Main menu

Background

စားသောက်ကုန်ပစ္စည်းအညွှန်းအမှတ်အသားတပ်ဆင်ခြင်း

Thu, 02/02/2023 - 16:17 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)    
အဆင့်(၂) စာရွက်စာတမ်းပြင်ဆင်ခြင်း၊ သွင်းကုန်လိုင်စင် ကြိုတင်လျှောက်ထား ခြင်းနှင့်  ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း
(က) အကောက်ခွန်ရှင်းလင်းရန် လိုအပ်သည့် စာရွက်စာတမ်းများ

တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းသော  စားသောက်ကုန်များအတွက် စာရွက်စာတမ်း လိုအပ်ချက်များမှာ တင်းကျပ်ပြီး ရှုပ်ထွေးပါသည်။ ကုန်ပစ္စည်းအား သင်္ဘောတင်ပို့ခြင်းမပြုမီ နှစ်ဖက် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ပင်ရင်းနိုင်ငံဖြစ်ခြင်းနှင့် သွင်းကုန်ထိန်းချုပ်ရေးတို့နှင့်သက်ဆိုင်သော အထောက်အထားများကို  ထုပ်ပိုးမှုစာရင်းနှင့်ထုပ်ပိုးထား သော အရာဝတ္ထုတို့၏ဖော်ပြချက်တို့နှင့်တကွ လျော်ကန်စွာ ပေးပို့ကြရန် လိုပါသည်။
၎င်းအထောက်အထားများကို တရုတ်နိုင်ငံသို့သင်္ဘောရောက်ရှိပြီးမှသာလျှင် ပြန်လည်သုံးသပ်ကြည့်ရှုကြသည်။ ထို့ကြောင့် နှောင့်နှေးမှုများနှင့် သိုလှောင်ထိန်းသိမ်းထားရသည့် စရိတ်စကများ ကို ရှောင်ရှားရန် ၎င်းအထောက်အထား အစစ်အမှန်များကို  တင်ပို့သူဘက်က ပြီးပြည့်စုံစွာ လျှောက်ထားရယူထားရမည်။
တင်သွင်းမည့်ကုန်ပစ္စည်းအတွက် Harmonized System (HS)  ၊  သွင်းကုန်အကောက်ခွန်နှုန်း၊ စာရွက်စာတမ်းများ၊ လိုင်စင်များနှင့်စမ်းသပ်ရန် လိုအပ်ချက်များအား တရုတ်အကောက်ခွန်၏ website(http://english.customs. gov.cn/)တွင် လေ့လာကြည့်ရှု နိုင်သည်။
စာရွက်စာတမ်း  လိုအပ်ချက်များမှာ ကုန်ပစ္စည်းများနှင့် ကုန်ပစ္စည်းအမျိုးအစားအုပ်စုများအကြား ပြောင်းလဲသော်လည်း တရုတ် နိုင်ငံသို့   စားသောက်ကုန်များ တင်သွင်းမည့်  ပို့ကုန်တင်ပို့ သူများ အနေဖြင့် အောက်ဖော်ပြပါတို့ကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်-
(၁)        ကုန်ပစ္စည်းအမှာစာ(Commercial invoice)
(၂)        Packaging list  အသေးစိတ်
(၃)        သင်္ဘောတင် ကုန်တင်တန်ဆာ (Bill of lading)
(၄)        ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate for export from country of origin)
(၅)        သန့်ရှင်းမှုရှိကြောင်း/ကျန်းမာရေးထောက်ခံချက်  (Hygiene Health certificate)
(၆)        (သောက်သုံးရမည့်ကုန်ပစ္စည်းများဖြစ်ပါက) ပုလင်းထဲ ထည့် သွင်းသည့်နေ့ လက်မှတ် (Certificate of bottling date)
(၇)        Certificate of free sale
(၈)        မူရင်းတံဆိပ်၏နမူနာ (sample of original label )
(၉)        တရုတ်တံဆိပ်၏နမူနာ 
(၁၀)      AQSIQ မှ  ထုတ်ပေးသည့် စမ်းသပ်စစ်ဆေးထားကြောင်း အထောက်အထား 
(ခ) သွင်းကုန်တင်သွင်းမှု မပြုမီ လိုင်စင်လျှောက်ထားခြင်း
    ယေဘုယျအားဖြင့် တရုတ်နိုင်ငံသို့ တင်သွင်းသော စားသောက်ကုန်များအတွက် သွင်းကုန်လိုင်စင်ကြိုတင်လျှောက်ထားရန် မလိုအပ်ပါ။ သို့ရာတွင် မွေးမြူရေး  သို့မဟုတ်   နို့ထွက်ပစ္စည်းများကဲ့သို့သော အလိုအလျောက်သွင်းကုန်လိုင်စင်စီမံခန့်ခွဲရေးအတွက် ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သော ကုန်ပစ္စည်းအမျိုးအစားအုပ်စု (2019 Goods Catalogue for Automatic Import License Management)တွင် ပါဝင်သည့် ကုန်ပစ္စည်းများရှိပါက တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ထုတ်ပေးသည့်  အလိုအလျောက် သွင်းကုန်လိုင်စင်ကို လျှောက်ထားရမည်ဖြစ်ပါသည်။
ထို့ပြင် ဂျုံ၊ ပြောင်း၊ ဆန်နှင့်သကြားကဲ့သို့သော သွင်းကုန်ပမာဏ အရေအတွက်ကန့်သတ်ထားသည့် စားသောက်ကုန်များရှိပါက စိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်းများ သွင်းကုန်အကောက်ခွန် အရေအတွက် ကန့်သတ်မှုလက်မှတ် (Agricultural Products Import Tariff Quotas Certificate)အား ရယူရန် လိုအပ်ပါသည်။ 
(ဂ) ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း
တရုတ်နိုင်ငံသည် ကုန်အမှတ်တံဆိပ်များကို  မှတ်ပုံတင်၍ အသိအမှတ်ပြုရာတွင် ပထမဆုံးလာရောက်မှတ်ပုံတင်သောစနစ်ကို ကျင့်သုံးပြီး ၎င်း၏ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်အတွင်း၌သာလျှင် အသိအမှတ်ပြုသည်ဖြစ်ရာ နိုင်ငံခြားလုပ်ငန်းများအတွက်  ၎င်း၏တံဆိပ်ကို ကာကွယ်ရန်  တရုတ်နိုင်ငံ၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းမှာ အဓိကခြေလှမ်းတစ်လှမ်းဖြစ်ပါသည်။
တရုတ်နိုင်ငံမှ ပစ္စည်းအတုအပ ထုတ်လုပ်သူများနှင့် အငြင်းပွားမှု ဖြစ်ပွားခြင်းနှင့် ကုန်အမှတ်တံဆိပ် တရားမဝင် အသုံးပြုခံရခြင်းတို့မှ ရှောင်ရှားရန် ဆန္ဒရှိသူတို့အတွက်  မိမိကုန်ပစ္စည်း၏ ပုံရိပ်ကောင်းအား ထိခိုက်ပျက်စီးမှုမဖြစ်စေရန်၊  ဖောက်သည်နှင့် ဝင်ငွေ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်နှင့် အချိန်ကုန်ပြီး ငွေကုန်ကြေးကျများ သော တရားတဘောင် ရင်ဆိုင်ရခြင်းဖြစ်ပေါ်ခြင်းမရှိစေရန်  ဤ အဆင့်အား မဖြစ်မနေ ဆောင်ရွက်ထားရပါမည်။
မြန်မာကုမ္ပဏီများအနေဖြင့်လည်း ကုန်အမှတ်တံဆိပ်လျှောက်ထားမှုများကို ဆောင်ရွက်ကြရန်  အကြံပြုလိုပြီး အကယ်၍ တရုတ်နိုင်ငံ၌ ကိုယ်စားလှယ် သို့မဟုတ် ရုံးခွဲမရှိပါက လျှောက်ထားပေးရန် တရားဝင်လုပ်ကိုင်ခွင့်ရထားသော ကိုယ်စားလှယ်မှတစ်ဆင့် National Intellectual Property Administration (CNIPA)၏ ကုန်အမှတ်တံဆိပ်ရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။ 
အဆင့်(၃) ကုန်ပစ္စည်းအညွှန်းအမှတ်အသားတပ်ဆင်ခြင်း
တရုတ်နိုင်ငံသို့ တင်သွင်းလာသော စားသောက်ကုန် အမယ် တိုင်းအပေါ် အကောက်ခွန်ရှင်းလင်းမှုပြီးစီးရန်အတွက်   တရုတ်ဘာသာဖြင့်  ရိုးရှင်းစွာ ကုန်ပစ္စည်းအညွှန်းအမှတ်အသားတပ်ဆင်ရန် လိုအပ်ပါသည်။  
တရုတ်နိုင်ငံတွင်  အစားအသောက်နှင့် အဖျော်ယမကာများ ၏အပြင်အဆင်နှင့်  ပါဝင်ပစ္စည်းအပေါ် အထူးပြုလျက်  အညွှန်းတပ်ဆင်ရန်   စည်းမျဉ်းစည်းကမ်းအချို့ရှိရာ  အောက်ဖော်ပြပါ  အချက်အချို့ ပါဝင်ပါသည် - 
(၁)   ကြိုတင်ပြင်ဆင်ထုပ်ပိုးထားသော  အစားအသောက်များ အတွက် ကုန်ပစ္စည်းအညွှန်းတပ်ဆင်ရမည့်  စည်းမျဉ်းများ (Label rules for pre- packaged food)
(၂)   ကြိုတင်ပြင်ဆင်ထုပ်ပိုးထားသော အထူးအာဟာရ အသုံးပြုမှု များအတွက် ကုန်ပစ္စည်းအညွှန်းတပ်ဆင်ရမည့် စည်းမျဉ်းများ (Label rules for pre-packaged food for special dietary uses)
(၃)   ကြိုတင်ပြင်ဆင်ထုပ်ပိုးထားသော အစားအသောက်များ၏ အာဟာရဆိုင်ရာကုန်ပစ္စည်းအညွှန်းအတွက် တပ်ဆင်ရမည့် စည်းမျဉ်းများ (Label rules for pre-packaged food’s nutri-tional labeling)နှင့်
(၄)   ကြိုတင်ပြင်ဆင် ထုပ်ပိုးထားသော အယ်လ်ကိုဟောပါဝင်သည့် အဖျော်ယမကာများအတွက် ကုန်ပစ္စည်းအညွှန်း တပ်ဆင်ရမည့် စည်းမျဉ်းများ (Label rules for pre-packaged alcoholic beverage)
ယေဘုယျအားဖြင့် အညွှန်းတပ်ဆင်ရာတွင် အောက်ဖော်ပြပါ တို့ကို ဖော်ပြရပါမည်-
    (၁)    အစားအစာ၏ စံသတ်မှတ်ထားသော အမည်
    (၂)    ပါဝင်ပစ္စည်းများ၏ရာခိုင်နှုန်းစာရင်းနှင့်အာဟာရ တန်ဖိုး ဖော်ပြချက်
    (၃)    ထုတ်လုပ်သူများ၏အမည်နှင့်လိပ်စာ၊ ပြည်တွင်းကိုယ်စား လှယ် သို့မဟုတ် ဖြန့်ဖြူးသူ
    (၄)    ထုတ်လုပ်သည့်နေ့စွဲ၊ အကောင်းဆုံးစားသုံးရမည့်နေ့ရက်၊ နောက်ဆုံးထား  စားသုံးရမည့်နေ့ရက်နှင့်  သိုလှောင်ရမည့် လမ်းညွှန်ချက်
    (၅)    ပင်ရင်းနိုင်ငံ
    (၆)    အရည်အသွေးအဆင့်
    (၇)    ထုတ်လုပ်မှုအတွက် အမျိုးသားအဆင့်   စံချိန်စံညွှန်း / လုပ်ငန်းအဆင့် စံချိန်စံညွှန်းကုဒ်နှင့်
    (၈)    အထူးဖော်ပြချက်များ (ရှိပါက)
အညွှန်းတပ်ဆင်မှုများ အားလုံးအား  AQSIQ  အောက်ရှိ Chinese Inspection and Quarantine (CIQ)က အတည်ပြုရမည် ဖြစ်ပါသည်။  တရုတ်တွင် ကုန်ပစ္စည်းအညွှန်းတပ်ဆင်ရန် လိုအပ်ချက်များမှာ ပြောင်းလဲနိုင်သောကြောင့် နောက်ဆုံးဖြစ်သော  ကုန်ပစ္စည်းအညွှန်းတပ်ဆင်ရန်  လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကျွမ်းကျင်သူများနှင့်တိုင်ပင်သင့်ပါသည်။     
(ဆက်လက်ဖော်ပြပါမည်)