Main menu

Background

ကုန်သွယ်မှုအတွက် ယုံကြည်မှုတည်ဆောက်ပေးမည့် အရည်အသွေး အခြေခံအဆောက်အအုံစနစ် (၂)

Thu, 01/19/2023 - 16:01 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
အရည်အသွေးအဆောက်အအုံ ဝန်ဆောင်မှုများ
အရည်အသွေး အဆောက်အအုံစနစ်၏ အစိတ်အပိုင်းတစ်ခုမှာ အရည်အသွေးကိုက်ညီမှုကို စစ်ဆေးအကဲဖြတ်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်ကြသည်။
အရည်အသွေးကိုက်ညီမှု အကဲဖြတ်ခြင်း
အရည်အသွေးကိုက်ညီမှု အကဲဖြတ်ခြင်းဆိုသည်မှာ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှုတစ်ခု၊ စီမံခန့်ခွဲမှုစနစ်၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးသည် သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ပြသသည့် လုပ်ငန်းဆောင်ရွက်ပုံများနှင့် လုပ်ငန်းစဉ်များဖြစ်သည်။  အဆိုပါ  လိုအပ်ချက်များသည်  ISO ကဲ့သို့သော အဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းသည့် နိုင်ငံတကာ စံချိန်စံညွှန်းများတွင် ဖော်ပြလေ့ရှိသည်။ အရည်အသွေး ကိုက်ညီမှု အကဲဖြတ်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများအတွက် လိုအပ်ချက်များကို နိုင်ငံတကာ စံချိန်စံညွှန်းများတွင် ဖော်ပြလေ့ရှိပြီး စစ်ဆေးချက်ရလဒ်များအပေါ် နယ်စပ်ဖြတ်ကျော်လက်ခံနိုင်ရေး အပါအဝင် တစ်ကမ္ဘာ လုံးဆိုင်ရာ ညီညွတ်မျှတမှုရှိစေရေး အထောက်အကူဖြစ်စေသည်။ 
သို့ဖြစ်ရာ နိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြုခြင်းသည် အရည်အသွေးကိုက်ညီမှု အကဲဖြတ်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများကို  တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ညီညွတ်စေမည်ဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ နိုင်ငံအချင်းချင်း သို့မဟုတ် ဒေသဆိုင်ရာ သဘောတူညီစာချုပ်များတွင် နှစ်ဖက်သဘောတူညီထားသည့်  ဓာတ်ခွဲစမ်းသပ်ခြင်း၊  စစ်ဆေးအကဲဖြတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုကို လက်ခံခြင်း အစရှိသည့် နည်းလမ်းများသည်  ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာ အတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည်။ အဆိုပါ လိုအပ်ချက်များနှင့်  စည်းမျဉ်းများကို ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုခြင်းနှင့် နိုင်ငံတွင်းသို့  တင်သွင်းခွင့်ပြုခြင်းကဲ့သို့ သော အမိန့်ညွှန်ကြားချက်များနှင့် စည်းမျဉ်းများတွင် ဖော်ပြလေ့ရှိ ကြသည်။ 
နည်းပညာဆိုင်ရာ စည်းမျဉ်းများ၊ အမိန့်ညွှန်ကြားချက်များ၊ စံချိန်စံညွှန်းများ၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသည် နိုင်ငံတကာကုန်သွယ်မှုတွင် မလိုလားအပ် သော အဟန့်အတားများ မဖြစ်စေရေး ရည်ရွယ်၍  WTO ၏TBT Agreement ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အရည်အသွေးကိုက်ညီမှု အကဲဖြတ်ခြင်းရလဒ်များအပေါ် အပြန်အလှန် အသိအမှတ်ပြုကြစေ ရေးအတွက် လိုအပ်ချက်များကို  WTO ၏ TBT Agreement က အလေးပေးထားသည်။ သို့ဖြစ်ရာ နိုင်ငံ၏ အရည်အသွေး အဆောက်အအုံစနစ်သည် မိမိနိုင်ငံ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး အလေးထား ဆောင်ရွက်ရုံသာမက နိုင်ငံ၏ စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍများကို ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးအတွက် အရေးပါသော အထောက်အပံ့ဖြစ်စေသည်။ အရည်အသွေးကိုက်ညီမှု အကဲဖြတ်စစ်ဆေးခြင်းလုပ်ငန်းများမှာ အောက်ဖော်ပြအတိုင်းဖြစ်ပြီး လုပ်ငန်းတစ်ခု သို့မဟုတ် အခြားလုပ်ငန်းများကိုပါ သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်လေ့ရှိကြသည်။ စီးပွားရေးအရ ဆောင်ရွက်ကြသော အဖွဲ့အစည်းများရှိသကဲ့သို့ အစိုးရ၏တာဝန်ပေးမှုအရ ဆောင်ရွက်ကြသည်များလည်းရှိသည်။
ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းခြင်း (Testing)
စွမ်းဆောင်ရည် သို့မဟုတ် ဘေးကင်းလုံခြုံရေးကဲ့သို့သော တိကျသည့် သတ်မှတ်ချက်များနှင့်ထုတ်ကုန်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို ဆောင်ရွက်ကြရသည်။ ဓာတ်ခွဲစမ်းသပ်ခြင်းများသည် အရည်အသွေး ကိုက်ညီမှု အကဲဖြတ်ခြင်းအတွက် အများဆုံးဆောင်ရွက်ကြရသောလုပ်ငန်းဖြစ်သည်။ စစ်ဆေးအကဲဖြတ်ခြင်း (inspection)နှင့် ထုတ်ကုန်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း (product certification)  ကဲ့သို့သော အခြားအရည်အသွေး ကိုက်ညီမှု အကဲဖြတ်ခြင်း လုပ်ငန်းအမျိုးအစားများအတွက် အခြေခံလိုအပ်ချက်များကို ဓာတ်ခွဲစမ်းသပ်ခြင်းက အထောက်အကူပြုသည်။
စစ်ဆေးအကဲဖြတ်ခြင်း ( (Inspection)
နယ်စပ်ဖြတ်ကျော် ရောင်းဝယ်ဖောက်ကားမှုများအတွက် စစ်ဆေးအကဲဖြတ်လုပ်ငန်း ဆောင်ရွက်သူများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါသည်။ ၎င်းတို့သည် အစိုးရကိုယ်စား သို့မဟုတ် တင်ပို့သူနှင့် တင်သွင်းသူများကိုယ်စား တင်သွင်းကုန်စည်နှင့်ပစ္စည်း  များအား စစ်ဆေးအကဲဖြတ်ပေးရသည်။ ၎င်းတို့အနေဖြင့် ထုတ်ကုန် များ၊ ပစ္စည်းများ၊ တပ်ဆင်ပုံများ၊ စက်ကိရိယာများ၊ လုပ်ဆောင်ပုံများ၊ လုပ်ငန်းဆောင်ရွက်ပုံစနစ်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ရန်တာဝန်ရှိပြီး အရည်အသွေး၊ သုံးစွဲရန် သင့်တော်မှု ရှိ/မရှိ၊ လည်ပတ်ရန် ဘေးကင်းလုံခြုံမှုရှိ/မရှိ စသည်တို့ကို သက်ဆိုင်ရာသို့ အစီရင်ခံတင်ပြကြရသည်။
အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း (Certification)
အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုသည်မှာ အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးခွင့်ရှိသည့် အဖွဲ့အစည်းတစ်ခုခုက ထုတ်ကုန်၊ ဝန်ဆောင်မှု၊ လုပ်ငန်းစဉ်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် စီမံခန့်ခွဲမှုစနစ် စသည်တို့သည် သတ်မှတ်ထားသည့်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည်ကို အာမခံပေးသည့်လက်မှတ် ထုတ် ပေးခြင်းဖြစ်ပါသည်။ အများသိကြသည့် ဥပမာများမှာ သက်ဆိုင်ရာများမှ အတည်ပြုပေးသည့်   ISO 9001 နှင့်   ISO 14001  ကဲ့သို့ သော အရည်အသွေးစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ  စသည်တို့ဖြစ်သည်။ 
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းပေါင်း တစ်သန်းကျော်သည် တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စီမံခန့်ခွဲမှု စနစ်များရှိကြကြောင်း UNIDO ကဆိုသည်။ ခေတ်ပေါ် စီမံခန့်ခွဲမှု စနစ်များမှာ အစားအသောက် ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုစနစ် ISO 22000 ၊ စွမ်းအင်စီမံခန့်ခွဲမှုစနစ်  ISO 50001  နှင့် သတင်းအချက် အလက်လုံခြုံရေး စီမံခန့်ခွဲမှုစနစ်  ISO/IEC 27001 တို့ဖြစ်ကြသည်။ ထုတ်ကုန်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရာတွင် တင်သွင်းသူ၏ အရည်အသွေး  စီမံခန့်ခွဲမှုစနစ်နှင့်အတူ ကနဦး ဓာတ်ခွဲစမ်းသပ်မှု ရလဒ်များလည်း ပါဝင်သင့်သည်။ ၎င်းနောက်တွင် စက်ရုံ သို့မဟုတ် ဈေးကွက်မှ နမူနာယူ ဓာတ်ခွဲစမ်းသပ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ် သည်။  စားသုံးသူများ  သို့မဟုတ်  အသုံးပြုမည့်သူများအတွက် အန္တရာယ်ဖြစ်နိုင်မည့် အခြေအနေကဲ့သို့သော အချက်အလက်များ ပေါ်မူတည်၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအမံများကို ရွေးချယ် ဆောင်ရွက်သင့်သည်။
အရည်အသွေးအဆောက်အအုံ၏အဓိကကျသော အစိတ်အပိုင်းများကို စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ တိကျစွာတိုင်းတာခြင်း၊ အရည်အသွေးကိုက်ညီမှုအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ခြင်းတို့အတွက် တာဝန်ရှိကြသော အဆင့်မြင့်အဖွဲ့ အစည်းများဖြင့် တည်ဆောက်ထားသည်။
စံချိန်စံညွှန်းသတ်မှတ်ခြင်း (Standardization)
ကျွန်ုပ်တို့ ဝယ်ယူသုံးစွဲသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့်  ပတ်သက်၍ ကျွန်ုပ်တို့တွင် သီးသန့်မျှော်လင့်ချက်များရှိကြသည်။ အဆိုပါထုတ်ကုန်နှင့်  ဝန်ဆောင်မှုများသည် သုံးစွဲရသည့် ရည်ရွယ်ချက်နှင့် ကိုက်ညီစေရန်၊ အသုံးပြုရာတွင် ဘေးကင်းမှု၊ လွယ်ကူမှုရှိစေရန်၊ မိမိကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေ ရန်၊ ယုံကြည်စိတ်ချရမှုရှိရန်နှင့် စွမ်းဆောင်ရည်ရှိရန်၊ အခြား ထုတ် ကုန်များထက် စီးပွားရေးအရ တွက်ခြေကိုက်ရန်နှင့် အကျိုးကျေးဇူး ပိုမိုရရှိရန် ကျွန်ုပ်တို့မျှော်လင့်တတ်ကြသည်။ အဆိုပါ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ရေး စံချိန်စံညွှန်းများက အထောက်အကူပြုသည်။ စံချိန်စံညွှန်းများသည် သဘောတူညီချက် အထောက်အထားများဖြစ်ကြပြီး ၎င်းတို့တွင် အတိုင်းအတာနှင့်ပတ်သက်သည့် ဝိသေသ လက္ခဏာများ၊ အနိမ့်ဆုံးနှင့်အမြင့်ဆုံး သတ်မှတ်ချက်များ၊ အလေး ချိန်များ၊ လုပ်ငန်းစဉ်များ၊ စနစ်များ၊ အကောင်းဆုံး အလေ့အထများ နှင့် အဆိုပါထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ရောင်းသူနှင့် ဝယ်ယူအသုံးပြုသူတို့ကြား ယုံကြည်မှုတည်ဆောက်ပေးနိုင်မည့် အခြားသတ်မှတ်ချက်များ ပါဝင်သည်။ သက်ဆိုင်ရာကဏ္ဍအလိုက် ကမ္ဘာ့ပညာရှင်များ ရေးဆွဲထားသည့် နိုင်ငံတကာစံချိန်စံညွှန်းများသည်  နည်းပညာဆိုင်ရာ  လိုအပ်ချက်များအတွက် အဓိကကျ သော အရင်းအမြစ်များ ဖြစ်ကြသည်။ 
ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ဝိသေသလက္ခဏာများကို ပြဋ္ဌာန်းခြင်းဖြင့် ပြည်ပပို့ကုန်ဈေးကွက်၏ လိုလားချက်အပေါ် ဖြည့် ဆည်းပေးနိုင်မည်ဖြစ်သည်။  နိုင်ငံတကာ စံချိန်စံညွှန်းများသည် အကန့်အသတ်ရှိသော အရင်းအမြစ်များအပေါ် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ဖွံ့ဖြိုးဆဲနိုင်ငံများအား အထောက်အကူဖြစ်စေသည်။ အရည်အသွေး အဆောက်အအုံစနစ်တစ်ခုတွင် စံချိန်စံညွှန်းသတ်မှတ်ခြင်း လုပ်ငန်း သည်  ISO ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများတွင်  နိုင်ငံ့ကိုယ်စားလှယ်အဖြစ်  ဆောင်ရွက်သည့် အမျိုးသား စံချိန်စံညွှန်း ပြဋ္ဌာန်းရေးအဖွဲ့အစည်းက  တာဝန်ယူဆောင်ရွက်လေ့ရှိသည်။အဆိုပါ အမျိုးသားစံချိန်စံညွှန်းပြဋ္ဌာန်းရေး အဖွဲ့အစည်းသည် နိုင်ငံ စီးပွားရေးအတွက် အဓိကအရေးကြီးသော အမျိုးသားစံချိန်စံညွှန်း များကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်ကြရသည်။ အမျိုးသား  စံချိန်စံညွှန်းပြဋ္ဌာန်းရေး အဖွဲ့အစည်းအနေဖြင့် စံချိန်စံညွှန်းတစ်ခုကို ရေးဆွဲနိုင်ခြင်းမရှိပါက နိုင်ငံတကာ စံချိန်စံညွှန်းများကို ဘာသာပြန်ဆို၍ မိမိနိုင်ငံ၏ စံချိန်စံညွှန်းအဖြစ် အခမဲ့ အသုံးပြု ဆောင်ရွက် နိုင်သည်။ နိုင်ငံတကာ စံချိန်စံညွှန်းများကို  အသုံးပြုခြင်းအားဖြင့် နိုင်ငံတကာမှ အသိပညာများရရှိမည့်အပြင် ပြည်တွင်းထုတ်ကုန်များ အား ပြည်ပဖောက်သည်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေ ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ စားသုံးသူများအနေဖြင့်လည်း နိုင်ငံတကာ  စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေး အာမခံချက်ရှိသော ထုတ်ကုန်များ၊ ဝန်ဆောင် မှုများကို အသုံးပြုခွင့်ရရှိကြမည်ဖြစ်သည်။
တိကျစွာတိုင်းတာခြင်း  (Metrology)  
တိကျစွာ တိုင်းတာခြင်းဆိုသည်မှာ သိပ္ပံနည်းကျတိုင်းတာခြင်းဖြစ်ပြီး  ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ဥပမာ-အစားအသောက်အချို့ကို အလေးချိန်ဖြင့် ဝယ်ယူရသည်။ လျှပ်စစ်ဓာတ်အားကို မီတာယူနစ် ဖြင့်သုံးစွဲကြရသည်။ နားလည်ရလွယ်ကူသော နောက်ထပ် ဥပမာ များမှာ ဆေးဖက်ဆိုင်ရာကိရိယာများ၏ မှားယွင်းသော တိုင်းတာမှုများ၊ မော်တော်ယာဉ်များ၏ ဘရိတ်စနစ်နှင့် လေယာဉ်အင်ဂျင်တို့၏ အဓိကအစိတ်အပိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရာတွင် မှားယွင်းသော တိုင်းတာမှုများ စသည်တို့သည် ကြီးမားသောဘေးအန္တရာယ်ကိုဖြစ်စေနိုင်ခြင်းတို့ဖြစ်သည်။ မှန်ကန်သော တိုင်းတာမှု စနစ်များနှင့် တိကျသောတိုင်းတာရေး  ကိရိယာများသည် ပြည်သူ့ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုရှိရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စားသုံး သူများကို ကာကွယ်ပေးနိုင်ရန် လိုအပ်သည်။ အဆိုပါ တိုင်းတာမှုတို့သည် စီးပွားရေးလုပ်ငန်းအချင်းချင်း ကန်ထရိုက်စာချုပ်များ ချုပ်ဆိုရာတွင်လည်းကောင်း ကမ္ဘာ့ကုန်သွယ်မှုတွင်လည်းကောင်း များစွာ အရေးပါသည်။
ဓာတ်ခွဲခန်းသုံးကတ္တားများနှင့် အခြားကိရိယာများသည် စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းများ (calibrate)  ဆောင်ရွက်ထားရန် လိုအပ်သည်။ သို့မှသာ ၎င်းတို့သည် ယုံကြည်စိတ်ချရသည့် တိုင်းတာမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။  အပူချိန်နှင့် ဖိအားတိုင်းတာခြင်းကဲ့သို့သော တိုင်းတာရေးကိရိယာများကို စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်မထားပါက စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကျေနပ်လောက်အောင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ။ အမျိုးသားအဆင့် အတိုင်းအတာများကို  အမျိုးသားတိကျစွာ  တိုင်းတာရေးနည်းပညာဌာန ( national metrology institute- NMI )  က တာဝန်ယူ ထုတ်ပြန်ပေးရသည်။ အဆိုပါဌာနအနေဖြင့် နိုင်ငံတကာ အလေးချိန်နှင့် အတိုင်းအတာကော်မတီ( International Committee of Weights and Measures) ၏ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်တွင် နိုင်ငံကိုယ်စားပြုလက်မှတ် ရေးထိုးရသည်။ နိုင်ငံတကာ အလေးချိန် နှင့်အတိုင်းအတာကော်မတီအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှု အထောက်အကူပြု စံချိန်စံညွှန်းများ၊ စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း အသိအမှတ်ပြုလက်မှတ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး အတွက် နည်းပညာနှင့်အဖွဲ့အစည်းဆိုင်ရာ အခြေခံမူဘောင်များ ထောက်ပံ့ဆောင်ရွက်ပေးသည်။            (ဆက်လက်ဖော်ပြပါမည်)
ကိုးကား-United Nations Industrial Development Organization
        ( UNIDO)
      National Standards and Quality Department Myanmar

ဝေဖြိုးထက် (စားသုံး-စစ်ကိုင်း)