Background
ပစ္စည်းပြတ်၍ရော်ဘာ အပို့လျော့ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၂၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၇၂ သန်းကို မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန် ၆ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ် တန် ၂ဝဝ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီလည်း ဖြစ် ပစ္စည်းပြတ်ပြီး လက်ကျန်လည်းနည်းတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၃၆ဝ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-5 နဲ့MSR -20 ကို တစ်တန်လျှင် ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၄၃ဝဝ အသီးသီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ KZW
ပြည်ဈေးကွက်အတွင်း (မိုးထောင်)ငရုတ်ခြောက်များသာအဝင်ရှိ ယခုတစ်ပတ် ပြည်ငရုတ်ခြောက်ဈေးကွက်အတွင်း နေပြည်တော်၊ တပ်ကုန်း၊ ရွှေတောင်ဘက်မှ တင်သွင်းလျက်ရှိ သော (မိုးထောင်)ငရုတ်ခြောက်များသာ ၂၅ ပိဿာဝင် အိတ် ၃ဝဝ ခန့် ပုံမှန်အဝင်ရှိ၍ အရောင်းအဝယ်မှာ တစ်ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၃ဝဝ ခန့်အား ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ်တင်ပို့မှုအပါအဝင် တစ်ပတ်ချင်းအဝင်ကို လက်ကျန်မရှိ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင် များအနေဖြင့် (မိုးထောင်)ငရုတ်မှာ ဈေးခိုျပေမဲ့ မိုးတွင်းကာလ မိုးစိုလို့ မှိုလိုက် တဲ့ အတွက် ဝယ်ယူမှုမရှိကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ (မိုးထောင်)ငရုတ်ခြောက်တစ်ပိဿာကို ၂၃ဝဝ-၂၅ဝဝ ကျပ် တို့ဖြစ်ပြီး ယခုအပတ်မကွေးတိုင်းဒေသကြီး၊ အောင်လံဘက်မှ ငရုတ် ခြောက်(အရှည်)ဝင်ရောက်မှု မရှိဘူးလို့ သိရပါတယ်။ ဝင်းလဲ့ဝါ
ဝယ်လိုအားကျဆင်း၍ အိန္ဒိယနနွင်းဈေးကျ နနွင်းထုတ်လုပ်တဲ့ ဒေသတွေကနေ ကုန်ပစ္စည်းရောက်ရှိလာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားနည်းပြီး၊ နနွင်းဈေးကျခဲ့ကြောင်းသိရပါတယ်။ အမျိုးသားကုန်စည်ဒိုင် (NCDEX)ရဲ့ သြဂုတ်လအတွက် အရောင်းအဝယ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၆၂၁၄ ဖြစ်ပြီး၊ ဝ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဝယ်လိုအားကျပြီး ထုတ်လုပ်မှု မြင့်တာကြောင့် အခိုက်အတန့်မှာ ဈေးနှုန်းအတွက်ဖိအား ရှိပေမယ့် လာမယ့် ရက်သတ္တပတ်များမှာ ဝယ်လိုအားတက်လာပြီး၊ ဈေးနှုန်းကို အထောက်အပံ့ပေးနိုင်ကြောင်း မျှော်လင့်နေကြပါတယ်။ အန်ဒရာပရာဒေ့ရှ်မှာ စတင်စိုက်ပျိုးနေပြီး အခြေအနေ ကလည်း အားရကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မုတ်သုံအားကောင်းခြင်းကလည်း စိုက်ပျိုးရေးကို ပံ့ပိုးပေးကြောင်း သိရပါတယ်။ စိုက်ပျိုးတဲ့ ဧရိယာ ပမာဏကလည်း ဈေးကွက်ဈေးနှုန်းပေါ်မူတည်ပြီး တကယ်လို့ ဈေးဆက်လက်ကျဆင်းမယ် ဆိုရင်တောင်သူတွေကအခြားသီးနံှတွေဖြစ်တဲ့ ဝါဂွမ်း၊ ပဲပုပ်အစရှိတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုးမှာဖြစ်တာကြောင့် စိုက် ဧရိယာ ကျဆင်းနိုင်ကြောင်း ကုန်သည်များက သုံးသပ်တယ်လို့သိရပါတယ်။ K.Z.W,Source: commodityonline
မူဆယ်တက်မဲ့ ဟိုပုံးနနွင်းဈေးမာလာ ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာ ဈေးနည်းနည်းတက်လာပါတယ်။ မူဆယ်ကိုပို့ဖို့အတွက် မန္တလေးဝယ်လက်တွေက ဟိုပုံး နနွင်းကို ဝယ်ယူနေတာကြောင့် ဟိုပုံးနနွင်းစက အရင်တစ်ပတ်ကထက် ၁ဝဝ ကျပ်ဈေးတက်လာ ပါတယ်။ မန္တလေး ဝယ်လက်တွေကလည်း ဟိုပုံးနနွင်းချည်းကိုပဲ အချိန် ၃ သောင်းခန့် ဝယ်ယူသွားတယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက တစိမ့်စိမ့် အရောင်းထွက်နေတာကြောင့် လက်ကျန်ကလည်း ၄-၅ သောင်းသာ ကျန်တော့တယ်လို့သိရပါတယ်။ ပင်လောင်းနနွင်း၊ အောင်ပန်းနနွင်းတွေကတော့ လက်ကျန်သိန်းချီပြီးကျန်နေတာရယ်၊ ဝယ်လိုအားကလည်း သိပ်မရှိတာကြောင့် ဈေးကလည်း ဒီထက်ထပ်တက်ဖို့မရှိနိုင်ဘူးလို့ ခန့်မှန်းနေကြပါ တယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်းဈေးက တစ်ပိဿာကို ၁၆ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၇ဝဝ ကျပ်ရှိပြီး၊ ပင်းတယ၊ အောင်ပန်းနနွင်းက တစ်ပိဿာ ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ဝယ်လက်အဆွဲအေးနေတဲ့ ကျောက်ဆည်နနွင်းတက် ယခင်နှစ်က ပြည်ပဝယ်လိုအားကောင်းခဲ့တဲ့ ကျောက်ဆည်နနွင်းတက်ဟာ ယခုနှစ်မှာတော့ ပြည်ပဝယ်လို အား အေးတဲ့အတွက် သီးနံှပေါ်စမှစ၍ ဈေးအေးနေခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာလက္ကားဈေး ၂၂ဝဝ ကျပ်ရှိခဲ့ရာက ယခုတစ်ပတ် ၂ဝဝဝ ကျပ် ဝန်းကျင်သာရှိကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် စစ်တွေနဲ့ မူဆယ်တို့မှ အဆွဲများလေ့ရှိတာကြောင့် ယခုနှစ် တရုတ်ဝယ်လက်သာ အဝယ်လိုက်ပြီး တရုတ်ဝယ်လက်မှာလည်း ပုံမှန်ထက် အဆွဲနည်းတယ်လို့ သိရပါတယ်။ ယခုလအတွင်း လဆန်းပိုင်းမှစ၍ လလယ်ပိုင်းအထိ ကုန်ချိန်ပိဿာ ၁ဝဝဝဝ ဝန်းကျင်ပါ ကား ၃ စီးသာ တင်နိုင်ခဲ့တဲ့အတွက် ဒေသတွင်း လှောင်လက်သမားများ လက်ကျန်များနေသေးကြောင်း သိရပါတယ်။ သင်းးသင်းးမြတ်
