Main menu

Background

မလေးရှားသို့ ထောပတ်သီး  တန် ၅၀ခန့် တင်ပို့နိုင်ရန် မျှော်မှန်း ဆောင်ရွက်နေ

Thu, 01/05/2023 - 14:28 -- journal_editor

ယခုနှစ် ထောပတ်သီးရာသီအတွင်း  မလေးရှားနိုင်ငံကို ထောပတ်သီး  တန် ၅၀ ခန့်  တင်ပို့နိုင်ရန်  မျှော်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)က  သိရသည်။ 
မြန်မာ့ထောပတ်သီးကို   ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ထိုင်းနှင့် မလေးရှားသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုအခက်အခဲအချို့ကြောင့် ထိုင်းသို့တင်ပို့မှု ခေတ္တရပ်နားထားကာ မလေးရှားနိုင်ငံကိုတော့  တရားဝင်ဆက်လက် တင်ပို့နေကြောင်း MAVO ၏အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စိုးမင်းက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။
“လတ်တလောတော့ မလေးရှားကို  ထောပတ်သီး ကွန်တိန်နာသုံးလုံးလောက်အထိ တင်ပို့ထားပါတယ်။ မလေးရှားကို တင်ပို့ရာမှာတော့ ထောပတ်သီး တစ်ကီလိုကို၃ဒသမ ၇ ဒေါ်လာဝန်းကျင်ရရှိနေပါတယ်”ဟု ၎င်းက ပြောသည်။
ပြည်တွင်းက ထောပတ်သီးကို ယခုနှစ်အတွင်း ပြင်သစ်၊ နယ်သာလန်၊ ဒူဘိုင်း စသည့်နိုင်ငံများသို့  နမူနာ စမ်းသပ်တင်ပို့မှုများ ပြုလုပ်ခဲ့ပြီး မလေးရှားကိုတော့ တရားဝင် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနှင့်ဒူဘိုင်းက မြန်မာ့ထောပတ်သီးများကို ဝယ်လိုအားရှိသော်လည်း အခက်အခဲအချို့ရှိခြင်းကြောင့် တင်ပို့နိုင်မှုမရှိသေးကြောင်း သိရသည်။ လာမည့်နှစ်များတွင်တော့ ထိုင်းနိုင်ငံသို့  မြန်မာ့ထောပတ်သီး တရားဝင် တင်ပို့နိုင်ရန်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင်  တစ်ဖက်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်(တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်နှင့်ကယားပြည်နယ်တို့တွင် စိုက်ပျိုးနေခြင်းဖြစ်ပြီး လာမည့်ဇန်နဝါရီလတွင် ထောပတ်သီးရာသီ ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။