Main menu

Background

ဒေါင်ဒေါင်မြည် စစ်ကိုင်းအိုး

Sat, 02/04/2023 - 22:22 -- journal_editor

လူ့ယဉ်ကျေးမှုအစ အိုးလုပ်ခြင်းကဟု ဆိုနိုင်သည်။ လူတို့သည် မြေမီးဖုတ်အိုးများကို ပြုလုပ်ရင်း လူ့ယဉ်ကျေးမှုကို တည်ထောင်ခဲ့ကြသည်။ အစောဆုံး လူ့အသုံးအဆောင်ပစ္စည်းသည် မြေမီးဖုတ်အိုးများဖြစ်ပြီး ယင်းတို့ကို မျက်မှောက် ကာလ ၂၁ ရာစုတိုင် မြေအိုးများကို နေရာအနှံ့အပြား၌ တွင်ကျယ်စွာ သုံးစွဲနေကြဆဲဖြစ်သည်။ မြေအိုးများကို  လူတို့သည် ကျောက်ခေတ်ကာလကပင် စတင်သုံးစွဲခဲ့ကြသည်။  မီးကို တွေ့ရှိခြင်း၊ အိုးကိုအသုံးပြုခြင်း၊ အသားစိမ်း ငါးစိမ်းများကို မီးနှင့်ချက်ပြုတ်စားသောက်ခြင်း စသောကိစ္စများသည် ရှေးဦးလူသားတို့ မရှေးမနှောင်း ဆောင်ရွက်ခဲ့ကြသောကိစ္စများဖြစ်သည်။ ရှေးဦးလူသားတို့သည် မြေစေးကို ပထမ ပုံစံအမျိုးမျိုးပြောင်းလဲ၍ ရသော ပစ္စည်းအဖြစ် မြင်ကြမည်ဖြစ်သည်။ မြေစေးသည် ရေနှင့်ထိက ပျော့သည်။ နေပူလျှင် မာသည်။ ရေနှင့်များများထိလျှင် အရည်ပျော်တတ်သည်ကို သတိထားမိကြ၍ မာနေသော မြေကြီးခဲများနှင့် တိရစ္ဆာန်များ ပစ်ပေါက်ဖမ်းယူမှုများလည်း ပြုကောင်းပြုကြမည်ဖြစ်သည်။

မြေစေး၏ သဘောသဘာဝကို သိရှိမှုနှင့် မီးကို တွေ့ရှိမှုသည် အိုးပြုလုပ်သုံးစွဲရန် အလွန်ခိုင်မာသော အခြေခံအကြောင်းတရားများဖြစ်သည်။ မြေစေးကို အိုးခွက်ပန်းကန်သဏ္ဌာန်ပြုလုပ်၍ အသုံးပြုရာတွင် ကွဲလွယ်ခြင်း၊ ရေထည့်၍ မရခြင်းတို့ရှိရာမှ မြေကြီးကို ခွက်သဏ္ဌာန်၊ အိုးသဏ္ဌာန်ပြုလုပ်၍ မီးဖုတ်ပါက တာရှည်ခံခြင်း၊ ရေထည့်၍ရခြင်း၊ အသုံးဝင်ခြင်းတို့ကြောင့် လူတို့သည် အိုးကို စတင်တီထွင်လုပ်ကိုင်ခဲ့ကြသည်။ အ‌ရှေ့တောင်အာရှတွင်  အိုးကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ဝ၀ ခန့်က  စတင်သုံးစွဲခဲ့ကြသည်ဟု ပညာရှင်များက ယူဆကြသည်။

မြေအိုးသည် လူသားတို့အတွက် အမှန်တကယ် ယနေ့ထိ အသုံးဝင်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကြေးအိုး၊ သတ္တုအိုး၊  ရွှေအိုး၊ ဒန်အိုး၊ စတီးအိုးများ ပေါ်လျက်ရှိသည်တိုင် မြေမီးဖုတ်အိုးများ၊ စဥ့်အိုးများသည် ကျယ်ကျယ်ပြန့်ပြန့် အသုံး ဝင်လျက်ပင်ရှိသည်။ ယနေ့ထက်တိုင် လူတို့သည် မြေမီးဖုတ်အိုးမျိုးစုံကို ဘာသာရေး၊ လူမှုရေးကိစ္စ၊ နေ့စဉ် စားသုံးမှုကိစ္စတို့နှင့် ယုံကြည်မှုအခမ်းအနားများတွင် မွေးသည်မှ သေသည်အထိ အသုံးပြုလျက်ရှိသည်။

မြန်မာ့ရိုးရာအိုးလုပ်ငန်းကို မိရိုးဖလာ အိမ်တွင်းမှုလုပ်ငန်းအဖြစ် အစဉ်အဆက် ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသအလိုက် နာမည်ကျော်ကြားသော အိုးလုပ်ငန်းများမှာ နဘက်အိုး(မြောင်မြို့နယ်)၊ တန့်ဆည်အိုး၊ မင်းကင်းအိုး၊ မြင်းဒေါင်းအိုး(ခင်ဦးမြို့နယ်)၊ ရှိန်းမကာအိုး(ဝက်လက်မြို့နယ်)၊ စစ်ကိုင်းအိုး တို့သည် ယခုအချိန်ထိ မိမိတို့၏ ဒေသအလိုက် နှစ်စဉ်ဈေးကွက်ဝင်၍ ရောင်းချလျက်ရှိသော တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ(ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး)  ဖြစ်သည်။  ယင်းတို့ အနက် စစ်ကိုင်းမြို့၏ အိုးလုပ်ငန်းကို တင်ပြလိုပါသည်။                                                                      

စစ်ကိုင်းမြို့ အိုးလုပ်ငန်း

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်၌ အိုးလုပ်ငန်း လုပ်ကိုင်သူများသည် အိုးဘိုလမ်းနှင့် မန္တလေး-မုံရွာလမ်း တစ်ဖက်တစ်ချက်စီတွင် အိုးရောင်းဝယ်ရေးဆိုင် ၂၀ ကျော်ရှိပြီး ကလေးကစားစရာ အိုးပုတ်၊ ချိုးရုပ်များမှအစ သောက်ရေအိုး၊ ပန်းအိုး၊ ဟင်းချက်မြေအိုး အမျိုးမျိုးရောင်းချလျက်ရှိသည်။ ပြာသိုလတွင် ပြုလုပ်သောအိုးများသည် အခြားလများတွင် ပြုလုပ်သောအိုးများထက်  ပို၍အေးမြသောကြောင့် စစ်ကိုင်းပြာသိုအိုးသည် နာမည်ကျော်ကြားသည်။ စစ်ကိုင်းမြို့တွင် လက်ရှိ အရောင်းအဝယ်ပြုလုပ်သည့် အိုးတစ်လုံး ဈေးနှုန်းများမှာ သောက်ရေအိုး ကျပ် ၁၅၀ဝ မှ ၂၀ဝ၀၊ ဂေါက်ပါ သောက်ရေအိုး ကျပ် ၅၀ဝ၀၊ ၉၀ဝ၀၊ ၁၂၀ဝ၀၊ ဘုရားပန်းအိုးနှင့် သစ်ပင်စိုက်ပန်းအိုးသည် ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀၊  ဟင်းချက်အိုး ကျပ် ၁၅၀ဝ မှ ၁၇၀ဝ စသည့် ဈေးနှုန်းအသီးသီးဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိသည်။ စစ်ကိုင်းမြို့ကထွက်ရှိသော သောက်ရေအိုးများကို မန္တလေး၊ မုံရွာ၊ လားရှိုး၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း စသည့်မြို့များမှ ကုန်သည်များက လာရောက်ဝယ်ယူပြီး စစ်ကိုင်းပြာသိုအိုး နာမည်တံဆိပ်ဖြင့် ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ တောင်ကလာမှ မိုးဟု မြန်မာ့ဆိုရိုးစကားရှိသည်။ စစ်ကိုင်းမြို့မှထွက်သည့် အိုးများကတော့ ဒေါင် ဒေါင် မြည်ဆဲ၊ ဒေသအသီးသီးတို့တွင် ဈေးကွက်ဝင်ဆဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သန်းသန်းတင်(မုံရွာ)