Background
မြေထောက်ပဲတင်ပို့မှု တိုးလာပေမဲ့ ထောပတ်ပဲတင်ပို့မှုလျော့ကျ ယခင်သီတင်းပတ်က ထောပတ်ပဲ တန်ချိန် ၂၅ဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝ ကျော်ကို လျော့ကျခဲ့ပြီး မြေထောက်ပဲ ကတော့ တန်ချိန် ၂၇ဝ ကျော်ကို တိုးတက်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မြေထောက်ပဲက ဈေးကွက်တွေထဲ အဝင်များလာပြီဖြစ်လို့ တင်ပို့မှု တက်လာတာဖြစ်ပြီး ထောပတ်ပဲကတော့ ယောဘက်က အဝင်နည်းသေးတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပတင်ပို့မှုကို လေ့လာရာမှာ မတ်လ ၁၁ ရက်နေ့အထိ မြေထောက်ပဲတန်ချိန် ၁ဝဝဝဝ နီးပါးနဲ့ ထောပတ်ပဲတန် ၉၆ဝဝ ခန့် တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ မြေထောက်ပဲ တန်ချိန် ၁၃ဝဝဝ ခန့်နဲ့ ထောပတ်ပဲ တန်ချိန် ၁၁ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ် လက်ရှိအချိန်မှာ တင်ပို့မှု လျော့နည်းနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများနဲ့ ပြောင်းလဲခြင်းမရှိဘဲ မတ်လ ၁၈ ရက်နေ့မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ထောပတ်ပဲ FAQ တစ်တန်ကို ကန် ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
မန္တလေးမြို့မှ Wet Polishing စနစ်သုံး ကုလားပဲ ဈေးကွက်အတွင်း ရောင်းအားသွက် မန္တလေးမြို့၊ စက်မှုဇုန်အမှတ်-၂ မှာတည်ရှိတဲ့ ငြိမ်းချမ်းရေး ပဲခွဲစက်ဟာ တစ်နာရီကို ၃ဝ ပိဿာဝင် ကုလားပဲအိတ် ၂၆ဝ ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ တစ်ရုံဖြစ်ပြီး၊ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေဟာလည်း ပြည့်စုံကောင်းမွန်တာ ကို တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေကတော့ အကြိုပဲအခွံချွတ်စက် ၂ လုံး (Pre-Husking Unit) အပြီးသတ် ပဲအခွံချွတ်စက် ၄ လုံး (Final Husking Unit) ဖုံ၊ သဲ၊ ခဲခွဲခြားစက် (De-Stoner) ပဲအဆင့်ခွဲဆန်ကာ (Grading Unit) နဲ့ လေစုပ်စနစ် (Absorbing Fan Unit) တို့အပြင် ပဲအရောင်တင်စက် (Wet Polishing Unit) နှစ်လုံးကိုလည်းတီထွင်တပ်ဆင်ထားတာကိုတွေ့ရှိရပါတယ်။ ''ပဲအရောင်တင်စက် (Wet Polishing Unit) ကို ဆန်အရောင်တင်စက် နဲ့ တည်ဆောက်မှု အလုပ်လုပ်ပုံကို အခြေခံပြီး ကိုယ့်စက်ရုံမှာ တီထွင်ထုတ်လုပ် ထားပါတယ်'' လို့ လုပ်ငန်းရှင် ဦးဝင်းထွဋ်အောင်က ဖြေကြားခဲ့ပါတယ်။ ''ဒီလို တီထွင်ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ရိုးရိုးကုလားပဲတွေထက် အရောင် ပိုမို တောက်ပကောင်းမွန်ပြီး ပဲမှုန်ကပ်မှုမရှိလို့ ကြာရှည်သိုလှောင်ထားနိုင်မှု ရှိတဲ့အပြင် သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်'' လို့လည်းသိရပါတယ်။ ပဲအရောင်တင် စက် (Wet Polishing Unit) ဟာ လေနဲ့ရေကို အခိုျးကျရောနှောပြီး ပဲသွားလမ်းကြောင်းကို ရေဖျန်းစနစ် (Water Spray) တပ်ဆင်ပြီးPolisher နဲ့ အရောင် တင်ခြင်းကို လုပ်ဆောင်ထားကြောင်း တွေ့ရှိရပါတယ်။ ထုတ်ကုန်တွေ တန်ဖိုးမြှင့်မှ ဈေးကွက်မှာ ရောင်းအားကောင်းလို့ ဈေးကွက်ခိုင်မာမှုရှိတဲ့အတွက် ပဲခွဲစက်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး သတင်းပေးလိုက်ပါတယ်။ ဇေယျာဆွေ
မုံရွာကုလားပဲ နယ်လက်ထက် ခွဲစက်သမားပိုဆွဲ မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ နယ်စုံ က ကုလားပဲမျိုးစုံ အဝင်လှိုင်ခဲ့ပြီး ဝယ်လက်ကတော့ ရန်ကုန်၊ မန္တလေးနယ်လက် ထက် ဒေသတွင်းခွဲစက်သမားတွေက ပိုများခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုအပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများကတော့ ကုလားပဲရိုးရိုး တစ်တင်း ၁၆၇ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၈ဝဝ ကျပ်၊ ဗွီတူး တစ်တင်း ၁၈ဝဝဝ ကျပ်မှ ၁၈၈ဝဝ ကျပ်နဲ့ 929 တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၇ဝဝ ကျပ် အသီးသီးကျဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် နယ်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ ကုလားပဲမျိုးစုံတစ်နေ့ တင်း ၅ဝဝဝ ဝန်းကျင်ရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ အိတ်စပို့ဝယ်လက်အဆွဲနည်း လို့ ဈေးဆက်လက်အေးဖွယ်ရှိတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြပြီး ယခုလ ၁၅ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ နယ်တင်ပို့မှု အားနည်း လျက်ရှိရာ မန္တလေးကို တင်း ၂ဝဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁၅ဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ဟင်္သာတပဲတီစိမ်းဈေးမြင့်လာပြီး အရောင်းသွက် ဟင်္သာတဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာ ယခင် တစ်ပတ်ကပိဿာ ၂ဝတစ်တင်းကို ၂၉ဝဝဝ ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်းကို ၃၂၅ဝဝ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်တစ်ပတ် ထက် ဈေးပိုမြင့်လာခဲ့လို့ တောင်သူများအတွက်လည်းအကျိုး အမြတ်ပိုရလာပါတယ်။ ဈေးကွက်အတွင်း ပဲတီစိမ်းများ အရောင်းအဝယ်လည်း ကောင်းနေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ကို နေ့စဉ် တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့်အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ အေးအေးခိုင်
ပြည်ပဲတီစိမ်း လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ် ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းပဲတီစိမ်းကို ၂ဝ၁ဝ -၁၁ ခုနှစ်တွင် ၂၃ဝဝ၄ ဧကစိုက်ပျိုးခဲ့ပြီး ပြည်ခရိုင် အတွင်းမြို့နယ်များဖြစ်တဲ့ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ၌ အများဆုံးစိုက်ပိုျးထွက်ရှိခဲ့တာကို တွေ့ရပါတယ်။ အထွက်နှုန်းအနေဖြင၎င်းမြို့နယ်များ၌ တစ်ဧက ၁၄ တင်းနှုန်းနီးပါးထွက်ရှိခဲ့ကြပါတယ်။ ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလအထိ ပဲတီစိမ်းသီးနံှအများအပြားဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလဆန်းမှစ၍ အဝင်ပါးလာကာ ယခုမတ်လအတွင်း ဝင်ရောက်မှုမရှိတော့ဘဲ ပဲလက်ကျန်များသာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်း ၂၇ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြပြီး မတ်လအတွင်း ရန်ကုန်သို့ အိတ် ၇၅ဝ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲတီစိမ်း အဝင်နည်းပြီး ဈေးအေးလာ မန္တလေးဈေးကွက်ကို ပခုက္ကူ၊ ရွှေဘို၊ မြင်းမူ၊ အရာတော်၊ ဆားတောင်ဒေသများနဲ့ ပဲခူး၊ ဒိုက်ဦးမှ ပဲတီစိမ်းများ ဝင်ရောက်မှု ရှိနေကြောင်း သိရပါတယ်။ အရင်တစ်ပတ်ပေါက်ဈေး ပဲတီစိမ်းရိုးရိုး တစ်ပိဿာ ၁၂၄၄ ကျပ်-၁၅၆၄ ကျပ်၊ ရွှေဝါစ ၁၉ဝဝ ကျပ်ရှိခဲ့ပြီး အခုတစ်ပတ်မှာ ရိုးရိုးစ ၁၃၅ဝ ကျပ်-၁၅၁ဝ ကျပ်၊ ရွှေဝါ ၁၈၆၇ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ အဝင်လည်းနည်းပြီး ဈေးအေးလာပေမဲ့ တရုတ်ဘက်ရော ပဲခွဲစက်များပါ အရောင်းအဝယ် ရှိနေပါတယ်။ ဈေးကွက်မှာ ခရမ်းရွှေဝါစက ဈေးအမြင့်ဆုံးရှိနေပြီး မန္တလေးဈေးကွက်ကို ဝင်လာတဲ့ ရွှေဝါစများက အရည်အသွေးပိုင်းမှာ အလတ်စတွေပဲ ဝင်ပြီး ရှယ်စများက ရန်ကုန် Over Sea လိုင်းကိုသွားတယ်လို့ ကုန်သည်များမှ ဆိုပါတယ်။ တရုတ်ဈေးကွက်ကို ၂ဝ၁၁ ဖေဖော်ဝါရီလတွင်းက တန်ချိန် ၈ဝဝဝ ခန့် ပို့ခဲ့ပြီး မတ်လတွင်းမှာ တန် ၁၅ဝဝ ပဲတင်နိုင်သေးလို့ အရှိန်လျော့လာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာ ပဲတီစိမ်း ရိုးရိုးစနဲ့ လုံးကြီးထိပ်စများ လက်ကျန်နည်းနေကြောင်း သိရပြီး ခွဲစက်သမားများက တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၅၁ဝ ကျပ်အတွင်း တရုတ်လိုင်းသမားများကတော့ ရွှေဝါစ တစ်ပိဿာ ၁၈၆၇ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ သက်သက်နိုင်
နယ်စပ်မှာ အရောင်းအဝယ်အေး မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၅၁၅ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ပဲတီစိမ်း ၅၁၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၃ တန်နီးပါးတင်ပို့မှုလျော့နည်းခဲ့ပါတယ်။ယခုအချိန်မှာ တရုတ်ဖက်ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပဲတီစိမ်းဈေး ကွက်အရောင်းအဝယ်အေးပြီး ဝယ်ယူမှုနည်းပါးတဲ့အတွက် ယခုအပတ်မှာ တင်ပို့မှုလျော့နည်းရခြင်းဖြစ်ပါတယ်။ပြည်တွင်း ဈေးနှုန်းမှာ ယခင်အပတ်ပဲတီစိမ်းကြီး တစ်တန်ကို ၉၁၄၆၆၆ ကျပ်ရှိခဲ့ပြီး ယခုအပတ်မှာ ၈၂၇၄၁၄ မှ ၉၈ဝဝဝဝ ကျပ်၊ ပဲတီစိမ်းလတ်တစ်တန်ကို ၇၄ဝ၄၄၄ မှ ၇၆၂၂၂၂ ကျပ်၊ ပဲတီစိမ်းရွှေဝါတစ်တန်လျှင် ၁၁၃၂၄၄ ကျပ်မှ ၁၁၉၇၇၇ ကျပ်ထိရှိပြီး တစ်ဖက်နိုင်ငံရွှေလီဝယ်ယူဈေးမှာ ယွမ် ၈၈၈ဝ မှ ၁ဝ၄၈ဝ ယွမ်ထိ ဈေးပေါက်နေပါတယ်။မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁၁၄၆၇၅၆ ၁၁၄ဝဝ၈ဝ ၆၆၇၆ ဝ .၆ ၁၃၅၅ ၁၃၅၂ ၃ ဝ .၂၂MIRT (DOBT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု အရှိန်ကောင်းနေဆဲ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၇၃ဝဝ ခန့်နဲ့ အရှိန်ကောင်း နေဆဲဖြစ်တာ တွေ့ရပါတယ်။ အဓိကဝယ်လက်ကတော့ တရုတ်ဖြစ်ပြီး ပုံမှန်နယ်စပ်လမ်းကြောင်းက တင်ပို့ရာမှ ယခုအခါ ဗီယက်နမ်ဘက်ကတစ်ဆင့် တင်ပို့နေတာကြောင့် ပင်လယ်ရေကြောင်းက တင်ပို့မှုတက်လာတာဖြစ်ပါတယ်။ ဗီယက်နမ်နယ်စပ်နဲ့ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်တို့အကြား အခွန်သက်သာခွင့် သဘောတူညီချက်အရ နယ်စပ်လမ်းကြောင်းမှ တင်ပို့မှုထက် ဗီယက်နမ်ဘက်ကို ပိုမိုတင်ပို့လာခြင်းဖြစ်တယ်လို့ ပဲကုန်သည်ကြီးတစ်ဦးထံမှ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်တွေမှာ အိန္ဒိယဝယ်လက်အဝယ်အေးပေမဲ့ တရုတ်၊ ပါကစ္စတန် ဝယ်လက်အချို့ရှိလို့ အရောင်းအဝယ် အထိုက်အလျောက်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခုရက်ပိုင်းအတွင်း ပြောင်းလဲမှုမရှိဘဲ မတ်လ ၁၈ ရက်မှာ ပဲတီစိမ်း (အညာ) FAQ တစ်တန်ကို ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်းသိရပါတယ်။ MIRT - MAPT
လက်လီသမားများသာ အဝယ်ရှိတဲ့ ပြည်ပဲလွန်းဖြူ ပြည်ပဲလွန်းဖြူ ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး တက်သစ်ကျွန်း ရွာဘက်မှ တစ်ရက်ကို ပဲအိတ် ၃ဝ- ၄ဝ ခန့် အဝင်ရှိခဲ့ပြီး၊ ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပဲရောင်းဝယ်မှုမရှိဘဲ မြို့တွင်းလက်လီ သမားများသာအဝယ်ရှိလို့ ပဲတစ်တင်း ကို ၂ဝဝဝဝ ကျပ်နဲ့ ပွဲရုံတွေက ပြန်လည်ရောင်းချ တယ်လို့သိရပါ တယ်။ မိမိအေး
ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု တစ်ပတ်ထက်တစ်ပတ်ပိုမိုလာ ပြည်ပ နိုင်ငံစုံအဝယ် ရှိနေတဲ့ ပဲလွန်းဖြူ၊ ပဲလွန်းနီဟာ ဈေးကွက် တွေထဲ လှိုင်လှိုင် ဝင်လာနေသလို ပြည်ပ တင်ပို့မှုလည်း တစ်ပတ်ထက် တစ်ပတ်ပိုမိုလို့လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်နေ့) အတွင်း ပဲလွန်းဖြူ တန်ချိန် ၂ဝဝဝ နီးပါးနဲ့ ပဲလွန်းနီ တန် ၆ဝဝ ခန့်ရှိလို့ စုစုပေါင်းတန်ချိန် ၂၆ဝဝ ထိ တင်ပို့လာခဲ့တာ တွေ့ရပါတယ်။ ပဲလွန်းဖြူ တင်ပို့တဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ယူအေအီး တို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်လ ၁၁ ရက်နေ့အထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာမှာတော့ တန်ချိန် ၂၃ဝဝဝ ကျော်သာရှိပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော် ထက် တန်ချိန် တစ်သောင်းကျော် လျော့နည်းနေသေးတာ တွေ့ရပါတယ်။ ယခုလပိုင်းအတွင်း ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု တိုးတက်လာပေမဲ့ ရန်ကုန် FOB ဈေးက ငြိမ်လျက်ရှိပြီး မတ်လ ၁၈ ရက်နေ့မှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊ ှ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT