Main menu

Background

Friday, 20 May 2011

မန်ကျည်းမှည့် အစေ့ပါလည်း တင်ပို့ နေဆဲ                     မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ မန်ကျည်း မှည့်အစေ့ပါ ၂၃၉ တန်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒဿမ ၁၉ဝ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၉ဝ ကျော် တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခုနှစ် ဧပြီလ တွင် နယ်စပ်မှ မန်ကျည်းမှည့် တန် ၁၃၂ဝ တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။     MIRT (DOBT ) 

Friday, 20 May 2011

မန်ကျည်းဈေးကောင်းခဲ့                  ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကနေ မေလ ၁ ရက်မှ ၇ ရက် တာကာလအတွင်း မန်ကျည်း၂၄၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်၊ မလေးရှား ကို ၇၅ တန်၊ ပါကစ္စတန်ကို ၅ဝ တန်နဲ့ စင်ကာပူကို ၉၂ တန်အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၉၅ တန်သာ တင်ပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် လေးဆယ်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။ ယခင် သီတင်းပတ် အက်ဖ်အိုဘီ ဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၉ဝ ဝန်းကျင်ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ် မှာ ကန်ဒေါ်လာ ၄၂ဝ ဝန်းကျင်ထိရရှိခဲ့လို့ မန်ကျည်း ဈေး ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) 

Friday, 20 May 2011

ယခုနှစ်ရှမ်းနနွင်း အစိုက်နည်း                 ရှမ်းပြည်နယ်တောင်ပိုင်းမှာ သီးနံှတွေပြန်စိုက်တဲ့ အချိန်ဖြစ်တာကြောင့် နနွင်း တွေလည်း ပြန်စိုက် နေပါပြီ၊ ပြန်စိုက်တဲ့ အချိန်ကြောင့် ဈေးကွက်ကိုလည်း ပစ္စည်း အဝင်နည်းပြီး အရောင်းအဝယ်ကလည်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လှောင်လက်တွေထံမှာလည်း လက်ကျန် အတော်များများ ကျန်နေပါသေးတယ်။ နနွင်းလက်ကျန်က အတော်များများ ကျန်နေသေးတာကြောင့် ဒီနှစ်က နနွင်းအစိုက်နည်းသွားပြီး ဂမုန်းမွှေးကို ပိုစိုက်ကြတယ်လို့လည်း ဒေသခံ တောင်သူတွေထံက သိရပါတယ်။ အရင်နှစ်တွေက နနွင်းဈေးကောင်းတာကြောင့် အစိုက်များလို့ အထွက်နှုန်းကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီနှစ်က ပြည်ပ ဝယ်လိုအား နည်းတာကြောင့် နနွင်းဈေးက ခပ်အေးအေးဖြစ်နေလို့ လက်ကျန်တွေ အတော်များ နေတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်ဈေးရှိပြီး ဟိုပုံး ဈေးကွက်မှာတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး နနွင်းမှုန့်ပြုလုပ်ရန်အတွက် နနွင်းခေါင်းတွေကတော့ အရောင်း အဝယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ နနွင်းခေါင်းက (လှရင်) တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပရဆေးဖော်ဖို့အတွက်တော့ နနွင်းခေါင်း တွေကို ဝယ်ယူနေပြီး တစ်ပိဿာ ၅ဝဝ ကျပ် - ၆ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Friday, 20 May 2011

နနွင်းတက်                  မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒဿမ ၁၆၇ သန်း တန်ဖိုးရှိ နနွင်းတက် ၈၆ တန်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး နနွင်းတက် တန် ၉ဝဝ ကျော် တင်ပို့နိုင် ခဲ့တဲ့အတွက် ယမန်နှစ်ကာလတူထက် တန် ၇ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။                                                     MIRT (DOBT ) 

Friday, 20 May 2011

ပြည်ချင်းဈေးကျပေမဲ့ အရောင်း အဝယ်အေး                       ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပိဿာ ချိန် ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ အဝင်လှိုင် လာပါတယ်။ ပွဲရုံလုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းများကို ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ချပြီး အရောင်းအဝယ်လုပ်လျက်ရှိနေပါတယ်။ ဈေးကျပေမဲ့ အဝယ်မလိုက်ဘဲ ချင်း (ရှယ်) တစ် ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ် တို့နဲ့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်သာရှိ၍ အရောင်း အဝယ်များအေးနေပါတယ်။ ဧရာဝတီနှင့် ရန်ကုန်ဘက် သို့လည်း ယခုတစ်ပတ်အတွင်း စားသုံးမှုအဖြစ် ဈေးကွက် မှတစ်ဆင့် တစ်နေ့ကို ယခင်အပတ်ကထက် ထက်ဝက်ခန့် သာ ရောင်းဝယ်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Friday, 20 May 2011

ချင်းစိုက်ချိန် ချင်းပြန်ဖော်လို့ ရှမ်းချင်း ဈေးအေး                ဒီတစ်ပတ် ချင်းစို ဈေးအနည်းငယ်ပြန်ကျနေပါတယ်။ ပြန်စိုက်ချိန်ရောက်လာတာကြောင့် တောင်သူတွေက လည်း ချင်းတွေ ပြန်ဖော်လာကြပြီး၊ ချင်းအဝင်များလာလို့ ဈေးကလည်း ပြန်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ ပြည် တွင်း အသုံးပြုဖို့အတွက် ရန်ကုန်၊ မန္တလေးမြို့တွေက အဝယ်များနေပါတယ်။ ဒီတစ်ပတ် ချင်းစိုက တစ်ပိဿာ ၄ဝဝ ကျပ် မှ ၉ဝဝ ကျပ်ဈေး သာရှိပါတယ်။ ချင်းခြောက်တွေလည်း လှောင်လက်တွေမှာ အတော်များများ ကျန်နေသေးတယ်လို့ လည်း သိရပါတယ်။             အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ဈေးက တစ်ပိဿာ ၂၁ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီး ဈေးကွက်မှာ တစ်ပိဿာ၂၄ဝဝ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ချင်းပိဿာချိန်ပေါင်း ၅ ဒသမ ၄ သိန်း စီးဆင်းသွား တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ဧဧခိုင် 

Friday, 20 May 2011

ဒီတစ်ပတ်ချင်းအပို့သာခဲ့                ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၁ ရက်မှ ၇ ရက်တာ ကာလအတွင်း ချင်း တန်ချိန် ၃၃ တန်ကို ပင်လယ်ရေ ကြောင်းလမ်းကနေ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ ကတော့ စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၈ တန်သာ တင်ပို့နိုင်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှာ ၂၅ တန်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၁၄၉ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၄၉ဝဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Friday, 20 May 2011

သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူအရှုံးမရှိ                     သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူလက်ထဲတွင် ကုန်ကြမ်းများ ရောင်းချပြီးဖြစ်ခြင်းကြောင့် အရှုံးမရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌ ဦးဝင်း ဌေးက '' သကြားဈေး ကျတဲ့အချိန်မှာ ပွဲရုံလက်ထဲ၊ စက်ပိုင်နဲ့ လှောင်လက်မှာဘဲ ကုန်ရှိတဲ့အတွက် တောင်သူအရှုံးမရှိဘူး။ ဒီနှစ်က ကြံအထွက်နှုန်းကောင်းတယ်။ မနှစ်ကထက်စာရင် အထွက်နှုန်းတိုးတဲ့အတွက်ရော၊ ရာသီဥတု မိုးရွာနေတော့ ဖျော်ရည်သမားတွေအဆွဲနည်းနေတာကြောင့်ရော၊ ရန်ကုန်ဘက်က အဆွဲမရှိဘဲ မန္တလေးဈေးကွက်ထဲဘဲ အဝယ်ရှိနေတော့ သကြားဈေး ထိုးကျလာတယ်။ ဒီနှစ်နွေရာသီမှာ ဖျော်ရည်လုပ်ငန်းရှင်က သုံးပုံတစ်ပုံဘဲသုံးတော့ လုပ်ငန်းရှင်တစ်ဦးကို အရင်အိတ် ၃ဝဝ ရောင်းရရင် ဒီနှစ်မှာအိတ် ၁ဝဝ လောက်ဘဲရောင်းရတယ်''လို့ ပြောပါတယ်။                      သကြားဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာကို ၁၃၈ဝ ကျပ်ရှိခဲ့ရာမှ မေလဆန်းပိုင်းတွင် အနိမ့်ဆုံးဈေး ၁၂၂ဝ ကျပ်၊ အမြင့်ဆုံးဈေး ၁၂၆ဝ ကျပ်သာ ရှိကြောင်း၊ တင်လဲရည်ဈေးမှာ တစ်ပိဿာကို ၂၅ဝ ကျပ်မှ ၂၃၅ ကျပ်ထိ ဈေးကျ ဆင်းလာကြောင်း၊ ပွက်ရည်တစ်ပိဿာကို ၇၈ဝ ကျပ်မှ ၆၄ဝ ကျပ်ထိ ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး

Friday, 20 May 2011

ယခုအပတ်မှာ ပြောင်းတင်ပို့မှု ယခင်အပတ်ထက် တန်ချိန် ၅ဝဝဝ ကျော်ပိုမို                  မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ်နယ်စပ် နှစ်ခုမှ ပြောင်းဖူးစေ့ တင်ပို့နိုင်မှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၉၅ သန်းဖိုးရှိပြောင်းတန်ချိန် ၁၅ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်း ၃ ခုမှ ပြောင်းတန်ချိန် ၉၆ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၅၃၈၉ တင်ပို့မှုပိုမိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ တန်ချိန် ၅ဝ၃၃ တန်နဲ့ လွယ်ဂျယ်နယ်စပ်မှ တန် ၅ဝဝ ကျော်တင်ပို့မှု ပိုမိုခဲ့ပြီး ယခု အပတ် ချင်းရွှေဟော်နယ်စပ်မှ တင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဖက်ရော တစ်ဖက်နိုင်ငံမှာပါ ပြောင်းဈေးများ လျော့ကျလျက်ရှိသော်လည်း သယ်ယူစရိတ်မှာ တစ်ပိဿာ ၂ဝ ကျပ်နှုန်းသာ ရှိတဲ့အတွက် ပြောင်းတင်ပို့မှု ပိုမိုခဲ့ရတာလို့ မူဆယ်မှ ပြောင်းတင်ပို့သူ တစ်ဦးထံမှ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြ ပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု            ယခင်      ပြောင်းလဲမှု     %        ယခု     ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့      ၂၃၈၈၅ဝ       ၂၄၉၇၉ဝ     ၁ဝ၉၄ဝ        ၄ .၆     ၂၇၄     ၂၇၇          ၃           ၁နံှစားပြောင်း       ၁၉၅၂၆ဝ      ၂၂၅၁၉၁     ၂၉၉၃၁        ၁၅ .၃    ၂၆၂    ၂၇၆         ၁၄           ၅MIRT (DOBT)

Friday, 20 May 2011

တစ်ပတ်အတွင်း ပြောင်းတန် ၁၅ဝဝ နီးပါးသာ တင်ပို့နိုင်                မေလ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁၄၉ဝ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၉၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန်ချိန် ၃ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ အင်ဒိုနီးရှား နိုင်ငံကို တင်ပို့မဲ့ ပြောင်းတွေအတွက် ခွာနာလျှာနာ ရောဂါကင်းကြောင်း ထောက်ခံချက်ကိစ္စကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းဆွေး နွေးဆောင်ရွက်ပေးပြီးပြီလို့ သိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယကို ၅ဝ၆ တန်၊ ဗီယက်နမ်ကို ၂၄ဝ တန်နဲ့ အင်ဒိုနီးရှားကို ၇၄၄ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားမှာ ဈေးရလျက်ရှိပါတယ်။ KZW

Pages