Main menu

Background

မရန်းသီးများ စတင်ထွက်ပေါ်

Sat, 02/04/2023 - 23:06 -- journal_editor

မရန်းပင်ကို အင်္ဂလိပ်လို (MARIAN TREE) ဟုခေါ်သည်။ မရန်းပင်သည် သားစဉ်မြေးဆက် စိုက်ပျိုးပြီး စီးပွားဖြစ်ထွန်းစေသည့် အပင်မျိုးဖြစ်သည်။ အချို၊ အချဉ်အရသာ နှစ်မျိုးရှိပြီး မရန်းသီးအစိမ်းအတိုင်းကို မရန်းသီးထောင်း၊ မရန်းသီး ကြော်အဖြစ် စားသောက်ကြသလို အခြောက်လှန်းပြီး မရန်းပြား၊ မရန်းပေါင်း၊ မရန်းယိုအဖြစ်လည်း စားသုံးကြသည်။

မရန်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး ၄ စင်တီမီတာမှ ၇ စင်တီမီတာအထိရှိသည်။ မရန်းပင်သည် သရက်ပင်၊ သီဟိုဠ်ပင်တို့နှင့် မျိုးရင်းတူပြီး ထူးခြားမှုမှာ အခွံခွာစရာမလိုဘဲ စားလို့ရသည်။ မရန်းပင်သည် အရှေ့တောင် အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အများအပြား ပေါက်ရောက်သည်။

မရန်းသီးပင်ကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ မြေစေးဆန်ပြီး နုန်းမြေ၊ ပူအိုက်စွတ် စိုသော ရာသီဥတုတို့ကို ကြိုက်နှစ်သက်ပြီး မရန်းပင်တစ်ပင် စိုက်ပျိုးပြီး ခုနစ်နှစ်ကြာလျှင် အသီး စတင်ခူးဆွတ်နိုင်ပြီး အသီးအထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀ဝ၀-၇၀ဝ၀ အထိရရှိပြီး အပင်ကြီးလျှင် အလုံးရေ ၂၀ဝ၀ဝ- ၃၀ဝ၀ဝ အထိ ရရှိနိုင်သည်။ မရန်းသီးသည် ဇန်နဝါရီလလောက်တွင် စတင်ပေါ်ပြီး  မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှု နည်းပါးသွားသည်။ သီးနှံပေါ်ချိန်တွင် မရန်းသီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ဝ နှုန်းခန့်ရှိပြီး သီးနှံအဝင်လှိုင်ချိန်မှာတွင် တစ်ပိဿာကို ကျပ် ၁၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်သည်။ အလုံး အကြီး/အသေးပေါ် မူတည်၍လည်း ဈေးနှုန်းကွာခြားသည်။

ချိုချိုချဉ်ချဉ်လေးနှင့် အရသာရှိသည့် မရန်းသီးကို လူတိုင်းကြိုက်ကြသည်။ ဆောင်းရာသီ၏ အအေးဓာတ်လေး မကုန်ခင်တွင် အရသာရှိလှတဲ့ မရန်းသီးလေးစားရခြင်းက ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာကောင်းသည့် ဆောင်းရာသီ၏ အငွေ့အသက်ကလေးဖြစ်သည်။

သင်းသင်းအောင်(ပြည်)