Background
ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်းမှာ ချင်းအတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး၊ ချင်း(ဥမ)များသာ အဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှုအနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို ပိဿာ ချိန် ၁၅၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့တာ ကာလအတွင်း ချင်း ၈၁ ဒသမ ၂၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မေလနဲ့ ဇွန်လအ တွင်း အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေက ကူဝိတ်နိုင်ငံကို ၅၆ ဒသမ ၂၅ တန်နဲ့ မလေးရှားနိုင်ငံကို ၂၅ ဒသမ ၀၁ တန်ဖြစ်ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၉၀ ဝန်းကျင် ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ လေးသောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။
MIRT(DOT)
ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခုတစ်ပတ်မှာ ဈေးပြန် အေးသွားပါတယ်။ ယခင်နှစ် ဇူလိုင်လရဲ့ မတ်ပဲအမြင့်ဆုံးဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၇၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး၊ ယခုနှစ် ဇူလိုက်လ ရဲ့ မတ်ပဲအမြင့်ဆုံးဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၂၀၅၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့် ယခင်နှစ်ထက်တစ်တင်းကို ၃၂၀၀ ကျပ် ပိုမြင့်လာခဲ့တာကို တွေ့ရပါတယ်။
ဟင်္သာတကုန်စည်ဒိုင် ဈေးကွက်သို့ မြို့နယ်ကျေးရွာများမှ ပဲဝင် ရောက်မှုလည်း နည်းလာပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲဈေးမြင့် လာတဲ့ ဇူလိုင်လတတိယပတ်မှာ တစ်နေ့ အိတ် ၂၀၀၀ ကျော်ခန့်ရှိပြီး၊ ယခုတစ် ပတ်မှာ ပျမ်းမျှအိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ယခင်နှစ် ဇူလိုင်လတစ်လလုံးမှာ အိတ် ၁၃၀၀၀၀ ခန့် ရန်ကုန်ဈေးကွက်သို့တင်ပို့နိုင်ခဲ့ပြီး၊ ယခုနှစ် ဇူလိုင်လတစ်လလုံးမှာ အိတ် ၈၅၀၀၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ မတ်ပဲဈေးဟာ ယခင်နှစ်ထက် ပိုမြင့်သော်လည်း မတ်ပဲစီးထွက်မှုအနေနဲ့ လျော့နည်းရခြင်းမှာ ယခုနှစ်မတ်ပဲ တစ်ဧကအထွက်နှုန်း နည်းသွားတာကြောင့် တင်ပို့မှုလည်းယခင်နှစ်ထက် အနည်းငယ် လျော့နည်းခြင်း ဖြစ်ကြောင်း သိရပါတယ်။ အေးအေးခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် မှ တစ်ဖက်ရွှေလီသို့ ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၇၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ထောပတ်ပဲ တန် ၁၅၀ ၊ ကန် ဒေါ်လာ သုညဒသမ ၀၁၂ သန်းတန်ဖိုးရှိ နိုင်လွန်ပဲ တန် ၂၀၊ ကန်ဒေါ်လာ သုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ ပဲနီကြား ၅၅ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၂၅ တန်ကျော် အပို့ရှိခဲ့ပါ တယ်။ ဇူလိုင်လအတွင်းမှာ စွန်တာနီ/ပြာ ၂၄၂ တန်ခန့်၊ ထောပတ်ပဲ ၂၈၉ တန်ခန့်၊ ပဲနီကြား ၂၇၆ တန်ခန့်နဲ့ ပဲပုပ်စေ့ ၃၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၅၀ ကျော်ကို ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တော့ ပဲလွန်းဖြူ အပို့မရှိခဲ့ပါဘူး။ ဇူလိုင်လမှာ နယ်စပ်မှပဲလွန်းဖြူ ၁၁၂ တန်ခန့်နဲ့ ဧပြီလမှ ဇူလိုင်လကုန်အထိ ပဲလွန်းဖြူ ၄၄၆၀ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ် မူဆယ်မြေပြင်ပေါက်ဈေးက ယခင်အပတ်ကထက် တစ်တန်ကို ၆၀၇၃ ကျပ်လျော့ ကျခဲ့ပြီး ၆၃၇၆၆၈ ကျပ်ဈေးပေါက်နေပါတယ်။ တစ်ဖက်ရွှေလီပေါက်ဈေးကတော့ ၇၄၁ ဒေါ်လာဖြစ်ပြီး ယခင်အပတ်အတိုင်းပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။MIRT(DOBT)
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ရန်ကုန် ဝယ်လက်ပါးသွားပြီး၊ ဒေသတွင်းစက်သမားနဲ့ လက်လီအဝယ်သာ ရှိခဲ့ကာ ဈေးအနည်းငယ်အေးသွားခဲ့တာ တွေ့ရပါတယ်။
ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုထဲက တန်ချိန် အများဆုံး တင်ပို့တဲ့ မတ်ပဲက တန် ၁၃၈၀၀ ကျော်နဲ့ ယခင်အပတ်တင်ပို့ မှု တန်ချိန် ၁၃၁၀၀ ကျော်ထက် ပိုမိုတင်ပို့နိုင်ပေမဲ့ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှုကတော့ တန်ချိန် ၇၅၀၀ ကျော် သာရှိလို့ ယခင်အပတ်ထက် ၆၂ ရာခိုင်နှုန်းသာ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်မှာ ကုလားပဲတစ်တန်ကို မွန်ဘိုင်းဈေး ကွက်မှာ ၉၂၄ ဒေါ်လာရှိခဲ့ရာက ၂၉၊ ၃၀ ရက်များမှာ ပြည် တွင်း အဝယ်ပါးပြီး ၈၉၃ ဒေါ်လာအထိ ဈေးကျဆင်းသွား ခဲ့ပါတယ်။ သြဂုတ် ၁ ရက်မှာတော့ NCDEX ကုန်စည်ဒိုင်ကို ဝယ်သူတွေ အဝင်များနေလို့ ဈေးပြန်ခိုင်မာပြီး ၉၁၉ ဒေါ်လာ ဈေးရှိနေပါတယ်။ အိန္ဒိယNCDEX ကုန်စည်ဒိုင်မှာ ကုလားပဲ ကြိုပွိုင့်ဈေးတွေက အရောင်းအဝယ်အသွက်ဆုံး သြဂုတ်လ အတွက် ရူပီး ၄၀ ဈေးပြန်တက်ပြီး ရူပီး ၄၇၃၂၀ (၈၅၃ ဒေါ်လာခန့်) ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ကြယ်ပြာပန်း၊Source: Agriwatch.com
နိုင်ငံပိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ PEC က နှစ်ဟောင်း မြန်မာ ပဲစင်းငုံလီမွန် တန် ၃၀၀၊ တန်ဇန်းနီးယား ပဲစင်းငုံအဟောင်း ၁၁၇ တန်ကို တင်ဒါခေါ်ယူရောင်းချခဲ့ပြီး သြဂုတ် ၁၀ ရက်မှာ တင်ဒါဖွင့်မှာ ဖြစ်ပါတယ်။ ဇူလိုင် ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက် မှာ ပဲစင်းငုံဈေးဟာ ၆၉၄-၇၂၇ ဒေါ်လာသာ ရှိပါတယ်။
ပဲတီစိမ်းရွှေဝါကလည်း ဇူလိုင် ၁၉ ရက်အထိ ၉၉၃ ဒေါ်လာ သာအမြင့်ဆုံးဖြစ်ခဲ့ရာက ၂၁ ရက်မှာ ၁၀၈၈ ဒေါ်လာအထိ ဈေး မြင့်တက်လာခဲ့ပါတယ်။ ၂၃၊ ၂၄ ရက်နေ့တွေမှာတော့ အရောင်း အဝယ်ပါးပြီး ၁၀၅၃ ဒေါ်လာကို ပြန်လည်ကျဆင်းခဲ့ရာက နောက် ရက်တွေမှာ အနည်းငယ်ဆက်လက်ကျဆင်းပြီး ဇူလိုင် လကုန်မှာ ၁၀၄၆ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
