Main menu

Background

အိန္ဒိယ၊ တရုတ်၊ အာဆီယံနှင့် ဂျပန်တို့၏ စီးပွားရေးအခြေအနေ လျှပ်တစ်ပြတ်

Tue, 09/26/2023 - 11:50 -- journal_editor

ပထဝီနိုင်ငံရေးအလှုပ်အရှားများနှင့် အလျင်အမြန် ပြောင်းလဲ နေသော  ကမ္ဘာ့စီးပွားရေးအခြေအနေတွင် အိန္ဒိယနိုင်ငံက ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှုအသစ်ကိုပေးနိုင်တော့မည်လော။ 
လွန်ခဲ့သော  ဆယ်စုနှစ်တစ်ခုကျော်ကာလများက  အိန္ဒိယနိုင်ငံ သည် အခက်အခဲ၊ အကျပ်အတည်းများနှင့် ရုန်းကန်ကြိုးစားနေခဲ့ရ သည်။    ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့အခြေအနေ၊ ချုပ်ကိုင်မှု ကြီးမားသော  အစိုးရယန္တရား၏  ကြိုးနီစနစ်၊ တည်ငြိမ်မှုမရှိသော စီးပွားရေး စသည့်အကြောင်းများသည်  အိန္ဒိယနိုင်ငံ၏သတင်းများ တွင် ခေါင်းကြီးပိုင်းနေရာများ၌ အမြဲတမ်းဖြစ်နေသည်။   
ထိုအခြေအနေများကို ယခုတော့ ကျော်လွန်နေခဲ့ပြီ။ ၂၀၁၄ -၂၀၁၅ခုနှစ်က အိန္ဒိယသည် ကမ္ဘာ့စီးပွားရေးပမာဏတွင်  ၁၀နိုင်ငံ မြောက် အဆင့်၌သာရှိနေခဲ့ရာမှ  ယခုအချိန်တွင် ပဉ္စမမြောက်နိုင်ငံ မြောက် အကြီးဆုံးနိုင်ငံဖြစ်နေခဲ့ပြီ။  ၂၀၁၄-၂၀၁၅မှ ၂၀၂၂-၂၀၂၃ အထိ နိုင်ငံ၏နှစ်စဉ်ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၆ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ထိုအခြေအနေသည်  ဆက်လက် အရှိန်တက် နေ၏။  အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ(ြမေနညိမေ သြိင)က အိန္ဒိယ သည် ၂၀၂၇ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေး ကျိန်းသေ ပေါက်ဖြစ်လာမည်ဟု ဆိုနေသည်။
ကမ္ဘာ့စီးပွားရေးဒုတိယအကြီးဆုံး တရုတ်နိုင်ငံတွင် သက်ကြီး ဦးရေ ဝန်ထုပ်ကြီးမားလာနေစဉ်  အိန္ဒိယသည်လုပ်သားဦးရေအများ ဆုံးနိုင်ငံဖြစ်လာနေသည်။ ၂၀၁၁- ၂၀၁၉ကာလများအတွင်း အိန္ဒိယ နိုင်ငံ၏ အလွန်အမင်း ဆင်းရဲနွမ်းပါးသော  လူဦးရေပမာဏသည် ထက်ဝက်မျှ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏စာရင်းဇယားများ က ဖော်ပြနေသည်။   အိန္ဒိယရှိ    လူအများစုသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအထက်ကို ရောက်ရှိနေကြပြီဖြစ်သည်။ 
  အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် နှစ်စဉ်ပျမ်းမျှ  တိုး တက်မှုနှုန်း ၄ ရာခိုင်နှုန်းနီးပါးအထိရှိပြီး   ငွေကြေးဖောင်းပွမှုသည် ၂၀၁၄ခုနှစ်ကတည်းက ၅ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းကြားတွင် ဖြစ် ပေါ်နေခဲ့သည်။ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးချဲ့မှုလာမှုကြောင့်   ဝင်ငွေ နည်းပါးသူများပင် ဘဏ်အသုံးပြုလာတတ်ကြပြီး ကျေးလက်ဒေသ လူများ၏ စားသုံးမှုများလည်း အားကောင်းလာနေသည်။  လက်ရှိ အခြေ အနေတွင် လူဦးရေ၏ ၇၈ ရာခိုင်နှုန်းသည် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်မှုရှိနေကြပြီး ငွေကြေးစုဆောင်းမှုများကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်နေကြပြီဖြစ်သည်။    
အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှုအတွက်  ယခင်ကာလများက အား ကိုးအားထားမပြုခဲ့သော ပို့ကုန်ကဏ္ဍသည်   ကိုဗစ်ကပ်ရောဂါကာလ အတွင်း အားကောင်းလာခဲ့သည်။  ၂၀၂၁-၂၀၂၃ ကာလများတွင် ၄၅ ဒသမ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး၂၀၂၂-၂၀၂၃ ခုနှစ် တွင်  ဆက်လက်မြင့်တက်ခဲ့သည်။  ထိုအခြေအနေသည် တစ်ဖက် တွင် ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယပို့ကုန်၏  အရေးပါမှုအခန်းကဏ္ဍကို  ပေါ်လွင်လာစေပြီးနှင့် အခြားတစ်ဖက်တွင်    အာဆီယံအပါအဝင် နိုင်ငံငယ်များအတွက် စိန်ခေါ်မှုသစ်အဖြစ် ထင်ဟပ်လာနေသည်။   
တရုတ်နိုင်ငံမှာမူ ငွေကျုံ့မှု(ဒီဖလေးရှင်း)ဒဏ်ကို  စိုးရိမ်ထိတ် လန့်လျက်ရှိနေပြီး  စီးပွားရေးတိုးတက်မှုမှာ တစ်ဟုန်ထိုး ကျဆင်းနေ ခဲ့သည်။    ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်တွင်လည်း  ဆက်လက်ကျဆင်း နိုင်မည်ဟုလည်း ခန့်မှန်းနေကြသည်။ သက်ကြီးရွယ်အို   လူဦးရေ မြင့်တက်လာမှု၊ ကျေးလက် မြို့ပြကွာဟလာမှု၊ မဖွံ့ဖြိုးသေးသော ဘဏ္ဍာရေးစနစ်အပါအဝင် ပြည်တွင်းစိန်ခေါ်မှုများနှင့်  ရင်ဆိုင်နေရ ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)က သုံးသပ်ထားသည်။   
ထို့ပြင် အမေရိကန်နိုင်ငံအပါအဝင်  အနောက်နိုင်ငံများနှင့် နိုင်ငံရေးအရ ဆက်ဆံမှုများ ယိုယွင်းလာခြင်းသည်လည်း  တရုတ် နိုင်ငံ၏စီးပွားရေးမျှော်လင့်ချက်များကို အားလျော့စေလျက်ရှိသည်။ အထူးသဖြင့်  ပို့ကုန်မျှော်လင့်ချက်များကို ပျက်စီးသွားခြင်းဖြစ်သည် ဟုဆိုသည်။ယခုအချိန်အထိ နိုင်ငံရေး၊စီးပွားရေး အပူအအေး မမျှတ ဖြစ်လျက်  စီးပွားဖက်၊ကုန်သွယ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးများ မူလအခြေအနေ  ပြန်လည်ရောက်ရှိရေးအတွက် အရှိန်မြှင့်လျက် အားထုတ်လုပ်ဆောင်နေရသည်။  အမှန်တွင် တရုတ်နိုင်ငံသည် ကုန် ကျစရိတ်သက်သာသည့်  ထုတ်လုပ်မှုကြောင့် အမေရိကန်၊ အနောက် အုပ်စုနိုင်ငံများနှင့် ဂျပန်တို့အတွက် အကြီးမားဆုံး အလုပ်ရုံကြီးဖြစ် လာခဲ့ခြင်းဖြစ်သည်။  
ယခုအချိန်တွင် အမေရိကန်-တရုတ် ထိပ်တိုက်တွေ့မှု၊ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားမှုနှင့် တရုတ်နှင့် ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးစိပ်လာခြင်းသည်တရုတ်ပို့ကုန်များအပေါ်အတားအဆီးများ ပိုမိုဖြစ် လာခဲ့ပြီး လုံခြုံရေး စိုးရိမ်မှုများလည်း တိုးလာခဲ့စေခဲ့သည်။  ထို့အပြင် ကိုဗစ်ပေါ်လစီအမှားအယွင်းများကလည်း    တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍအပေါ် အကန့်အသတ်များ၊   အခြေခံစက်မှုလုပ်ငန်း များမှုအပေါ် ထိခိုက်ပျက်စီးများရှိခဲ့သည်။
လူမှုရေးကဏ္ဍရှိ သက်ကြီးရွယ်အိုဦးရေ    များပြားလာခြင်း ကြောင့်  အလုပ်လုပ်ကိုင်သူဦးရေ ရှားပါးလာခြင်းသည်လည်း တရုတ် နိုင်ငံတွင် စိုးရိမ်စရာတစ်ခုပင်။   ထိုအခြေအနေ၏အကျိုးဆက်များ သည်  ထုတ်လုပ်မှုစရိတ်မြင့်တက်မှုနှင့်    ထောက်ပံ့ရေးကွင်းဆက် ထိခိုက်လွယ်မှုများကို ဦးတည်သွားသည်။ တရုတ်နိုင်ငံ၏ အလုပ် လုပ်နေသော အသက်အရွယ်ဦးရေသည်   ၂၀၂၀ ခုနှစ်တွင် သန်း ၈၈၀ခန့် ရှိခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် သန်း၈၂၀ သို့ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ကြိုတင်မှန်းဆနေသူများက ကလေးမွေးဖွား နှုန်းသည် ၁၉၈၀ပြည့်နှစ်များတွင် ၂ ဒသမ ၆ရှိရာမှာ  ၂၀၂၁ခုနှစ်တွင် ၁ ဒသမ၁၅ သို့ကျဆင်းခဲ့သည်ကို တွေ့ရှိလျက်   ၂၀၈၀ခုနှစ်တွင် တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေသည် အလုပ်လုပ်သူဦးရေကို ကျော်လွန်သွားလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။  
 တရုတ်နိုင်ငံသည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ  မညီမျှမှု များအပါအဝင် စိန်ခေါ်မှုမျိုးစုံကို လောလောလတ်လတ်  ရင်ဆိုင် နေရသည်။   အလုပ်လုပ်နိုင်သည့်လူဦးရေ ရှားပါးမှု၊ ကုန်ထုတ်စွမ်း အား ကျဆင်းမှု၊ ပိတ်ဆို့အရေးယူမှုများကြောင့် နည်းပညာလွှဲပြောင်းမှု ကန့်သတ်ချက်များ၊ အိမ်ခြံမြေကဏ္ဍ ပူဖောင်းနှင့် လုပ်သားငယ်များ အကြား အလုပ်လက်မဲ့ မြင့်မားမှုတို့သည် တရုတ်နိုင်ငံ၏ တိုးတက်မှု ကို နှောင့်နှေးစေလျက်ရှိသည်။ တရုတ်အစိုးရ၏  ရည်မှန်းချက်များ ကိုပင် လှုပ်ခါမှုများဖြစ်လာနိုင်သည်။ တရုတ်နိုင်ငံသား တစ်ဦးချင်း      လည်းကောင်း၊   အိမ်ထောင်စုများသည်လည်းကောင်း မသေချာ မရေရာမှုများဖြင့် ကြုံတွေ့လာရနိုင်သည်။ အသုံးစရိတ်များ ကျဆင်း လာမှု၊ ဘဏ်တွင် အပ်နှံငွေများ ပိုမိုထားရှိလာမှုတို့သည် ပြည်တွင်း ဝယ်လိုအား အကြီးအကျယ်ကျဆင်းကာ ဂျပန်နိုင်ငံစီးပွားရေးကျဆင်း သကဲ့သို့ဖြစ်လာနိုင်သည်ဟု သုတေသီအချို့က သုံးသပ်နေကြသည်။   
ဂျပန်နိုင်ငံနှင့်   တရုတ်နိုင်ငံတို့၏ဆက်ဆံရေးအခြေအနေမှာ လည်း မတည်ငြိမ်။ နိုင်ငံရေး၊ စီးပွားရေးအပူအအေးအခြေအနေများ ကြားတွင်နှစ်နိုင်ငံ ဆက်ဆံရေးသည် ရိုလာကိုစတာ  စီးသကဲ့သို့ပင် သမိုင်းတစ်လျှောက် အတက်အကျ၊ အနိမ့်အမြင့်  မကြာခဏဖြစ်နေ ခဲ့သည်။  
၂၀၂၂ ခုနှစ်   ဂျပန်နိုင်ငံ၏စုစုပေါင်းကုန်သွယ်မှုတွင် တရုတ် နိုင်ငံနှင့်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဂျပန်နိုင်ငံ၏ သွင်း ကုန်ပမာဏ ငါးပုံတစ်ပုံနီးပါးသည်လည်း တရုတ်နိုင်ငံမှ တင်သွင်း နေသည်။  တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းသည့် ကုန်ပစ္စည်းအုပ်စု မှာ စက်ယန္တရားများဖြစ်ပြီး   ၂၀၁၉ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်း မှု၏ ၄၁ ရာခိုင်နှုန်းနီးပါးသည် အရင်းအနှီး  ကုန်စည်များဖြစ်သည်။    ထိုအခြေအနေသည်  ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအခြေခံ ခိုင်မာ တည်တံ့စေရေးအတွက်   လိုအပ်သည့် ရောင်းလိုအား ကွင်းဆက် တည်ရှိမှုတွင်  တရုတ်နိုင်ငံသည်  အရေးပါသည့်နိုင်ငံဖြစ်နေသည်ကို ဖော်ပြနေသည်။ ထိုသို့ တရုတ်နိုင်ငံပေါ် မှီခိုမှုကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ်လျော့ပါးလာစေရန်  ဂျပန်နိုင်ငံသည်  ရှင်ဇို အာဘေး၏အိုင်ဒီယာအမွေဖြစ်သည့် အာဘေးနောမစ်(Abenomics)  အယူအဆကို အသုံးပြုလျက်ရှိသည်။     တရုတ်နိုင်ငံနှင့် အချိတ် အဆက် ဖြတ်တောက်၍ အာဆီယံဒေသနှင့်   ဂျပန်ပြည်တွင်းသို့  လမ်းကြောင်းပြောင်းလဲ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်   ပြည်တွင်း ထုတ်လုပ်သူများကို အားပေးချီးမြှောက်မှုများပြုလုပ်ခဲ့သည်။ 
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံသည်  အာဆီယံဒေသမှ တင် သွင်းမှု  ၁၈ ဒသမ ၆  ရာခိုင်နှုန်း( ၂၀၂၁ ခုနှစ်က ၁၄ ဒသမ၂ ရာခိုင် နှုန်းရှိခဲ့သည်)မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံမှတင်သွင်းမှုမှာ  ၂ ရာ ခိုင်နှုန်း (၂၀၂၁ခုနှစ် က ၁၃ဒသမ၆ ရာခိုင်နှုန်းဖြစ်သည်) သာ တိုးမြင့် လာခဲ့သည်။  ထိုအခြေအနေသည် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား   ဆက်စပ်မှုနည်းလာခြင်းကိုပြသနေသည်။
ရင်းနှီးမြှုပ်နှံမှုတွင်လည်း ၂၀၂၁ခုနှစ်က ၁၀ဒသမ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း   ၂၀၂၂ခုနှစ်တွင် ၂၅ဒသမ၂ ရာခိုင်နှုန်း ကျဆင်းခဲ့၏။ တရုတ်နိုင်ငံရှိ ဂျပန်ရင်းနှီးမြှုပ်နှံမှုများသည်  ယခင် အခြေအနေမတူ  ပြောင်းလဲမှုများရှိနေခဲ့ပြီး ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံ တို့ကြား  တဖြည်းဖြည်းအတွဲပြုတ်လာနေသည်ကို တွေ့နေရသည်။ အာဆီယံဒေသတွင်လည်း အပြောင်းအလဲအချို့ရှိခဲ့ရာ ၂၀၂၂ ခုနှစ် တွင် စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့်မလေးရှားတို့တွင်   ဂျပန် ရင်းနှီးမြှုပ်နှံမှု  ရုတ်တရက်  ကျဆင်းလာခဲ့ပြန်သည်။  ဂျပန်သုတေ သီကာဇူနိုဘုဟာရာကာဝါ(Kazunobu Hayakawa)ကမူ နောက်ဆုံး တွင် အာဆီယံသို့ တဖြည်းဖြည်း ကူးပြောင်းသွားခဲ့သည်ဟု မှတ်ချက် ပြုထားသည်။ 
အာဆီယံဒေသ၏  ဖွံ့ဖြိုးတိုးတက်မှု  ပြန်လည်မြင့်တက်လာ သည်မှာ သံသယဖြစ်ဖွယ်မရှိ။  သို့သော်  ခံနိုင်စွမ်းရှိရန် အချိန်ယူရ လိမ့်မည်။  အိုအီးစီဒီ(OECD)အဖွဲ့ကြီး၏အဆိုအရ   အာဆီယံ၏ ဂျီဒီပီသည်  ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော် လည်း  ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၆   ရာခိုင်နှုန်းအထိ   ကျဆင်းသွားနိုင် ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားသည်။  
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေများသည်  မတည်ငြိမ်။ စဉ်းစားရခက်၊မှန်းဆရ ခက်ခဲမှုများရှိနေသည်။   အိန္ဒိယရှိ   ဂျပန် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၂၂ခုနှစ်တွင်  ကျဆင်းမှုများရှိခဲ့သော်လည်း ဆိုးဆိုးရွားရွားအခြေအနေမျိုးမဟုတ်။ အိန္ဒိယသည် နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း   ၆ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်တွင်ရှိလျက် စဉ်ဆက် မပြတ်   တိုးတက်မှုလမ်းကြောင်းပေါ်တွင်   ဆက်လက်ရှိနေသေး ကြောင်းလည်းဆိုနေကြ၏။ နှစ်စဉ်စစ်တမ်းများအရ   အိန္ဒိယသည် တရုတ်နှင့် အမေရိကန်တို့ကို ကျော်ဖြတ်ခဲ့ကာ ၂၀၂၁နှင့်  ၂၀၂၂ နှစ်ဆက်တိုက်   ဂျပန်စီးပွားရေးလုပ်ငန်းအတွက်  အလားအလာ အရှိဆုံးနေရာတစ်ခုဖြစ်ခဲ့သည်ဟု သုံးသပ်ကြသည်။     ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဘဏ်( ြှုဲဃ)ကလည်း   အိန္ဒိယ ၏အလားအလာကောင်းများကို  ချီးကျူး၏။ 
အချုပ်ဆိုရလျှင် အိန္ဒိယနိုင်ငံသည်    စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်တွင် ကြိုးစားလှုပ်ရှားနေစဉ်   တရုတ်နိုင်ငံသည် ငွေကျုံ့သည့်  ဒီဖလေးရှင်း(deflation) ဒဏ်ကို စတင်ခံနေရပြီလော။ ဂျပန်စီးပွားရေးသည် စဉ်းစားရကျပ်နေသောအခြေအနေကို ရင်ဆိုင် နေရချိန်တွင်  အာဆီယံဒေသသည်  ယိုင်တိယိုင်တိုင်ဖြင့်   ရုန်းကန် နေရသလော စသည့် အိန္ဒိယ၊တရုတ်၊ ဂျပန်နှင့် အာဆီယံဒေသတို့၏စီးပွားရေးအခြေအနေများနှင့်ပတ်သက်၍  လျှပ်တစ်ပြက် စဉ်းစား မိခြင်းဖြစ်ပေသည်။  ။     
https://www.eurasiareview.com

စောနိုင်(အသုံးချဘောဂဗေဒ)