Main menu

Background

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးမှသည် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့

Wed, 11/09/2022 - 11:39 -- journal_editor

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးသီးနှံ အများအပြား ဖြစ်ထွန်းအောင်မြင်သော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း တွေ့ရှိရပြီး ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် ကျေးလက်ထုတ်ကုန်ဖွံ့ဖြိုးရေးအတွက် အရေးပါလှသည်။
ပဲခူးတိုင်း‌ဒေသကြီးသည် ကျေးလက်ထုတ်ကုန်မှသည် Value Added  တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ဆောင်ရွက်နေသည့် လုပ်ငန်းပေါင်း ၃၀ ကျော်ခန့်ရှိသည်။ Value Added အနေဖြင့် ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ဒေသတွင်း အနီးအနားရှိ ကျေးရွာများနှင့် နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချခြင်းဖြင့်  ဈေးကွက်ဖော် ဆောင်လျက်ရှိသည်။ ပဲခူးတိုင်း ဒေသကြီးအတွင်း ထုတ်လုပ်နေသော ထုတ်ကုန်များထဲမှ ထုတ်ကုန်အနည်းငယ်အား အောက်ပါအတိုင်းလေ့လာ တင်ပြအပ်ပါသည်-

မုန့်ဖတ်ခြောက်လုပ်ငန်း
တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာတွင် ဒေသထုတ်ကုန်တစ်ခုအဖြစ် မုန့်ဖတ်ခြောက်လုပ်ငန်း လုပ်ကိုင်ကြသည်။  မုန့်ဖတ်ခြောက်ပြုလုပ်ရာတွင် အသုံးပြုရသော ဆန်ဆလပ်ကျိုးများကို တောင်ငူမြို့ပေါ်ရှိ ဆန်စက်များမှ ဝယ်ယူရရှိသည်။ မုန့်ဖတ်ခြောက် ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်မှာ ဆန်ဆလပ်ကျိုးတစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဝ ဝန်းကျင်ခန့် ပေးရသည်။  လုပ်သားအင်အားအနေဖြင့် အမျိုးသား လုပ်သားလေးဦးနှင့် အမျိုးသမီးအင်အား ငါးဦးခန့် သုံးရကြောင်းနှင့် တစ်ရက်လုပ်အားခအနေဖြင့် ကျပ် ၅၀ဝ၀ မှ ကျပ် ၆၀ဝ၀ ထိပေးချေရသည်။ ဆန်တစ်အိတ်လျှင် မုန့်ဖတ်ခြောက် ၂၀ ကျပ်သား ထုပ် ၁၂၅ ထုပ်ခန့်ထွက်ရှိသည်။ မုန့်ဖတ်ခြောက်များ ထုတ်လုပ်ရာ တွင် လျှပ်စစ်မီးရရှိမှုပေါ် မူတည်၍ တစ်ရက်လျှင် ဆန်  ၁၀ အိတ်မှ ၅၀အိတ်ခန့် ထုတ်လုပ်လျက်ရှိပြီး တောင်ငူခရိုင်အတွင်းရှိ ကုန်စုံဆိုင် များနှင့် ဘားအံ ၊ သထုံ၊ မော်လမြိုင်၊ မြဝတီမြို့များသို့  အဝယ်ရှိလျှင် ရှိသလို တစ်လလျှင် ပီနံအိတ် တစ်အိတ် အထုပ် ၃၀ပါ အိတ် ၁၂၀ဝ-၁၅၀ဝ ခန့် ပေးပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မုန့်ဖတ်ခြောက်လုပ်ငန်းသည် ပြည်တွင်းဈေးကွက်တွင် ခေတ်မီ မုန့်ဖတ်‌ခြောက်စက်များဖြင့် ထုတ်လုပ်ပါက တွက်ခြေကိုက်သောလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာလူမျိုးများလည်း ကြိုက်နှစ်သက်သော စားသောက်ကုန်ထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့်အတွက် ရေရှည်လုပ်ကိုင်ရန်သင့်သော လုပ်ငန်းတစ်ခုဖြစ်သည်။
မလိုင်နှင့် ယိုမျိုးစုံလုပ်ငန်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဒေသထုတ်ကုန်တစ်ခုအဖြစ် မလိုင်လုပ်ငန်းနှင့် ယိုမျိုးစုံလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြသည်။ မလိုင်နှင့်ယိုများထုတ်လုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် နွားနို့၊ သကြား၊ မြေပဲ၊ နှမ်း၊ ကျောက်ဖရုံ၊ဆန်တို့ကိုအသုံးပြုရပြီး ပြည်မြို့နယ်၊ ရွှေတောင်၊ သဲကုန်း၊ ဝက်ပုတ်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့များမှ မှာယူရသည်။ လုပ်သားအရေအတွက်အားဖြင့် လုပ်ငန်းတစ်ခုလျှင်  အမျိုးသား ရှစ်ဦး၊ အမျိုးသမီးခုနစ်ဦး ၊ စုစုပေါင်း ၁၅ဦး အသုံးပြုရသည့်အတွက် တစ်ရက်လုပ်အားခ ပေးချေရမှုအနေဖြင့် အမျိုးသားတစ်ဦးလျှင် ကျပ် ၈၀ဝ၀ ခန့် ၊ အမျိုးသမီးတစ်ဦးလျှင် ကျပ် ၅၀ဝ၀ခန့် ပေးချေရသည်။ ယိုအမျိုးအစားအပေါ်လိုက်၍ ယိုတစ်ပိဿာလျှင် လုပ်သားခ အပါအဝင် ကုန်ကျစရိတ် ကျပ် ၇၂၀ဝ-၇၅၀ဝ ခန့် ကုန် ကျပြီး အသားတင်အကျိုးအမြတ်အားဖြင့် ယိုအမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၃၀ဝ-၅၀ဝ ခန့် ရရှိကြောင်း သိရှိရသည်။ ယိုမျိုးစုံကို နှစ်ပတ်လည်ထုတ်လုပ်ပြီး တစ်ရက်လျှင် မလိုင် ၇၀  ပိဿာခန့်၊ မြေပဲနှမ်းယို ၅၀ ပိဿာခန့် ၊ ကျောက်ဖရုံယို ၃၀ ပိဿာခန့် ထုတ်လုပ် လျက်ရှိပြီး ဒေသတွင်း  မြို့နယ်များနှင့် အခြားမြို့နယ်များသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ ယိုစုံလုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အပြင် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ တစ်နှစ်ပတ်လုံး လုပ်ကိုင်ရသည့်လုပ်ငန်းဖြစ်သည့်တွက်  ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ နေ့စဉ်ဝင်ငွေ အကျိုးအမြတ်ရရှိခြင်းကြောင့် စီးပွားရေး အရ တွက်ခြေကိုက်သောလုပ်ငန်းတစ်ခုဖြစ်သည်။

ကရေကရာလုပ်ငန်း
သာယာဝတီခရိုင်  လက်ပံတန်းမြို့နယ်၏   ဒေသထုတ်ကုန်တစ်ခုဖြစ်သော ကရေကရာ လုပ်ငန်းသည်   " ကရေကရာ ရွှေညာ ကမုန့်မျိုး ပေါက်ပေါက်ကယ် ချိုပါလှ အုန်းယိုကတိုး" ဟု ဆိုရိုးရှိသလို ဒေသအမှတ်အသားတစ်ခုအဖြစ် ရပ်တည်နေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ကရေကရာ ပြုလုပ်ရာတွင် ကောက်ညှင်းမှုန့်၊ အုန်းသီး၊ သကြား၊ ထောပတ်များကို ကုန်ကြမ်းအဖြစ် အသုံးပြုကြပြီး လုပ်သားအ‌ရေအတွက်အားဖြင့် ခုနစ်ဦးခန့် အသုံးပြုကြသည်။   လုပ်သားတစ်ဦးလျှင် တစ်ရက်လုပ်အားခ ကျပ် ၇၀ဝ၀ ခန့် ပေးချေရပါသည်။ ကုန်ကျစရိတ်မှာ ကောက်ညှင်းမှုန့် တစ်ပိဿာလျှင်  ကျပ် ၅၀ဝ၀၊ သကြားတစ်ပိဿာလျှင် ကျပ် ၂၇၀ဝ ၊ ထောပတ် တစ်ပိဿာလျှင်ကျပ် ၂၀ဝ၀ဝ၊ အုန်းသီး တစ်လုံး ကျပ် ၇၀ဝ ၊ လုပ်သားခ တစ်ဦး ကျပ်၇၀ဝ၀၊ ဘူးဖိုး ၁၀ဝ ကျပ် ၊ ကရေကရာ တစ်ပိဿာပြုလုပ်ရန်အတွက် စုစု ပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၄၅၅၀ ခန့် ကုန်ကျပြီး တစ်ပိဿာ ကျပ် ၆၀ဝ၀ ခန့်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။
အကျိုးအမြတ်အနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၄၅၀ ခန့်ရရှိ ပြီး လုပ်ငန်းတစ်ခု တစ်နေ့လျှင် ၆၂ ပိဿာခန့် ထုတ်လုပ်လျက်ရှိသည်။ ဈေးကွက်ရောင်းချမှုသည် ‌ဒေသတွင်းနှင့် ရန်ကုန်မှ ပြည်ကြားမြို့များ၊ နေပြည်တော်စသည့် တိုင်း‌ဒေသကြီး၊ မြို့နယ်များသို့ ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပို့‌ရောင်းချလျက်ရှိကြောင်း သိရှိရသည်။  က‌ရေကရာလုပ်ငန်းသည် ‌ ဒေသထုတ်ကုန်တစ်ခုအဖြစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ခေတ်မီစက်ကိရိယာများနှင့် ကုန်ကြမ်းထားရှိရန်အတွက် သိုလှောင်ရုံများ ဆောက်လုပ်ကာ ဆောင်ရွက်နိုင်မည့်လုပ်ငန်းတစ်ခု ဖြစ်သည်။

ရက်ကန်းလုပ်ငန်း
သဲကုန်းမြို့၊ ပျားစည်ကျေးရွာ၊ အင်းမတွင် မိရိုးဖလာ ရက်ကန်းလုပ်ငန်းကို ‌ရှေးမူမပျက်ထိန်းသိမ်း၍လုပ်ကိုင်လျက်ရှိသည်။ ရက် ကန်းတွင် အသုံးပြုရသည့် ကုန်ကြမ်းမှာ ချည်ထုတ်ဖြစ်ပြီး ချည်ထုတ် များကို တရုတ်နိုင်ငံမှ တင်သွင်း၍ မန္တလေးကုန်သည်များထံ ရောက်ရှိကာ ထိုမှတစ်ဆင့် ပြည်ကုန်သည်များထံမှ ဝယ်ယူရရှိသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် လုပ်အားခအပါအဝင်  တစ်ထည်လျှင် ကျပ် ၇၂၀ဝ ခန့် ကုန်ကျပြီး ပြန်လည်ရောင်းချရာတွင် ကျပ် ၉၀ဝ၀-၉၅၀ဝ ခန့် ‌ရောင်းချကြောင်း သိရှိရသည်။  အင်းမထည်ကို တစ်နှစ် တစ်ရာသီတွင် ခြောက်လထုတ်လုပ်ပြီး တစ်နေ့လျှင် ပုဆိုး သုံးကွင်းခန့်၊ မလုံချည် သုံးထည်ခန့်ထုတ်လုပ်ကြောင်း သိရှိရသည်။ အင်းမချည်ထည် များကို ဒေသတွင်းက အထည်ဆိုင်များနှင့် တစ်နိုင်ငံလုံးဖြန့်ဖြူး‌ရောင်းချကြောင်း သိရှိရပြီး ကျေးရွာများတွင် လုပ်သားအင်အား နည်းပါးလာခြင်း၊ လုပ်သားရှားပါးခြင်းပြဿနာများကြောင့် နေလှန်းရန် ခက်ခဲသည့်အတွက်ကြောင့်   မိုးရာသီတွင် အမိုးအကာပါသည့် အဆောက်အအုံများ လိုအပ်လျက်ရှိသည်။

ငါးချဉ်လုပ်ငန်း
ပဲခူးတိုင်းဒေသကြီး၏ ဒေသထုတ်ကုန်များထဲတွင် ငါးချဉ်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။   ပဲခူးမြို့တွင် ငါးချဉ်လုပ်ငန်း အများစုလုပ်ကိုင်ကြပြီး ငါးချဉ်ထုတ်လုပ်ရာတွင် အသုံးပြုရသော တောင်စွန်းဖက်များကို   ပဲခူး အနောက်ရိုးမမှ ဝယ်ယူရရှိပြီး ငါးများကို ပဲခူးမြို့ရှိ ငါးဒိုင်များမှ ဝယ်ယူကြသည်။ ငါးချဉ်ထုတ်လုပ်ရာတွင် ငါးဖယ်နှင့် ငါးမြစ်ချင်းကို  အသုံးပြု၍ ထုတ်လုပ်ကြသည်။ ငါးချဉ်လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သားအရေအတွက်အားဖြင့် ၂၀ ဦးခန့် ၊ တစ်ရက်လုပ်သား  ပေးချေရမှုအနေဖြင့် ကျပ် ၈၀ဝ၀ ခန့် ပေးချေရသည်။ ကုန်ကျစရိတ်မှာ ငါးဖယ်   ပိဿာ ၁၀ ကို ကျပ် ၁၆၀ဝ၀ဝ၊ ငါးမြစ်ချင်း ပိဿာ ၁၀ ကျပ် ၆၀ဝ၀ဝ၊ ဆန်နို့ဆီဘူး လေး လုံးလျှင် ကျပ် ၁၅၀ဝ၊ ဆား ၃၀ကျပ်သား ၃၀ဝ ကျပ် ၊ ငါးချဉ်တစ်ထုပ်လျှင် ဖက်ရွက်သုံးရွက်ခန့် အသုံးပြုရကာ ငါးဖယ် ပိဿာ ၁၀ အား လည်းကောင်း၊ ငါးမြစ်ချင်း ပိဿာ ၁၀ အားလည်းကောင်း   ထုတ် လုပ်ပါက  ၁၀ကျပ်သား အထုပ်ရေ ၂၀ဝ ခန့်ထွက်ရှိသည့် အတွက် ဖက်ရွက် ၆၀ဝခန့် အသုံးပြုရပြီး ဖက်ရွက်ကုန်ကျစရိတ်မှာ ကျပ် ၅၀ဝ၀ ခန့် ၊ လုပ်သားခ ကျပ် ၃၂၀ဝ၀ ၊ စုစုပေါင်း ကုန်ကျစရိတ် ကျပ် ၁၉၈၈၀ဝ ခန့် ကုန်ကျပြီး အကျိုးအမြတ်မှာ ပိဿာ ၁၀ လျှင် ကျပ် ၄၁၂၀ဝ ခန့်ရရှိ ကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ပဲခူးမြို့တွင်းနှင့် ဘုရားကြီးမြို့၊ ကျိုက်ထိုမြို့၊ ရန်ကုန်မြို့ရှိ ကုန်တိုက်များ၊ မန္တလေးကုန်တိုက်ကြီးများ၊ မုံရွာ၊ မိတ္ထီလာ၊ တောင်ကြီး၊  ပုသိမ်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ မော်လမြိုင် မြို့များသို့ ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း သိရှိရသည်။ ငါးချဉ်လုပ်ငန်းသည် ပြည်ပဈေးကွက်အထိပါ တိုက်ရိုက်ဖြန့်ဖြူးရောင်းချနိုင်သောလုပ်ငန်းဖြစ်ပြီး ပြည်ပဈေးကွက်များကိုထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ခေတ်မီထုပ်ပိုးမှုနည်းစနစ်များ၊ ကြာရှည် အသုံးပြု နိုင်ရန် နည်းပညာများကို လေ့လာသင်ယူပြီး တိုးချဲ့လုပ်ကိုင်ပါက ထုတ်လုပ်ရောင်းချသူများအတွက် အခွင့်အလမ်းရှိသော  စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်။

ခရမ်းချဉ်သီးယိုလုပ်ငန်း
ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာတွင် ခရမ်းချဉ်သီးများကို  ခရမ်းချဉ်သီးထွက်ရှိချိန်တွင် ခရမ်း၊ သက္ကလ၊ ပဲခူးနှင့် ဘိုင်းဒါးဒေသများမှ ဝယ်ယူပြီး အခြားအချိန်ကာလများတွင်  ရှမ်းပြည်နယ်ဘက်မှ အင်း သီးများကို ဝယ်ယူ၍ ခရမ်းချဉ် သီးယိုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ ခရမ်းချဉ်သီးယိုထုတ်လုပ်ရန်အတွက် ကုန်ကြမ်းမှာ ခရမ်းချဉ်သီးနှင့် သကြားကို အသုံးပြုရပြီး လုပ်သားအရေအတွက် ငါးဦးခန့်ဖြင့် လုပ်ကိုင်လျက်ရှိသည်။ တစ်ရက်လုပ်သားခ ပေးချေရမှု အနေဖြင့် ကျပ် ၇၀ဝ၀-၈၀ဝ၀ ကျပ်ခန့်ပေးချေရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သည် သယ်ယူပို့ဆောင်ခအပါအဝင် ခရမ်းချဉ်သီးယို တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ခန့် ကုန်ကျပြီး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ခန့်  ပြန်လည် ရောင်းချ ကြသည့်အတွက် အကျိုးအမြတ်အားဖြင့် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ခန့်ရရှိသည်။ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုမှာ ဒေသတွင်းနှင့်ရန်ကုန်မြို့တွင်း တင်ပို့ရောင်းချကြပြီး ကုန်ကြမ်း ၅ ပိဿာလျှင် ကုန်ချော ၂ ပိဿာ ၇၀ ကျပ် သား ခန့်ရရှိပြီး တစ်ရက်လျှင် ၈ ပိဿာကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

(ဒေသထုတ်ကုန်များအား ဆက်လက်ဖော်ပြပေးပါဦးမည်။)
ဝါဆို(DOCA)