ ဒေသလုပ်ငန်းသုံးသမားနဲ့ လှောင်လက်ဝယ်ယူမှုသာရှိခဲ့တယ် လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။
ပဲလွန်းဖြူကို နိုင်ငံများစွာမှာ စား သုံးမှုရှိပြီး၊ ကြိုက်နှစ်သက်မှုလည်း ရှိပါ တယ်။ နှစ်စဉ် မန္တလေးကုန်စည်ဒိုင် မှာ ပဲလွန်းဖြူတန်ချိန် ၁၅၀၀၀ ကျော် အရောင်းအဝယ်ရှိပါတယ်။ ဟုမ္မလင်း၊ မုံရွာ၊ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို စတဲ့ ဒေသများမှ ဝင်ရောက်မှုရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၀၀ ကျပ်၊ (တစ်တန် ၆၁၂၃၉၀)ကျပ်မှ ၁၁၁၇ ကျပ်(တစ်တန် ၆၈၄၀၄၀)ကျပ်နဲ့ နေ့စဉ် (၆၀ ပိဿာ ဝင်အိတ်) ၃၀၀ အိတ်မှ ၅၀၀ အိတ် (တန် ၃၀ ခန့်မှ တန် ၅၀ ခန့်)အရောင်း အဝယ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုလ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ လယ်မှာ ပဲလွန်းဖြူတစ်ပိဿာ ၈၈၃ ကျပ် (တစ်တန် ၅၄၀၇၄၀)ကျပ်မှ ၉၃၃ ကျပ် (တစ်တန် ၅၇၁၃၆၀)ကျပ်ဖြင့် နေ့စဉ် (၆၀ ပိဿာဝင်အိတ်) ၃၀၀ အိတ်မှ ၄၀၀ အိတ်(တန် ၃၀ မှ တန် ၄၀ ခန့်) အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။
