Main menu

Background

Tuesday, 26 Jul 2011

ဝယ်လက်ရှိလို့ အောင်ပန်းချင်းဈေးကွက်သွက်                     ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ရှမ်းချင်း (စို) ဈေးတွေအနည်းငယ်တက် လာပါတယ်။ စစ်တွေဝယ်လက်တွေ ဝယ်ယူနေတာကြောင့် ပြီးခဲ့တဲ့ အပတ်ကထက် တစ်ပိဿာကို ၅ဝ ကျပ်-၆ဝ ကျပ်ခန့်ဈေးတက်နေတယ်လို့ သိရပါတယ်။ ကလော မြို့နယ်နဲ့ နန်းတိုင်းနယ်တွေက ပုံမှန်အဝင်ရှိနေပြီး ပင်လောင်းဖက်ကတော့ အဝင် နည်းသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး တန်ပိုနှုန်းတွေ သတ်မှတ် တာကြောင့် တင်ခတွေလည်း ဈေးပြန်တက် လာပြီး ချင်းတစ်ပိဿာ တင်ခ ၂ဝ ကျပ်ခန့် တက်လာတယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ် အေးနေပြီး လက်ကျန်တွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။ ချင်း (ဥမ) တွေကတော့ ဒီထက်ဈေး ထပ်မတက်လာရင် နောက်တစ်ရာသီအထိ လက်ကျန် ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။                  ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၃၃ဝ ကျပ်-၃၅ဝ ကျပ် ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၁၇ဝဝ - ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။                     ဧဧခိုင်

Tuesday, 26 Jul 2011

ချင်း (ဥမ) များအရောင်းသွက် ပြည်ဈေးကွက်                    ပြည်မြို့ ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်) နဲ့ ချင်း (ဥမ) များ ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်တွင် အောင်ပန်း၊တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃ဝဝင်အိတ်၃ဝဝ ခန့်အဝင် ရှိ ၍ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များအနေနဲ့ လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး ချင်း (ဥမ) များကို အဝယ်များနေ တယ်လို့လည်း ချင်းပွဲရုံတွေက တစ်ဆင့် သိရပါတယ်။ ဈေးကွက်အတွင်း ယခု တစ်ပတ်ချင်းဈေးမှာ တစ်ပိဿာကို ချင်း (ဥမ) ၅၅ဝ ကျပ်-၆၅ဝ ကျပ်၊ ချင်းတက် (ဂျွန်)၁၁ဝဝ ကျပ်၊ (ရှယ်)၁၂ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ဧရာဝတီတိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန် ၂၅ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 26 Jul 2011

ပြည်ဘိုကိတ်ပဲ အရောင်းအဝယ်အေးနေ                   ဇူလိုင် တတိယပတ်တွင် ဘိုကိတ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၁ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ပတ်များက တိုင်းဒေသကြီး အတွင်းရှိ လက်လီသမားများ အဝယ် ပါးနေတဲ့အတွက် အရောင်းအဝယ် မဖြစ်သလောက်ရှိတယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိသလို တိုင်းဒေသကြီးအတွင်း မြို့နယ်များမှလည်း အခြားတိုင်းဒေသ ကြီးသို့ တင်ပို့မှုမရှိဘဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Tuesday, 26 Jul 2011

ရန်ကုန်ဝယ်လက် အဝယ်ရှိလို့ အရောင်းသွက်တဲ့ ပြည်ပဲကြီး                   ပြည်ဈေးကွက်သို့ ဒေသတွင်း မြို့နယ်များမှ ပဲကြီး အဝင်မရှိတော့ဘဲ အောင်လံ၊ ပြလို့ဖက်မှ ယခုရက်ပိုင်းတွင် အိတ် ၆ဝဝ ကျော် အဝင်ရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲကြီးရွှေကျွန်းမှာ အိတ် ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ပဲကြီး(ကမ်းနား)ကတော့ အိတ် ၇ဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းပဲကြော်ဖို လုပ်ငန်းသမားများ အဝယ်ရှိသလို ရန်ကုန်ဝယ် လက်များလည်း အဝယ်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်ထက် အရောင်းအဝယ် သွက် နေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ပဲကြီးရွေကျွန်း တစ်တင်း ၁၇၅ဝဝ ကျပ်နဲ့ ယခင်တစ်ပတ်ထက် ၁ဝဝဝ ကျပ်ဈေးမြင့်ခဲ့ပြီး ပဲကြီးကမ်းနားမှာ တစ်တင်း ၁၅၅ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။                              ခင်ဆွေဝင်း

Tuesday, 26 Jul 2011

မူဆယ်နယ်စပ်မှ ပဲယင်းတင်ပို့မှုပို                 မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၂၁၇ သန်းတန်ဖိုးရှိ ပဲယင်း ၃၆၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂ဝ၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                       မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)ယခု              ယခင်     ပြောင်းလဲမှု    %    ယခု     ယခင်   ပြောင်းလဲမှု     %၃ဝ၆၁၆ဝ     ၃၃၁၂၁၃     ၂၅ဝ၅၃        ၈     ၄၉၅     ၅၅၇         ၆၂           ၁၃MIRT (DOBT)

Tuesday, 26 Jul 2011

ကမ္ဘာ့ပဲမျိုးစုံအထွက်ကျဆင်းမယ်ခန့်မှန်း၊ ဈေးနှုန်းဆက်လက်ခိုင်မာဖွယ်ရှိ                   ကမ္ဘာ့ပဲအဓိက ထုတ်လုပ်၊ တင်ပို့တဲ့ နိုင်ငံများမှာ စိုက်ဧက ကျဆင်းခြင်း၊ သီးနံှအထွက် လျော့ကျဖွယ် ရှိခြင်းတို့ ကြောင့် ၂ဝ၁၁ အတွင်း ကမ္ဘာ့ပဲမျိုးစုံထုတ်လုပ်မှုကလည်း ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ရောင်းချမှုနည်းနိုင်တယ်လို့ ကနေဒါအထူးသီးနံှများအသင်းညီလာခံမှာ ကျွမ်းကျင်ပညာ ရှင်များက ဆိုပါတယ်။ ၂ဝ၁ဝ ရဲ့ ကမ္ဘာ့ပဲမျိုးစုံထုတ်လုပ်မှုဟာ တန်ချိန်သန်း ၆ဝခန့်မှန်းထားပြီး လက်ရှိနှစ်မှာတော့ ကနေဒါ နဲ့ အမေရိကန်တို့လို တင်ပို့မှုကြီးမားတဲ့ နှစ်နိုင်ငံလိုပဲ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်တဲ့ အိန္ဒိယတို့မှာ စိုက်ဧရိယာ လျော့ ကျတာကြောင့် တန်ချိန် ၅၇ သန်းနီးပါးကို ကျဆင်းနိုင်တယ် လို့ ဆိုပါတယ်။                     စားသုံးသူဈေးကွက် ဝယ်လိုအားက တည်ငြိမ်ဖွယ်ရှိတာ ကြောင့် ရောင်းလိုအားနည်းမယ်ဆိုရင် ဈေးနှုန်း ခိုင်မာလာဖို့ ပဲ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၂ဝ၁၁ အတွက် ကမ္ဘာပဲလုံး ထုတ်လုပ်မှုဟာ ယခင်နှစ်က တန် ၁ဝ ဒသမ ၁ သန်းရှိခဲ့ရာမှ တန်ချိန် ၈ ဒသမ ၇ သန်းကိုကျဆင်းနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ပဲရာဇာ (ပဲနီလေး) ထုတ်လုပ်မှု ဟာ ယခင်နှစ်က တန်ချိန် ၄ ဒသမ ၂ သန်းရှိရာမှ တန်ချိန် ၃ ဒသမ ၉ သန်းကို ကျဆင်းနိုင်ပြီး အလားတူကုလားပဲလုံးက လည်း ယခင်နှစ်က တန်ချိန် ၉ ဒသမ ၂ သန်းရှိရာမှ တန်ချိန် ၈ ဒသမ ၆ သန်းကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ အလားအလာအပေါ် ပညာရှင်များရဲ့ ဆွေးနွေးချက်အရ အိန္ဒိယနိုင်ငံမှာ ကုလားပဲဈေး ကြီးမြင့်ခြင်း ကြောင်း ပဲဝါလေးတင်သွင်းမှုကိုမြှင့်တင်လာလိမ့်မယ်လို့ ဆိုပါတယ်။ပဲဝါလေးဟာကမ္ဘာ့ဈေးကွက်အတွင်း ဈေးးအသက်သာ ဆုံးပဲအဖြစ် ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ၂ဝ၁ဝ ခုနှစ် အတွင်း ပဲဝါလေး တင်သွင်းမှုတန်ချိန် ၁ ဒသမ ၅ သန်းအထိ ရှိခဲ့လို့ ကမ္ဘာမှာ ပဲဝါလေးအများဆုံး တင်သွင်းသူဖြစ်လာခဲ့ပါတယ်။ အလားတူ အိန္ဒိယပဲနီလေးဈေးက အမြင့်မှာဘဲ ရှိ နေတာကြောင့် ကနေဒါ  ပဲနီလေးတင်ပို့မှု တိုးတက်ခဲ့ပါတယ်။             အိန္ဒိယဈေးကွက်ရဲ့ ဈေးနှုန်းကို ဦးစားပေးမှုကြောင့် အဲဒီပဲ များကို အစားထိုးရောင်းဝယ်လာကြတာ ထင်ရှားနေပါတယ်။ကမ္ဘာမှာပဲလုံးနဲ့ ပဲရာဇာ (ပဲနီလေး၊ ပဲဝါလေး) အများဆုံး တင်ပို့နေတဲ့ ကနေဒါနိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်ကထဲက ရာသီ ဥတုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း ပဲမျိုးစုံဟာ ငွေပိုရပြီး စိုက်ပျိုးဖို့ အဆင်ပြေတဲ့ အခြားသီးနံှများ ပြောင်းလဲစိုက်ပျိုးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ဒါကြောင့် ၂ဝ၁၂ မှာ ပဲမျိုးစုံစိုက်ဧရိယာ တိုးခဲျ့ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။               ၂ဝ၁၁ အတွက် ပဲမျိုးစုံဈေးကွက်အလားအလာအနေနဲ့ ကနေဒါ၊ အမေရိကန်နဲ့ အိန္ဒိယအပါအဝင် အဓိက ပဲထုတ် လုပ်ရာ ဒေသများက ရောင်းချမှုထိခိုက်နိုင်ပေမဲ့ ဝယ်လိုအား ကတော့ခိုင်မာနေဆဲလို့ဆိုပါတယ်။ ယေဘုယျအနေနဲ့ တောင် အာရှနဲ့ အိန္ဒိယတို့မှာ စားသုံးမှု ဝယ်လိုအားကြီးမားနေတာ ကြောင့် အဲဒီနိုင်ငံများဟာ ကနေဒါ အထူးသီးနံှဆွေးနွေးပွဲကို အထူးအလေးထားစောင့်ကြည့်ခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက် အနေနဲ့ အိန္ဒိယ မိုးပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းဖွယ်ရှိခြင်း က ဈေးနှုန်းအမြင့်ဘက်ကို ဦးတည်စေပါတယ်။ ဇူလိုင်လ အစော ပိုင်းအိန္ဒိယပဲစိုက်ပျိုးမှု နောက်ကျလျက်ရှိပြီး စိုက်ဧရိယာ တိုးတက်မှု ရှိမရှိနဲ့ သီးနံှထုတ်လုပ်မှု ခန့်မှန်းချက်တော့ ထွက် မလာသေးဘူးလို့ သိရပါတယ်။        ယမင်းရွှေစင်၊ Source: businessline

Tuesday, 26 Jul 2011

ရန်ကုန် FOB အရောင်းအဝယ်မှာ တဖြည်းဖြည်းနည်းလာတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ် မှုမှာ တစ်ပတ်ထက်တစ်ပတ် လျော့ကျလာ နေပါတယ်။ ပြည်တွင်းလက်ကျန်ပါးနေပြီဖြစ်လို့ ဝယ်လိုအားကောင်းပေမဲ့ အရောင်း စာချုပ်နည်းခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲ တန်ချိန် ၂၇ဝ နဲ့ မြေထောက်ပဲတန် ၂ဝ ကျော်သာ FOB အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။             ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၅၆ဝ နဲ့ မြေထောက်ပဲတန်ချိန် ၇၃ဝ ခန့် ပြည်ပအရောင်း အဝယ် စာချုပ်ခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ ၂၁ ရက် မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ  FAQ တစ်တန် ကန်ဒေါ်လာ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။            MIRT - MAPT

Tuesday, 26 Jul 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အရှိန်ကောင်းနေဆဲ                ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုတစ်ပတ် (ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်) ထောပတ်ပဲတင်ပို့မှု တန်ချိန် ၄ဝဝ ကျော်ရှိနေပေမဲ့ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၃ဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၅၅ဝ နဲ့ မြေထောက်ပဲတန် ၇ဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ သိသိသာသာလျော့ကျခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပဲများ စုဆောင်းတင်ပို့ရတာ ဖြစ်လို့ လက်ကျန်နည်းလာတာနဲ့အမျှ တင်ပို့မှုလည်း လျော့ကျခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြည်ပတင်ပို့မှုစုစုပေါင်းဟာ မြေထောက်ပဲတန် ၅ဝဝဝ ခန့်ရှိပြီးထောပတ်ပဲ တန်ချိန် တစ်သောင်းကျော်ပြီဖြစ်လို့ ယခင်နှစ်ကာလတူ တင်ပို့ ခဲ့တဲ့ ထောပတ်ပဲ တန် ၇၈ဝဝ နဲ့ မြေထောက်ပဲ တန် ၃၆ဝဝ တို့ထက် ပိုမို တင်ပို့ နိုင်တာတွေ့ရပါတယ်။MIRT - MAPT

Tuesday, 26 Jul 2011

လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲ FOB အရောင်းအဝယ်လျော့                  ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးတန် ၅ဝဝဝ နီးပါး ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ယခု ဇူလိုင် လ ၁၆ ရက်မှ ၂၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၈ဝဝ ခန့်သာ စာချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားကောင်းနေဆဲဖြစ်ပေမဲ့ ပြည်တွင်း လက်ကျန် နည်းနေပြီဖြစ်လို့ အရောင်းအဝယ်ပမာဏလျော့ကျခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာတော့ ကုလားပဲဖြူကြီး တန်ချိန် ၈ဝဝဝ ခန့် ပြည်ပ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း ဇူလိုင်လ ၂၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိကြောင်း သိရပါတယ်။               MIRT - MAPT

Tuesday, 26 Jul 2011

လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၁၅ဝဝ တင်ပို့                   ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုဟာ ယခုတစ်ပတ် မှာလည်း တန် ၁၅ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဝယ်လိုအားကောင်းနေပေမဲ့ လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ်ဇူလိုင်လ ၁၄ ရက် အထိ ကုလားပဲဖြူလုံးကြီး တန် ချိန် ၃၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန် ၅ဝဝ သာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲအားလုံးထဲမှာ ကုလားပဲကို ပြည်ပဝယ်လက်ရော ပြည်တွင်းခွဲစက် များကပါ ဝယ်လိုအားဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။               MIRT - MAPT

Pages