Background
ဈေးကွက်မှ ရော်ဘာအစေးတင်ပို့မှု အလားအလာကောင်း ရော်ဘာအစေးထုတ်လုပ်သူများဟာ ရေရှည်မှာ သူတို့ရဲ့ ထုတ်လုပ်မှုတွေကို ပုံမှန်တင်ပို့ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားသင့် ကြောင်း ရော်ဘာအသင်းဥက္ကဌက ရော်ဘာအသင်းရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အစိုးရပိုင်ရော်ဘာကုမ္ပဏီတွေက ရော်ဘာအစေးကို အဓိကထုတ်လုပ်နေပြီး အထူးအခွင့်အရေးအနေနဲ့ ဒီလမ်းကြောင်းကို ရွေးချယ်ထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။လက်ရှိဈေးကွက်အခြေအနေအရ ကမ္ဘာ့ရော်ဘာအစေးဈေးနှုန်းက ပြည်တွင်းဈေး ထက် မြင့်တာကြောင့်မို့ ပို့ကုန်အတွက် အလားအလာကောင်း ကြောင်း အစည်းအဝေးမှာ မှတ်ချက်ပြုခဲ့ပါတယ်။ရော်ဘာ လုပ်ငန်း လုပ်ကိုင်ကြသူများအနေနဲ့လည်း ရော်ဘာ ထုတ်လုပ်သူများနဲ့ အဖွဲ့အစည်းများရဲ့အကျိုးဖြစ်ထွန်းစေမဲ့ လေ့လာမှုများပြုလုပ်ကြ ရန်နဲ့ ဈေးကွက်မှာ ရော်ဘာ အစေးဈေးနှုန်းနဲ့ ရော်ဘာပြားဈေးနှုန်းကွာဟမှုရှိနိုင်တာကို သတိပြုကြဖို့ နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါတယ်။ KZW, Source: Commodity online
မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ တန် ၆ဝဝ ကျော် ယခုအပတ် တင်ပို့ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရးဇုန်မRSS-3 ၃ဝ၉ တန်၊ MSR-50 ၂၄ တန်၊ ချင်းရွှေဟော်မှ RSS-3 ၉၁ တန်ကျော်၊MSR-50 ၁၁၂ တန်ကျော်နဲ့ မြိတ်မှ MSR-50 တန် ၁ဝဝ အပါအဝင် နယ်စပ်စခန်း ၃ ခုမှ စုစုပေါင်း RSS-3 တန် ၄ဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၈၅၈ သန်း၊MSR-50 ၂၃၇ တန်ခန့် ကန်ဒေါ်လာ ၁ ဒသမ ဝ၂၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၄၁၉ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။RSS-5 ဈေးဟာ ယခင် အပတ်ကထက် မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေးများ ကျလျက်ရှိပါတယ်။ တရုတ် ဝယ်လက်များကလည်း ရော်ဘာဈေးနှုန်းကျဆင်းလာမည့်အခြေအနေကို စောင့်ကြည့်နေတယ်လို့သိရပါတယ်။
ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ ဝယ်ယူဖို့ PEC က တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်တွေမှာ ရောင်းချဖို့ မတ်ပဲအပါအဝင်ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါကို မတ်လ ၂၄ ရက်မှာ ပိတ်ပြီး တစ်ချိန်ထဲမှာ ဆုံးဖြတ် သွားမယ်လို့ ၎င်းရဲ့ ဝက်ဘ်ဆိုင်မှာ ဖော်ပြထားပါတယ်။ ဝယ်ယူမယ့်ပဲများကတော့ မြန်မာ၊ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျ တို့မှ မတ်ပဲတန် ၄ဝဝဝ၊ ပဲရာဇာ အစိမ်း (green Lentils ) တန် ၄ဝဝဝ နဲ့ ဒေစီကုလားပဲ တန် ၂ဝဝဝ ဖြစ်တယ်လို့ သိရပါတယ်။ မတ်ပဲအနေနဲ့ ယခုရာသီပဲဖြစ်ရမှာဖြစ်ပြီး အခြားပဲများကတော့ ၂ဝ၁ဝ ထွက်ပဲများဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီနဲ့ မေလအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းရွှေစင် Source: Business standard
အဝင်များလို့ ဈေးကျသွားတဲ့ ပဲကြီးဈေး ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလကုန်က စဝင်ခဲ့သော ပဲကြီး အသစ်များ ယခင်အပတ်ကထက် အဝင်ပိုများလာခဲ့ပြီး တစ်ရက်ကို အိတ် ၁ဝဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးရွှေကျွန်းမှာတစ်တင်းကို ၂၄ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ယခုတစ်ပတ်မှာ ပဲကြီးရွှေကျွန်း တစ်တင်း ၂၁၅ဝဝ ကျပ်၊ ပဲကြီးကမ်းနား တစ်တင်း ၁၉ဝဝဝ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မင်းတုန်း ကံမဘက်က အဝင်ရှိသလို ဒေသတွင်းမြို့နယ်များကလည်း အဝင်ရှိလာ တာကြောင့် အဝင်များပြီး ဈေးကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဝင်များပေမဲ့ လိုင်းသမား များအဝယ်မရှိသေးဘဲ ပဲကြော်ဖိုလုပ်ငန်းသမားများသာ ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝ ကျော်အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် မသွက်သေးကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲကြီး ပုံမှန်တင်ပို့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်တရုတ်နိုင်ငံသို့ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ဝ ဒသမ ၂၈၅ သန်းတန်ဖိုးရှိ ပဲကြီး ၂၃၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁ဝ၆ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၂၈ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဖေဖော်ဝါရီလကုန်အထိ ပဲကြီး တန် ၁၁ဝဝ ကျော်တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)
ဒီသီတင်းပတ် မြေထောက်ပဲ အတင်မရှိ မြေထောက်ပဲကို လွယ်ဂျယ်နယ်စပ်မှ တစ်ဖက်တရုတ်နိုင်ငံကို လိုင်းရင်းမှတစ်ဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာတော့ လွယ်ဂျယ်မှ မြေထောက်ပဲ တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ မတ်လ လဝက်ကာလမှာ တန် ၁၂ဝ ကျော်တင်ပို့ထားပြီး ၂ဝ၁ဝ ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိ နယ်စပ်မှ မြေထောက် ပဲ တင်ပို့နိုင်မှုမှာ ဧပြီ၊ မေနဲ့ ဇွန်လများမှာသာ တန် ၃၄ဝ ကျော် တင်ပို့ထားခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)
ဒီတစ်ပတ်မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှု ကျဆင်း ယခုသီတင်းပတ် ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲ နှစ်မျိုးလုံး တင်ပို့မှု လျော့ကျခဲ့ပါတယ်။ ယခုသီတင်းပတ် မတ်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း မြေထောက်ပဲ တန် ၁၅ဝ နဲ့ ထောပတ်ပဲ ၂၅ တန်ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲလှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ဂျပန်နိုင်ငံ ဆူနာမီ ဂယက် ကြောင့် ဂျပန်အဝယ်လိုက်တဲ့ ထောပတ်ပဲတင်ပို့မှု လျော့ကျလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ မတ်လ ၂၅ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ထောပတ်ပဲ FAQ ၉၁ဝ-၉၃ဝ နဲ့ ယခင်သီတင်းပတ်ဈေးများ အတိုင်း ငြိမ်နေပါတယ်။MIRT - MAPT
အဝင်များသော်လည်း ကုလားပဲဈေးငြိမ်လျက်ရှိ ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါတယ်။ ပန်းတောင်းနဲ့ ကံမမြို့နယ်များမှ ကုလားပဲသစ်များ အဝင်များပြီး တစ်နေ့လျှင် အိတ် ၅ဝဝ မှ ၆ဝဝ အထိ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာသော်လည်း ပဲခွဲစက်သမားများသာ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်ရက်လျှင် အိတ် ၂၅ဝ မှ ၃ဝဝ အထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ လှောင်လက်သမားများ အဝယ်ရှိတဲ့ရက်များမှာ အိတ် ၁ဝဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ဈေးအေးပေမဲ့အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်းက ကုလားပဲဖြူလုံးကြီး V 2 မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မတ်လ တတိယပတ်အတွင်း ကုလားပဲဖြူ လုံးကြီး V 2 တစ်ပိဿာ ၉၅၈ ကျပ်မှ ၉၃၇ ကျပ်သို့ ဈေးအေးသွားသော်လည်း အရောင်းအဝယ်ဖြစ်မှုအရေအတွက်ကို မထိခိုက်ကြောင်း ကုန်သည်တစ်ဦးမှ ပြောပြပါတယ်။ မန္တလေးနဲ့ ရန်ကုန်ဝယ်လက်ဆွဲလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ကုလားပဲဖြူလုံးကြီးတင်း ၁၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်မြဲလို့ သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မှ ကုလားပဲဖြူလုံးကြီးနဲ့ တရုတ်(တိုင်ပေ) ကုလားပဲများ အဝင်လှိုင်နေဆဲဖြစ်ပြီး ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးမြို့သို့ ကုလားပဲဖြူလုံးကြီး တင်း ၁၄ဝဝဝ ကျော်၊ ရန်ကုန်မြို့သို့ တင်း ၁ဝဝဝ ခန့်စီး ထွက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ သန်းးသန်းးတင်
ပေါ်စဈေးပြန်ရောက်နေတဲ့ ကုလားပဲ ပခုက္ကူခရိုင်ထဲက ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ ကုလားပဲစုစုပေါင်း ဧက ငါးသောင်းခန့် စိုက်ပျိုးပြီး၊ နှစ်စဉ် တန် နှစ်သောင်းခွဲကျော် ထွက်ပါတယ်။ စိုက်သမျှရဲ့ ၇ဝ ရာခိုင်နှုန်းက ကုလားပဲဖြူလုံးကြီး ဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းကတော့ ကုလားပဲဝါတွေဖြစ်ကြပါတယ်။ ခရိုင်ထဲမှာ ကုလားပဲစိုက်ဧကရဲ့ ၅ဝ ရာခိုင်နှုန်းကို ရေစကြိုမှာစိုက်ကြပါတယ်။ အခုရက်ပိုင်းများမှာ ရေစကြိုနယ်ဘက် က ထွက်တဲ့ ကုလားပဲဖြူလုံးကြီးတွေဟာ ပခုက္ကူ ဈေးကွက်ပွဲရုံတွေကို နေ့စဉ်အိတ် ၁၅ဝဝ-၂ဝဝဝ ခန့် ဝင်ရောက်နေပါတယ်။ ကုလားပဲဖြူလုံးကြီး ပေါက်ဈေးက မတ်လဆန်းမှာ တစ်တင်းကို ၁၇၄ဝဝ ကျပ်ရှိရာမှ လဆန်း ၁ဝ ရက်ပတ်မှာ ၁၉၁ဝဝ ကျပ်ထိတက်ခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၇၆ဝဝ ကျပ်ဈေးပဲရှိပါတယ်။ ကုလားပဲဝါကြီးကလည်း မတ်လဆန်း မှာ ၁၆၅ဝဝ ကျပ်မှ ၁ဝ ရက်ကျော်မှာ ၁၇ဝဝဝ ကျပ်ရှိခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၆၅ဝဝ ကျပ်ပဲရှိပါတယ်။ လက်ရှိတော့ လှောင်လက်အဝယ်များနဲ့ ပြည်တွင်းလုပ်ငန်းရှင်များပဲ အဝယ်ရှိကြောင်းပါ။ မောင်မောင်အေး