Background
ချင်း (ဥမ) များသာ အရောင်းအဝယ်ရှိ ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း၌ ချင်းတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး ချင်း (ဥမ) များသာ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှု အနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း (ဥမ) များ ပိဿာ ၃ဝ ဝင်အိတ် ၂၅ဝ ခန့် အဝင်ရှိပြီး အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၂ဝဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းရှိ ပွဲရုံများ၌ တစ်ရက်ကို ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်လျက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းဥမ (ရှယ်)၈ဝဝကျပ်၊ (ဂျွန်) ၅၅ဝ ကျပ်-၆၅ဝကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပြီး ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ
ဒီတစ်ပတ် ချင်းအပို့မရှိ ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လထဲမှာ ပထမပတ်နဲ့ တတိယပတ်တွေမှာ ချင်းတင်ပို့မှုရှိခဲ့ပြီး ဒုတိယပတ်နဲ့ နောက်ဆုံးပတ် မှာတော့ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လမှာ စုစုပေါင်း ချင်းတင်ပို့မှုမှာ တန်ချိန် ၆၄ ဒသမ ၅ တန်ရှိခဲ့ပြီး ဇွန်လမှာ ၁၂ ဒသမ ၅ တန်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လထက် တန်ချိန် ငါးဆယ်ကျော်လောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT (DOT)
အသွင်ထူးတဲ့ V2 V2 က ယခုနှစ်မှာ ထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့ပါပြီ။ အရောင်းအဝယ်ကောင်းတာရော၊ ဈေးရတာရော ကောင်း ခဲ့ပါတယ်။ ယခုတစ်ပတ်ထဲမှာ ပဲတီစိမ်း၊ ပဲစင်းငုံစတဲ့ပဲတွေ အားလုံးထက် V2 က အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေးမှာ ကုလားပဲခွဲခြမ်းစက်တွေလည်း အဝယ်ဖြစ်ကြပါတယ်။ V2 က မန္တလေး ကထိန်တော်အသင်းမှာ ယခင် တစ်ပတ်က တစ်ပိဿာကို ၁၁၁၈ ကျပ်ဈေးရှိပြီး၊ ယခုဈေးက ၁၁၄၄ ကျပ်ဖြစ်ပါတယ်။ အရောင်းအဝယ်လည်းမှန်မှန်ရှိပြီး ဒီတစ်ပတ်ထဲမှာ အိတ် ၃ဝဝဝ ကျော်လောက် အရောင်း အဝယ် ဖြစ်တယ်လို့သိရပါတယ်။ V2 က V7 ထက် စိုက်ရက် တိုလို့ တောင်သူကကြိုက်ပါတယ်။ ခွဲစက်သမားကလည်း ပဲခွဲရတာလွယ်ကူလို့ကြိုက်ပါတယ်။ ဒါကြောင့်မန္တလေး တစ်ဝိုက်မှာတော့ V2 ကိုသာအစိုက်များပြီး အလုံးဆိုဒ် ကလည်း မုံရွာ V2 ထက်ကောင်းသေးလို့ သေချာသန့်ပြီးစိုက် ရင် အလုံးလှပြီး ဈေးကောင်းရနိုင်တယ်လို့ ဆိုကြပါတယ်။ ယခုနှစ်ဆောင်းမှာတော့ V2 နဲ့ ရေဆင်း-၆ ခေါ် 929 အဝါမျိုးကိုစိုက်ကြဖို့ ရှိပါတယ်။ သက်သက်နိုင်
ပြည်ဘိုကိတ်အရည်အသွေးညံ့လို့ ဈေးကျ ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ အခြားတိုင်းများနှင့် တိုင်းအတွင်းရှိ မြို့နယ်များမှ အဝင်မရှိသလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဘိုကိတ်အရောင်ပျက်ပဲများမှာ တစ်တင်းကို ၇ဝဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး အရည် အသွေးကောင်းပြီး၊ အရောက်တောက်သည့်ပဲများကိုတော့ တစ်တင်း ၁၁ဝဝဝ ကျပ်ထိ ဈေးပေးတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာလည်း လက်လီသမားများသာ ဆက်လက်အဝယ်ရှိနေပြီး တစ်ရက်ကို ၁ဝ အိတ်မှ ၁၅ အိတ်ထိ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဈေးအပြောင်းအလဲမရှိတဲ့ ပြည်ပဲနီပြားဈေးကွက် ပဲခူးတိုင်းဒေသကြီး ပြည်အတွင်း အခြားပဲများစိုက်ပျိုးမှု များသော်လည်း ပဲနီပြားသီးနံှကို မြို့နယ်တိုင်းတွင် စိုက်ပျိုးမှုမရှိဘဲ နတ်တလင်း၊ ရွှေတောင်မြို့နယ်များတွင်သာ ဧကအနည်းငယ်ခန့် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် ဈေးကွက်သို့လည်း ပဲနီပြားသီးနံှမှာ အများအပြားဝင်ရောက်မှုမရှိတဲ့အတွက် အခြားတိုင်းသို့လည်း တင်ပို့နိုင်ခြင်း မရှိကြတာကို တွေ့ရပါတယ်။ ဒေသတွင်း လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လက်ကား ရောင်းဝယ်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ပဲနီပြား သီးနံှဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂၂ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ဇွန်လမှစ၍ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ယခု သြဂုတ်လ ပထမပတ်ထိ ဈေးအပြောင်းအလဲမရှိဘဲ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မိုးပဲစိုက်ပျိုးမှု အခြေအနေကောင်းမွန်တာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျလာ အိန္ဒိယနိုင်ငံ အဓိကပဲစိုက်ပျိုးရာ ပြည်နယ်များမှာ မိုး ပဲမျိုးစုံ စိုက်ပျိုးမှု တိုးတက်နေခြင်းနဲ့အတူ ကုန်သည်များမှ ဈေး အမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ကုလားပဲဈေးများ ယခင် ရက်ထက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါလီမန်အစည်းအဝေးမှာ ဈေးနှုန်းမြင့်တက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခြင်းများကြောင့်လည်း ဈေးနှုန်းကို ကန့်သတ်စေ တယ် လို့ ခန့်မှန်းကြပါတယ်။ NCDEX မှာ သြဂုတ်လ ကုလားပဲ စာခုျပ်ဈေးက တစ်တန်ကို ဝ ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းပြီး ရူပီး ၃ဝ၆၁ဝ (ကန်ဒေါ်လာ ၆ဝ၃ ဒသမ ၄၈) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကာလဖြစ်တဲ့ လာမယ့်ရက်တွေမှာတော့ ကုလားပဲ ဈေး ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်၊ အတ္တရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းမှု တိုးတက်နေခြင်းကြောင့် ပဲထုတ်လုပ်မှု ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline
မူဆယ်ကပဲ အပို့ရှိတဲ့ ပဲယင်း ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ သာ ကန်ဒေါ်လာ ဝ ဒသမ ၁၉၁ သန်းတန်ဖိုးရှိတဲ့ ပဲယင်း ၃၆၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ တမူးနယ်စပ်များမှ ၇၃၅ တန်ကျော်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ထက်ဝက်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်းများကို မူဆယ်က နေ တင်ပို့နေတာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေးမြင့်တက်နေသော် လည်း တစ်ဖက်နိုင်ငံဈေးလျော့နည်းလျက်ရှိပါတယ်။ ဇူလိုင်လအတွင်းမှာ ပဲယင်းတင်ပို့မှု ၁၉၇၉ တန်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၉၄ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇူလိုင်လထိ ၃၇ဝဝ တင်ပို့ထားပြီး ယမန်နှစ်ကာလတူထက် တန် ၁၄ဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲယင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၄၃၃၂ ၃၁၂၃၇၂ ၁၁၉၆ဝ ၄ ၄၈၁ ၄၉၅ ၁၄ ၃MIRT (DOBT)
ပြည်ပဲကြီး (ရွှေကျွန်း) ရန်ကုန်ဝယ်လက်ရှိနေ ပြည်ဈေးကွက်သို့ ပဲကြီးဝင်ရောက်မှုအနေဖြင့် အဝင်ပါးလာခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လကုန်ထိ ဒေသတွင်း အဝင်ပါးလာသော်လည်း မကွေးတိုင်းဒေသကြီးဖက်မှ အိတ် ၅ဝဝ ကျော်ဝင်ရောက်ခဲ့ပါတယ်။ ယခုသြဂုတ် လဆန်းပိုင်းမှာတော့ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကာ ပဲကြီးရွှေကျွန်း တစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားတစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဒေသတွင်း ပဲကြော်လုပ်ငန်း သမားများ အဝယ်ရှိပြီး တစ်ရက်အိတ် ၂၅ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်သလို ရန်ကုန်ဝယ်လက်သမားများမှ ပဲကြီးရွေကျွန်း အဝယ်ရှိခဲ့တာကြောင့် အိတ် ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ထောပတ်ပဲ အဖွင့်ဈေးကောင်းခဲ့ပေမယ့် နောက်ပိုင်းဈေးကျလာ ပြည်ဈေးကွက်အတွင်း ထောပတ်ပဲမှာ အဝင်မရှိသလို အရောင်းအဝယ်လည်း အေးနေခဲ့ပါတယ်။ ယခင်အပတ်က ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုရှိခဲ့သော်လည်း သြဂုတ်လဆန်းပိုင်းတွင် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲဈေးနှုန်းမှာ ယခင်နှစ်က ပဲပေါ်စအချိန်တွင် တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မေလနောက်ပိုင်းမှစ၍ ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်လာခဲ့ပြီး သြဂုတ်လအတွင်း တစ်တင်း ၂၆ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုနှစ်မှာ တော့ ပဲပေါ်စအချိန်တွင် တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ဧပြီလကုန်မှစ၍ ဈေးကျလာပြီး ဇွန်လအတွင်း ၁၇ဝဝဝ ကျပ်နဲ့ ဇူလိုင်လဆန်းမှစ၍ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ယခုသြဂုတ်လ ပထမပတ်အထိ ၎င်းဈေးအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခုတစ်ပတ် ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအနည်းငယ်တက်လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲ နဲ့ မြေထောက်ပဲတို့ အရောင်းအဝယ်စာချုပ်ချုပ်နိုင်မှုဟာ ယခုအပတ် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်ထိ ထောပတ်ပဲ တန် ၁၃ဝ ကျော်၊ မြေထောက်ပဲ FAQ တန် ၃၃ဝ ခန့် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ထောပတ်ပဲတန် ၁ဝဝ၊ မြေထောက်ပဲ တန် ၂၇ဝ ကျော်ရှိတာ ကြောင့် ယခုအပတ် အရောင်းအဝယ်အနည်းငယ်ပိုလာ ပါတယ်။ ယခုအပတ် ထောပတ်ပဲကို တရုတ်၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး မြေထောက်ပဲကို အိန္ဒိယ၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ကဈေးများအနေနဲ့ သြဂုတ်လ ၄ ၇က်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ဖြစ်တာကြောင့် ယခုအပတ် ထောပတ်ပဲဈေးငြိမ်ပြီး မြေထောက်ပဲဈေး ပို လာတာ တွေ့ရပါတယ်။ MIRT- MAPT