Main menu

Background

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးမှသည် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

Tue, 11/22/2022 - 15:45 -- journal_editor

(ယခင်တစ်ပတ်က အဆက်)
မြေပဲယိုလုပ်ငန်း
ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  ဖြူးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်းလုပ်ကိုင်သူ  သုံးဦးခန့်ရှိသည်။  မြေပဲယို ရရှိရန်အတွက် ကုန်ကြမ်းအနေဖြင့် သကြား၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ ကပ်စေးနှင့် ပဲဆီ တို့ကို အသုံးပြုရပြီး ဒေသတွင်း ဖြူးမြို့နယ်မှ  မှာယူရရှိကြောင်း သိရှိရသည်။ မြေပဲယိုထုတ်လုပ်ရာတွင်  ပထမဦးဆုံးအနေဖြင့် မြေပဲဆန်ကို ရွေးရသည်။ မြေပဲဆန် ရွေးပြီးသည့်အခါ  လှော်ရ သည်။ သကြားကို ကျို၍ကျသည့်အခါ   ကပ်စေးထည့်ရသည်။ ကပ်စေးထည့်ပြီးသည့်အခါ မြေပဲဆန်ထည့်၍ကျလျှင်  ဖြန့်(လှိမ့်)ခြင်းဖြင့် အချပ်ရပါက လှီးခြင်းပြုလုပ်ရသည်။   လုပ်ငန်းတစ်ခုလျှင် လုပ်သား ငါးဦးခန့် အသုံးပြုပြီး လုပ်အားခ ပေးချေရမှုအနေဖြင့်  တစ်ဦးလျှင် ၈၀ဝ၀ကျပ်ခန့် ပေးချေရသည်။ မြေပဲယိုထုတ်လုပ်ရာတွင် စုစုပေါင်း ကုန်ကျစရိတ် မှာ တစ်နေ့လျှင် ၁၄၀၃၅၀ ကျပ်ခန့်  ကုန်ကျပြီး အကျိုးအမြတ်မှာ တစ်ရက်လျှင် ကျပ် ၃၁၁၅၀ ရရှိကြောင်း သိရှိရသည်။  ဈေးကွက်ရောင်းချမှုအားဖြင့် မြေပဲယိုကို တစ်ရက်လျှင် ငါးချပ်တွဲ ၄၉တွဲ ထုတ်လုပ်လျက်ရှိပြီး ဒေသတွင်း ဖြူးမြို့နယ်နှင့်အနယ်နယ်အရပ်ရပ်သို့ဖြန့်ဖြူး‌ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
သံရည်ကျိုပုံလောင်းထုတ်ကုန်လုပ်ငန်း
ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့နယ် ရွာသစ်ကိုင်းတာကျေးရွာတွင် သံရည်ကျို၍ ပုံလောင်းခြင်းလုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။ ကုန်ကြမ်းကို သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံထည်ဟောင်းများကို အသုံးပြုပြီး  တစ်ရက်လျှင် နန်းဆွဲနှစ်တန် ထုတ်လုပ်လျက်ရှိကာ တစ်လကို ပျမ်းမျှအားဖြင့် ရက် ၂၀ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။ လုပ်ငန်းကို လုပ်သားအရေအတွက်အားဖြင့် ၉၅ဦးခန့် အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ သံရည်ကို ကျိုလောင်း၍ ပုံလောင်းထုတ်ကုန်များ ထုတ်လုပ်ရာတွင် လက်မ ၃၀ အမြင့် ၅ ပေရှိသော  ပေါင်းဆွဲလေမှုတ်စက်ဖြင့် မောင်းခြင်း၊  မီးမွှေးလောင်စာထည့်ခြင်းများ ပြုလုပ်ရာတွင် သဲပိဿာချိန် ၇၀၊  လောင်စာ ၁၅ ပိဿာ၊ ထုံးကျောက် ငါး ပိဿာ၊ တစ်နေ့လျှင် တန်ချိန် ခြောက်တန်ခွဲ၍ အရည်ကျိုပြီး ပုံစံခွက်မျိုးစုံဖြင့် ပုံလောင်း၍  ထုတ်လုပ်လျက်ရှိသည်။ တစ်ရက်  လုပ်သားတစ်ဦးလျှင် ၁၀ဝ၀ဝ-၁၅၀ဝ၀ ကျပ်ခန့်  ပေးချေရပြီး တစ်ပိဿာလျှင် ၅၀ကျပ်မှ ၁၀ဝ ကျပ်နှုန်းထိ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။ သံရည်ကျို၍ ပုံလောင်းထုတ်လုပ်ရေးလုပ်ငန်းသည် လုပ်ငန်းတိုးချဲ့၍ အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်ပါက လုပ်ငန်းရှင်အတွက်လည်း တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ‌ဒေသတွင်း စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ပန်းပု၊ ပန်းပွတ်လုပ်ငန်း
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် သစ်ကို အခြေခံ၍ အနုပညာလက်မှုပစ္စည်း ပြုလုပ်သောလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်သောလုပ်ငန်းတစ်ခုရှိသည်။  ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံ အသုံးပြုပြီး ကုက္ကို၊ ဘင်ဂ၊  ပိတောက်သားများ အသုံးပြု၍ ထုတ်လုပ်ကြောင်း သိရှိရသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား ၁၅ ဦးခန့် အသုံးပြုပြီး တစ်ရက်လုပ်အားခ ငွေကို ပုတ်ပြတ် ကျပ် ၆၀ဝ၀မှ ၁၀ဝ၀ဝ ထိ ပေးချေရကြောင်း သိရှိရသည်။ ပန်းပု၊ပန်းပွတ် အနုပညာပစ္စည်းများပြုလုပ်ရာတွင် သစ်သားကို လွှပိုင်းဖြင့်သော်လည်းကောင်း၊ ချိန်းစောအတိုဖြင့်သော်လည်းကောင်း ပုံကြမ်းဖော်ခြင်း၊ ပညာရှင်က  ပန်းပု၊ ပန်းပွတ်ဖြင့် ပုံပြန်ဖော်၍ အချောချောခြင်း၊ ဆေးတင်ခြင်းဖြင့် အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရ သည်။ အကျိုးအမြတ်မှာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ၂၀ ရာခိုင်နှုန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။ ကုန်ကြမ်းကို ကျွဲပွဲနှင့်တောင်ငူမြို့တွင်းမှ ဝယ်ယူရရှိကြောင်းသိရှိရပြီး   ပြည်ပသို့လည်း တင်ပို့ရောင်းချသလို ရန်ကုန်မြို့ Shopping Centre များတွင်လည်း ရောင်းချကြောင်းသိရှိရသည်။
ဝါဆို(DOCA)