Main menu

Background

Sunday, 16 Jan 2011

ပြည်ဘိုကိတ် ဈေးကောင်းရနေ              ယခင်အပတ်များက ပြည်ဈေးကွက်ကို ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ ဘိုကိတ်ကုန်းပဲများ နေ့စဉ် ၁၄-၁၅ အိတ်ခန့် အဝင်ရှိသော်လည်း ယခုရက်ပိုင်းတွင် ကုန်းပဲများပြတ်နေခြင်းကြောင့် အဝင်မရှိကြောင်း သိရပါတယ်။ အဝင်နည်းနေတာကြောင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၂ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဈေးတက်နေသော်လည်း နေ့စဉ် ၁ဝ-၁၅ အိတ်ဝန်းကျင် အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                            ဆုမွန်မွန်ဆွေ 

Sunday, 16 Jan 2011

ဈေးအမြင့်မှာရှိနေတဲ့ ပြည်ပဲနီပြား                 ပဲခူးတိုင်းဒေသကြီးအနောက်တွင် နတ်တလင်းမြို့နယ်အတွင်းမှာသာ ဧကအနည်းငယ်စိုက်ပျိုးတဲ့ ပဲနီပြားဟာ အခြားတိုင်းကို တင်ပို့ရောင်းချမှုမရှိဘဲ ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်အတွင်း ဈေးကောင်းရရှိတဲ့ ပဲအမျိုးအစားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်ဈေးကွက်အတွင်း ပွဲရုံများမှာ ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းမှာ လက်လီသမားများဖြင့် ရောင်းချနေတဲ့ ဈေးကတော့ တစ်ပြည် ၁၆ဝဝ ကျပ်နှုန်းဖြင့် ယခုဇန်နဝါရီ ဒုတိယပတ်မှာလည်း ၎င်းဈေးအတိုင်း အရောင်းအဝယ် ဖြစ်နေတဲ့အတွက် လက်ကျန်မရှိပေမဲ့ ဈေးကောင်းနေတဲ့ ပဲနီပြားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ခင်ဆွေဝင်း 

Sunday, 16 Jan 2011

ပြည်ဈေးကွက်၌ ပဲကြီးဈေးနှုန်းကျဆင်း                ပြည်ဈေးကွက်၌ ၂ဝ၁ဝ ဒီဇင်ဘာလကုန်အထိ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြစ်ခဲ့တဲ့ ပဲကြီးဟာ ယခု ၂ဝ၁၁ ဇန်နဝါရီလဆန်းမှစလို့ ဈေးတဖြည်းဖြည်း ကျနေတာကို တွေ့ရပါတယ်။ နှစ်ကုန်ပိုင်းမှာ ပဲကြီး (ကမ်းနား) တစ်တင်း ကျပ်၃၃၅ဝဝ နဲ့ ရွှေကျွန်းမှာ တစ်တင်း ၃၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဇန်နဝါရီလဆန်းမှစလို့ ပဲကြီးဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ဇန်နဝါရီ ဒုတိယပတ်အတွင်း ပဲကြီး (ကမ်းနား) တစ်တင်း ကျပ် ၃၁၅ဝဝ နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ကျပ် ၃၂၅ဝဝ ဈေးကျသွားခဲ့ပါတယ်။ နှစ်ကုန်ဈေးနဲ့ ယှဉ်ရင် ပဲကြီး တစ်တင်း ကျပ် ၂ဝဝဝ မှ ၂၅ဝဝ အထိ ဈေးကျသွားခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက်ကို အိတ် ၁၅ဝ ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။                                                                                                ခင်ဆွေဝင်း 

Sunday, 16 Jan 2011

မန်းထောပတ်ပဲသစ် ပဲဟောင်းဈေးထက်နိမ့်              ယခုရက်ပိုင်းမန်းဈေးကွက်အတွင်းသို့ မြင်းခြံ၊ နွားထိုးကြီး ဒေသများမှ ထောပတ်ပဲအသစ်များ အနည်းငယ် ဝင်ရောက်လာပါတယ်။ လက်ရှိရောင်းဝယ်နေတဲ့ ထောပတ်ပဲဟောင်းဈေးမှာ ၃ တင်း တစ်အိတ်ကို ၈၃ဝဝဝ ကျပ် တစ်ပိဿာကို ၁၄၇၆ ကျပ်ရှိပြီး ဝင်လာတဲ့ ထောပတ်ပဲသစ် ၃ တင်းတစ်အိတ် ၅၇၅ဝဝ ကျပ် တစ်ပိဿာကို ၁ဝ၂၂ ကျပ်ဈေးဖြင့်သာ ဈေး ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ အသစ်ဝင်ရောက်လာတဲ့ ထောပတ်ပဲမှာ ပစ္စည်းအရည်အသွေးက သိပ်မကောင်းတာကြောင့် ဈေးကလဲ အဟောင်းထက်နိမ့်ပြီး ဈေးဖွင့်ခဲ့တာဖြစ်ကြောင်း ရောင်းဝယ်နေကြတဲ့ ကုန်သည်များထံမှ သိရပါတယ်။    မိိုးမိိုးအေး 

Sunday, 16 Jan 2011

 မြေထောက်ပဲတင်ပို့မှု ပြန်လည်မြင့်တက်လာ             ယခင်သီတင်းပတ်တွေက မြေထောက်ပဲတင်ပို့မှု သိသိသာသာ လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်)အတွင်းမှာတော့ တန်ချိန် ၅ဝဝ နီးပါးထိ တိုးတင်လာတာ တွေ့ရပါတယ်။ အချို့ဈေးကွက်တွေမှာ မြေထောက်ပဲ အသစ်အနည်းအကျဉ်းဝင်ရောက်မှုရှိပေမဲ့ လက်ရှိတင်ပို့မှုကတော့ အဟောင်းလက်ကျန်တွေ များတယ်လို့ သိရပါတယ်။            အဓိကတင်ပို့နေတဲ့ နိုင်ငံကတော့ အိန္ဒိယကို ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၈ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် တစ်သောင်းကျော်ရှိလို့ ယခု ဘဏ္ဍာနှစ်အတွင်း တန် ၂ဝဝဝ ခန့်လျော့ကျတင်ပို့တာတွေ့ရပါတယ်။ မြေထောက်ပဲကို ပြည်ပဈေးကွက်ဝယ်လိုအား ကောင်းပေမဲ့ ယခင်နှစ်ရာသီဥတုအခြေအနေအရ အထွက်ယုတ်တာ ကြောင့် တင်ပို့မှု ကျဆင်းရခြင်းဖြစ်တယ်လို့ ဈေးကွက်က သိရပါ တယ်။           ရန်ကုန် FOB ဈေးအနေနဲ့ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ မှာ အတော်ကြာ ငြိမ်နေခဲ့ပေမဲ့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့ ဇန်နဝါရီလ ၁၃ ရက်မှာ မြေထောက်ပဲ (polished )တစ်တန်ကို ကန်ဒေါ်လာ ၇၇၆ ရှိရာမှ ကန်ဒေါ်လာ ၈၁၈-၈၄ဝ ကိုလည်းကောင်း၊ (Unpolished) တစ်တန်ကို ကန်ဒေါ်လာ ၇၃၂ ရှိရာမှ ၈ဝ၇ ကိုလည်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါတယ်။                                                                            MIRT - MAPT

Sunday, 16 Jan 2011

ယောနယ်က ပဲတီစိမ်းများ ဝင်ရောက်                ဂန့်ဂေါနယ်၊ ယောနယ်က မိုးတွင်းမှာ ပခုက္ကူဘက်က မျိုးတွေဝယ်ပြီး စိုက်တဲ့ ရေသွင်းဆောင်းပဲတီစိမ်း သေးတွေ ပခုက္ကူဈေးကွက်ကို ဝင်ရောက်နေပါတယ်။ မင်းတိုင်ပင်၊ ကန်ဒေါင့်ဒေသက ပဲတီစိမ်းတွေလည်း ပခုက္ကူဝင်နေပါတယ်။ တစ်တင်းကို ၁၉၅ဝဝ ကျပ်-၂ဝ၅ဝဝ ကျပ်ရှိပါတယ်။ ပခုက္ကူမှာ နာမည်ကြီးတဲ့ နွေပဲတီစိမ်းအညာရွှေဝါကတော့ ဧပြီ၊ မေလမှာ ပေါ်မှာ ဖြစ်ကြောင်းပါ။                                                                                             မောင်မောင်အေး

Sunday, 16 Jan 2011

ဈေးမာနေတဲ့ မန်းကုလားပဲ                    မန္တလေးတိုင်းဒေသကြီး ဈေးကွက်အတွင်းမှာ ကုလားပဲဈေးတွေ ကောင်း နေတာကြောင့် ကုလားပဲစိုက်ပျိုးတဲ့ တောင်သူများ ယခင်နှစ်ကထက် များလာပါတယ်။ လယ်ယာမြေတွေအပြင် ၂ဝ၁ဝ အောက်တိုဘာလဆန်းပိုင်းက တိုက်ခတ်ခဲ့ တဲ့ ဂီရိမုန်တိုင်းကြောင့် မိုးများရွာသွန်းခဲ့ပြီး၊ ငရုပ်စိုက်တောင်သူများမှာလည်း ငရုတ်ခင်းများ ပျက်စီး သွားတဲ့နေရာတွေမှာ ကုလားပဲကို အစားထိုးစိုက်ပျိုး လာကြပါတယ်။ ငရုတ်ခင်းတွေက ဘောင်ခတ်ပြီးသားဖြစ်တဲ့အတွက် တန်းဆွဲပြီး စိုက်ပျိုး ကြပါတယ်။ မျိုးအနေနဲ့ကတော့ V2  ပဲကို အများဆုံးစိုက်ကြပါတယ်။ ဒီနှစ် ကုလားပဲ ဈေးကွက်ဟာ ပြည်တွင်းမှာဈေးကောင်းနေတဲ့အတွက် ယခုဆို ပဲခွဲစက် သမားများ နောက်ဆုတ်နေရတဲ့ အနေအထားမျိုးဖြစ်နေသလို ဈေးကွက်အတွင်းမှာ လည်း ဈေးနှုန်းက မျိုးဈေးကွက်အနေအထားကို ရောက်နေပါတယ်။ ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲတိုင်ပေ ၁၂၈ဝ ကျပ်ဈေးရှိပါတယ်။ အသစ်ထွက်ရှိမယ့် အချိန်ကလည်း လိုသေးတာရယ်၊ ပစ္စည်း လက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့အတွက် ဈေးမာနေတာဖြစ်ပါတယ်။ ဒီနှစ် စိုက်ပိုျးတဲ့သူတွေများလာတဲ့အတွက် ကုလားပဲ အထွက်များဦးမယ်လို့ ခန့်မှန်းကြ ကြောင်း ရောင်းဝယ်နေတဲ့ ကုန်သည်များက ပြောကြားပါတယ်။ ကျော်ကျော်မိုး 

Sunday, 16 Jan 2011

 မုံရွာကုလားပဲဈေးကွက်  V 2 ဈေးတက်လာ                     မုံရွာကုန်စည်ဒိုင် ဇန်နဝါရီဒုတိယပတ် ကုလားပဲဈေးကွက်မှာ ပစ္စည်း လက်ကျန်လျော့နည်းလာနေသလို လုပ်ငန်းသမားတွေ အဝယ်သွက်ခဲ့လို့   V 2  ဈေး တက်လာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲတစ်မိုျးချင်းရဲ့ အမြင့်ဆုံး တစ်တင်း ပေါက်ဈေးအနေနဲ့ ကုလားပဲရိုးရိုး ကျပ် ၂ဝဝဝဝ၊ တိုင်ပေ ကျပ် ၂၃၅ဝဝ၊ 929  ကျပ် ၂၄ဝဝဝ နဲ့ V 2 ကျပ် ၂၅ဝဝဝ အသီးသီးဖြစ်ပေါ်လာခဲ့ပါတယ်။ တက်ဈေး ဖြစ်ပေါ်ခဲ့ပေမဲ့ ဒေသတွင်း စက်မှုကုန်ကြမ်းနဲ့ ပဲလက်လီအဝယ်လိုက်ခဲ့လို့ တစ်ရက် အိတ် ၃ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ဒီတစ်ပတ် နယ်တင်ပို့မှုအနေနဲ့ သိသိသာသာလျော့နည်းသွားခဲ့ကာ မန္တလေးကို တင်း ၁ဝဝဝ ခန့်သာ စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းထွန်းလှိုင်

Sunday, 16 Jan 2011

ဈေးကောင်းရလို့ ရာသီမမှုအံတုပြီးစိုက်နိုင်တဲ့ပဲတီ                 ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ သနပ်ပင်မြို့နယ်ရဲ့ ပဲစိုက်ရာသီမှာ မျိုးပဲ တစ်တင်း ၄ဝဝဝဝ ကျပ်ဈေးဖြင့် ဝယ်ယူ စိုက်ပျိုးခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ မိုးရွာခဲ့လို့ နိုဝင်ဘာလကုန်ပိုင်းစိုက်တဲ့ ပဲစိုက်ခင်းအချို့ ထိခိုက်ခဲ့ရပါတယ်။ အချိန်လဲရှိ၊ ရာသီလည်းမီလို့ တောင်သူတွေ အလုအယက်မျိုးပဲဝယ်ပြီး ပြန်လည်စိုက်ကြလို့၊ မျိုးပဲတစ်တင်း ၄၅ဝဝဝ ကျပ်ဈေးအထိ ဖြစ်သွားခဲ့ပါတယ်။ ပဲလည်းရာခိုင်နှုန်းပြည့် စိုက်နိုင်ခဲ့ပါတယ်။ ယခုဇန်နဝါရီလဆန်းမှာ မိုးထပ်ရွာလို့ အနိမ့်ပိုင်းပဲစိုက်ခင်းအချို့နဲ့ သက်တမ်းနုတဲ့စိုက်ခင်းတစ်ချို့ ထိခိုက်ပါတယ်။ သနပ်ပင်မြို့နယ် ရေကျော်ရွာက ပဲစိုက်တောင်သူကြီး ဦးသန်းအောင်က သူ့အနေနဲ့ ပထမမိုးတုန်းက ပဲ ၁၂ ဧက အနက် ၃ ဧကပြန်စိုက်ရပြီး၊ ယခုဒုတိယမိုးမှာလည်း တစ်ဧကလောက် ပြန်စိုက်ခဲ့ရ ကြောင်းနဲ့ သူတို့တောင်သူများ အနေနဲ့ ရာသီကိုမမှု၊ အံတုပြီး ပဲကိုအနိုင်စိုက်ခဲ့တာဖြစ်ကြောင်း၊ ပဲတီရွှေဝါ မျိုးပဲဈေးတစ်တင်း ၄၂ဝဝဝ ကျပ် ပေးရပေမဲ့ ဒီနှစ်ပဲပေါ်ချိန် ဈေးကောင်းမှာမို့ ဈေးမာနေတဲ့ မျိုးပဲဈေးကို မမှုပါကြောင်း ပြောဆိုသွားပါတယ်။                                                    မြင့်အောင်

Sunday, 16 Jan 2011

 နယ်လက်အဆွဲသွက်လို့ မုံရွာမှာ ပဲတီစိမ်းကြီး ဈေးတက်လာ                  မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ ဒုတိယပတ် ပဲတီစိမ်းဈေးကွက်မှာ နယ်ပစ္စည်းအဝင်ပုံမှန်သာရှိပြီး နထစသမအ အတွက် မန္တလေးဝယ်လက်အပြင် ရန်ကုန်ဝယ်လက်ပါ လှမ်းယူနေလို့ တက်ဈေးနဲ့ အရောင်းသွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။               ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ စိမ်းကြီး ထိပ်စတစ်တင်း ၂၉ဝဝဝ ကျပ်၊ အောက်စတစ်တင်း ၂၂ဝဝဝ ကျပ်၊ စိမ်းသေးတစ်တင်း ၂ဝဝဝဝ ကျပ် အသီးသီးအမြင့်ဆုံး ပေါက်ခဲ့ပြီး၊ တစ်ရက်အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ၂ဝ၁၁ ဇန်နဝါရီ ၁၃ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ ပဲတီစိမ်းတင်ပို့မှုမှာ မန္တလေးကို တင်း ၆ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၃၅ဝဝ ကျော် စီးခဲ့တယ်လို့သိရပါတယ်။                                                                                                       ထွန်းလှိုင်

Pages