ကရင်ပြည်နယ် ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးလမင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
ကရင်ပြည်နယ်ထွက် ဒူးရင်းသီးသည် သဘာဝတောတောင်များတွင် စိုက်ပျိုးကြသဖြင့် အရသာကောင်းမွန်၍ နာမည်ကြီးသည်။ ယင်းသို့ အရသာထူးကဲကောင်းမွန်သည့် ကရင် ပြည်နယ် ဒူးရင်းမျိုးများအား မေ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင်ကျင်းပခဲ့သည့် "မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆"တွင်ပြသခဲ့သည်။ ယင်းပြပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှထွက်ရှိသည့် ဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ခင်းကျင်း ပြသခဲ့ရာ ပြည်တွင်းဈေးကွက်တွင် ဒူးရင်းမျိုးများ အများဆုံးထွက်ရှိရာ ကရင် ပြည်နယ် ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးလမင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
ကရင်ပြည်နယ်ရဲ့ ဒူးရင်းသီး စိုက်ပျိုးထွက်ရှိမှု အခြေအနေလေး ပြောပြပေးပါဦး။
ကရင်ပြည်နယ်မှာတော့ လက်ရှိ ဒူးရင်းသီးစိုက်ပျိုးထွက်ရှိမှုအခြေအနေကတော့ ဒေသမျိုးပေါင်း ၁၂ မျိုးရှိပြီးတော့ ကနဦးတွက်ချက်ကောက်ခံထားမှုအရ စိုက်ဧကအနေနဲ့ ဧကပေါင်း ၅၀ဝ၀ ကျော်ရှိပါတယ်။ ကိုင်းဆက်မျိုးတွေဆိုရင်တော့ ဧကထောင်နဲ့ချီပြီးရှိပါတယ်။ ဒီလေးငါးနှစ်အတွင်းမှာ ထပ်တိုးဧကတွေကလည်း ဧကထောင်နဲ့ချီပြီး ရှိပါတယ်။ ဒါက ကျွန်တော်တို့လက်လှမ်းမီတဲ့ မြို့နယ်တွေမှာပါ။ ကျွန်တော်တို့ လက်လှမ်းမမီသေးတဲ့ ဒေသတွေမှာ ဒူးရင်းအသီးတွေ အများကြီး ရှိပါသေး တယ်။ ဒါတွေကို ဖော်ထုတ်နိုင်ဖို့အတွက်ကိုလည်း နောက်ပိုင်းမှာ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ လွှမ်းခြုံပြီးတော့ တောင်သူတွေနဲ့ ချိတ်ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။
ဒူးရင်းဈေးနှုန်း အခြေအနေလည်း သိပါရစေ။
ဒူးရင်းအထွက်နှုန်းနဲ့ပတ်သက်ပြီး လက်ရှိမှာလည်း ဒေသမျိုးတွေဆိုလို့ရှိရင် ကရင်ပြည်နယ်မှာ သံတောင်မျိုးတွေက မန္တလေးတစ်ကြောမှာ နာမည်ကြီးပါတယ်။ သံတောင်ကြီး လိပ်သို ဒေသထွက် ခြံထွက်ဒူးရင်းသီးတွေလည်း အရမ်းကောင်းပါ တယ်။ ဒူးရင်းမျိုးတွေက ဓာတုမြေသြဇာများ အသုံးပြုမှုနည်းသလို တောတောင် ရာသီဥတုကောင်းကောင်းနဲ့ သဘာဝအတိုင်း စိုက်ပျိုးတဲ့အတွက် အရသာအပိုင်းမှာတော့ ပိုမွှေးပြီး ထူးခြားပါတယ်။ စျေးကွက် အနေအထားကတော့ ဒေသအသီးတစ်လုံးကို မြေပြင်မှာ ပျမ်းမျှကျပ်နှစ်သောင်းနဲ့အထက်ရှိပါတယ်။ ဒူးရင်းရဲ့ အရည်အသွေးပေါ်မူတည်ပြီးတော့လည်း အသီးရဲ့ဈေးနှုန်းက အပြောင်းအလဲရှိပါတယ်။ ပြီးတော့ နိုင်ငံခြားမျိုးတွေဆိုလို့ရှိရင်တော့ တစ် ကီလိုကို ကျပ်သုံးသောင်းဝန်းကျင်ကနေပြီးတော့ အသီးရဲ့အရည် အသွေး အမျိုးအစားပေါ် မူတည်ပြီးတော့ ဈေးက အမျိုးမျိုးရှိတာ ပေါ့။ ကျွန်တော်တို့ ကရင်ပြည်နယ်ရဲ့ ဒူးရင်းထွက်ရှိမှုက ဒုတိယ အများဆုံးလို့ ပြောလို့ရပါတယ်။ ဒေသအသီးရော အခြားသီးနှံမျိုးတွေရော ထွက်ရှိမှုက တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း သက်တမ်း ၂၀ဝ ကျော် ၃၀ဝ ကျော်ရှိတဲ့ ဒေသမျိုးပင်တွေလည်း လက်ရှိမှာ ရှိသလိုမျိုး နိုင်ငံခြားမျိုးတွေမှာဆိုရင်လည်း နှစ် ၂၀ ဝန်းကျင်ရှိတဲ့ ကိုင်းဆက်မျိုးတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။ လက်ရှိမှာလည်း ထွက်ရှိနေတဲ့ အပင်တွေလည်းရှိသလို အင်နဲ့အားနဲ့ စိုက်ပျိုးနေတဲ့ တောင်သူတွေလည်း ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ဒူးရင်းစိုက်ပျိုးတဲ့ တောင်သူတွေကို ပံ့ပိုးကူညီပေးတဲ့ အစီအစဉ်တွေရှိတဲ့အတွက် ဒီထက်အများကြီး ပိုမိုအဆင်ပြေလွယ်ကူလာတာ ဖြစ်ပါတယ်။
နာမည်ကြီးတဲ့ ဒူးရင်းမျိုးတွေနဲ့ပတ်သက်ပြီးလည်း သိပါရစေ။
မြန်မာ့ဒူးရင်းပွဲတော်မှာလည်း ကျွန်တော်တို့ ကရင်ပြည်နယ်က ထွက်ရှိတဲ့ မျိုးရင်းအသီး ၁၂ မျိုး၊ အလုံးပေါင်း ၃၀ဝ ကျော်ကို လာရောက်ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ် ကထွက်တဲ့ ဒူးရင်းမျိုးထဲမှာဆိုရင် ပုံးမဆန့်အသီးဆိုရင် အရမ်းစားကောင်းတဲ့အသီးပါ။ အခြားစားကောင်းတဲ့ အသီးတွေလည်း အများကြီးရှိပါတယ်။ ဒူးရင်းကတော့ ဒီမိုးလယ်ပြီးရင် ထွက်ပါ တယ်။ ဒေသမျိုးတွေဆိုလို့ရှိရင် တစ်လကျော်ထိ ကြာပါတယ်။
ဒူးရင်းနဲ့ပတ်သက်ပြီး ပြည်ပဈေးကွက် တင်ပို့မှု အခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။
ပြည်ပဈေးကွက်ကို တင်ပို့ဖို့နဲ့ပတ်သက်ပြီးတော့က "မြန်မာ့ ဒူးရင်း"အမည်နဲ့ နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်ဖို့ ဒေသမျိုးရင်းတွေကို မျိုးဖော်ထုတ်ဖို့က ငှာနဆိုင်ရာတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီးတော့ လုပ် ဆောင်သွားပါမယ်။ လက်ရှိမှာ တရုတ်နိုင်ငံအနေနဲ့လည်း ထိုင်းနိုင်ငံမှာ ဒူးရင်းသီးကို စမ်းသပ်တဲ့အပိုင်းလေးတွေရှိပြီး အသားပေး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ လက်ရှိ အိမ်နီးချင်း ထိုင်း နိုင်ငံဆိုလို့ရှိရင် သူတို့ရဲ့ ပြည်တွင်းဒူးရင်းဈေးကွက်က တစ်နှစ်ကို ၁၀ ဘီလီယံထိ ရရှိနေပါတယ်။ အဲဒါကို ကျွန်တော်တို့က ဈေးကွက်ထဲကို တစ်ဘီလီယံ ရအောင် အရင်ဦးဆုံးလုပ်ဆောင်သွားပါမယ်လို့ ပြောလိုပါတယ်။
မြန်မာ့ဒူးရင်းပွဲတော် ကျင်းပတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဒီလိုမျိုး မြန်မာ့ဒူးရင်းပွဲတော် ကျင်းပတဲ့အတွက် အများကြီး ဂုဏ်ယူ ဝမ်းသာမိပါ တယ်။ ဒီပြပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီးတော့ ကျင်းပတာ ဖြစ်ပါတယ်။ အဓိကကတော့ မြန်မာ့ဒူးရင်းတွေ ပြည်ပဈေးကွက် တိုးချဲ့နိုင်ဖို့၊ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်နိုင်နိုင်ဖို့၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။နောက်ပြီး ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးကွန်ရက်တွေ ချိတ်ဆက်နိုင်ဖို့၊ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အသွေးမြင့် ဒူးရင်းမျိုးတွေ ရွေးချယ်ဖော်ထုတ်နိုင်ရေးတို့ကိုလည်း ရည်မှန်းထားပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
နိုင်ငံဈေးကွက်ထဲမှာ ဒူးရင်းဈေးကွက်အနေနဲ့ အဓိက အခန်းကဏ္ဍမှာ ပါလာပါတယ်။ ဒီလိုမျိုး သက်ဆိုင်ရာဌာနဆိုင်ရာ တွေက ကူညီပံ့ပိုးပြီး ဇောင်းပေး လုပ်ဆောင်လာတဲ့အပေါ်မှာ တောင်သူတွေအနေနဲ့ အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ တောင်သူတွေအနေနဲ့ လည်း ဈေးကွက်ထိုးဖောက်တဲ့နေရာမှာ အဆင်ပြေလွယ်ကူအောင် လုပ်ဆောင်ပေးသွားပါမယ်။ ဆက်ပြီးတော့လည်း ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ဒူးရင်းဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားပါမယ်လို့ ပြောလိုပါတယ်။
