Main menu

Background

Sunday, 12 Jun 2011

အိန္ဒိယနနွင်းကြိုပွိုင့်ဈေး အနည်းငယ်မြင့်လာ               အိန္ဒိယနိုင်ငံ နနွင်းအဓိကဈေးကွက်များဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ဈေးကွက်တွေမှာ ပြည်တွင်း လှောင်လက်တွေ အဝယ်ထိုင်းလို့ လက်ငင်းဈေးအနည်းငယ် လျော့ကျခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ဇွန်လ ၈ ရက်နေ့မှာ ၂ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကစိုက်ပျိုးတဲ့ နီဇမ်မာဘတ်နဲ့ အီရော့မှာ ယခုနှစ်နနွင်းဈေးကျဆင်းမှုကြောင့် ဈေးပိုရတဲ့ ဝါတို့လို အခြားသီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာဖွယ်ရှိလို့ နနွင်းစိုက်ဧရိယာကျဆင်းမယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်လို့ သိရပါတယ်။                 လတ်တလောမှာ အီရော့ဈေးကွက်ကို နေ့စဉ်ပျမ်းမျှနနွင်းအိတ် ၁၂ဝဝဝ-၁၄ဝဝဝ ဝင်ရောက်မှုရှိပြီး ဧပြီလလယ်က အိတ် ၁၅ဝဝဝ-၁၇ဝဝဝ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နီဇမ်မာဘတ်ဈေးကွက်ကိုတော့ အိတ် ၅ဝဝဝ ဝန်းကျင်သာ ဝင်ရောက်တယ်လို့ သိရပါတယ်။              အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အဖွဲ့ရဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လအတွင်း နနွင်းတန်ချိန် ၄၉၂၅ဝ တင်ပို့ပြီဖြစ်လို့ ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကာလတူတင်ပို့မှု တန်ချိန် ၅ဝ၇၅ဝ ထက် ၃ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလှောင်လက်များရဲ့ ဝယ်ယူမှုအားနည်းလို့ ကာလတိုအတွင်း နနွင်းအရောင်းအဝယ်အေး ဈေးလျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ယမင်းခင် Source: commodityonline

Sunday, 12 Jun 2011

ဝယ်လိုအားနည်းတဲ့ ရှမ်းနနွင်း              ရှမ်းပြည်နယ်ရဲ့ အကောင်းဆုံးနနွင်းတွေဖြစ်တဲ့ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းကလည်း လက်ကျန်တွေ ကျန်နေပါတယ်။ ဟိုပုံးမှာလည်း နနွင်းလက်ကျန်က ပိဿာချိန် သောင်းဂဏန်းခန့်ရှိနေသေးတယ်လို့ သိရပါတယ်။ နှစ်စမှာ ဈေးကောင်းရပေမဲ့ ဝယ်လိုအားကနည်းပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူပေမဲ့ ချင်းလိုတော့ အရောင်းမသွက်ပါဘူး။ ဟိုပုံးဈေးကွက်မှာ နနွင်းက တစ်ပိဿာ ၁၂ဝဝ ကျပ်သာရှိပါတယ်။ ပင်လောင်းနနွင်း တွေကတော့ ပြီးခဲ့တဲ့လတွေမှာ အောင်ပန်းဈေးကွက်ကို မလာတော့ဘဲ လိန်းလီကတစ်ဆင့် အောက်ဖက်ကို ဆင်းပေမဲ့ အခုလတွေမှာတော့ စီးဆင်းမှုနည်းသွားပြီလို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာ ပင်လောင်းနနွင်းစ ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်မှ ၉ဝဝ ကျပ်သာရှိပါတော့တယ်။ ပင်းတယနနွင်းက တစ်ပိဿာ ၁၅ဝဝ ကျပ်ရှိပြီး ဆင်တောင်နနွင်းကတော့ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ နမ့်စန်မှာလည်း နနွင်း လက်ကျန်တွေ အတော်ရှိနေပြီး တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဒီတစ်ပတ် နနွင်းခြောက်ဈေးက တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Sunday, 12 Jun 2011

ယခုအပတ်နယ်စပ်မှ နနွင်းတက် တင်ပို့မှုပို                 မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၉၂ သန်း တန်ဖိုးရှိ နနွင်းတက် ၈၆ ဒသမ ၄ တန်နှင့် နနွင်းခေါင်း ၁၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက်တင်ပို့မှု ၄ တန်ခွဲ လျော့နည်းခဲ့ပြီး နနွင်းခေါင်း တင်ပို့မှုမှာ ၁ဝ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)

Sunday, 12 Jun 2011

မလေးရှားကို အများဆုံးတင်ပို့                မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၇ဝ ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူကို ၁၂ တန်နဲ့ မလေးရှားကို ၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက ၉၇ တန်နီးပါးရှိခဲ့ပြီး ယခု သီတင်းပတ်တန် ၇ဝ သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်တန် ၂ဝ လောက်တင်ပို့ မှုလျော့နည်းခဲ့ပါတယ်။ လခုျပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလ နနွင်းတင်ပို့မှုက ၁၆၆ တန်ရှိခဲ့ပြီး မေလမှာ ၂၂၇ တန်နီးပါးရှိခဲ့လို့ မေလမှာ နနွင်းတန် ၆ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ကျော်ရရှိခဲ့လို့ ဒီတစ်ပတ်ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Sunday, 12 Jun 2011

စင်ကာပူနဲ့ ဗီယက်နမ်အပြင် အင်ဒိုကိုပါတင်ပို့                မေလ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၁၁၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူ ကို ၆၆ တန်၊ အင်ဒိုနီးရှားကို ၂၄ တန်နဲ့ ဗီယက်နမ်ကို ၂၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်း တင်ပို့မှုမှာ တန်ချိန် ၁၂၄ တန်ရှိခဲ့ပြီး ယခုသီတင်းပတ် ၁၁၅ တန်ရှိခဲ့တာကြောင့် ၉ တန်လောက် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မေလအတွင်း မန်ကျည်းတင်ပို့မှုမှာ တစ်ပတ်လျှင် ပျမ်းမျှ တန်ချိန် ၁၂ဝ ကျော်ရှိခဲ့ပါတယ်။ မေလအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပဲဖြစ်ပါတယ်။ လချုပ်အနေနဲ့ မေလ အတွင်းတင်ပို့မှုမှာ တန်ချိန် ၅၁၃ တန်ရှိခဲ့ပြီး ဧပြီလတင်ပို့မှုက တန်ချိန် ၈၉၂ တန်ရှိခဲ့တာကြောင့် မေလတင်ပို့မှုမှာ ဧပြီလတင်ပို့မှုထက် လျော့နည်းခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၄၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းငါးထောင်ကျော်ရရှိခဲ့ပါတယ်။           MIRT (DOT)

Sunday, 12 Jun 2011

ပစ္စည်းပြတ်လုနီး၍ နိုက်ဂျီးရီးယား ချင်းခြောက်ဈေးမြင့်မားနေ                 နိုက်ဂျီးရီးယားမှာ ချင်းခြောက်လက်ကျန်လျော့နည်းသွားရာ မကြာခင်ရက်တွေ အတွင်းမှစပြီး ဈေးနှုန်းမြင့်မားခဲ့တယ်လို့ သိရတယ်။ နိုက်ဂျီးရီးယားချင်းခြောက် (ခွဲခြမ်းထားပြီးသော) af la toxin (အဖလာတော့ စင်မှိုဆိပ်)မှာ အီးယူရဲ့ သတ်မှတ်ပမာဏအတွင်းသာရှိရာ ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ (C & F Price) ဖြစ်ကြောင်း သိရပါတယ်။ နိုက်ဂျီးရီးယားက ချင်းခြောက်ထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းကို ပြည်ပကိုတင်ပို့ပြီးဖြစ်ရာ လက်ကျန်ပမာဏ အလွန်နည်းနေကြောင်း သိရပါတယ်။ Source:agra.net.com ပပ

Sunday, 12 Jun 2011

ပြည်ချင်းဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေ               အောင်ပန်းချင်းများ ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမှာ ယခင်တစ်ပတ်ကအတိုင်း ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ ပုံမှန်အဝင်ရှိပြီး အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၁၂ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း ပဲွဲရုံများ၌ အရောင်း အဝယ် ပုံမှန်ဖြစ်လျက် အဝင်လည်း ပုံမှန်ရှိနေတဲ့အတွက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 12 Jun 2011

ရှမ်းချင်းဥမတွေ ဈေးကွက်ဝင်လာပါပြီ                ရှမ်းချင်း (ဥမ) တွေ ဈေးကွက်ကိုဝင်လာပါပြီ၊ ချင်း(ဥမ) တွေဝင်လာပေမဲ့ ချင်းဟောင်းတွေကလည်း လက်ကျန်ရှိနေပါသေး တယ်။ လက်ကျန်ဟောင်းတွေက တောင်သူ လက်ထဲမှာ သိပ်မရှိတော့ပေမဲ့ လှောင်လက်တွေ လက်မှာတော့ အတော် ကျန်နေသေးတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းတွေကတော့ ကုန်သလောက် ဖြစ်သွားပြီလို့ သိရပါတယ်။ ဟိုပုံးချင်းက (ဥမ) ပြန်ပြီးဖော် လေ့မရှိတာကြောင့် လက်ကျန်အနည်းအကျဉ်းလောက်သာ ရှိတော့တယ်လို့ ချင်းပွဲရုံတွေက သိရပါ တယ်။ အောင်ပန်းဈေးကွက်ကိုဝင်လာတဲ့ ချင်း(ဥမ)က တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။ ပေါ်ကာစဖြစ်လို့ ဈေးကွက်မှာ တစ်ရက်ကို ပိဿာချိန် ၂ဝဝ -၃ဝဝ ခန့်သာအဝင်ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၂၉ဝ ကျပ်အထိရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် အရောင်းအဝယ်က ပုံမှန်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၃ သိန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဧဧခိုင်

Sunday, 12 Jun 2011

ချင်းတင်ပို့မှု လျော့နည်းခဲ့                ယခုသီတင်းပတ်ဖြစ်တဲ့ မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်တာကာလအတွင်း ချင်း ၁၂ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ချင်းတင်ပို့မှုမှာ ၅၁ တန်ရှိခဲ့တာကြောင့် ယခုသီတင်းပတ်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့နည်းခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလအတွင်းချင်းတင် ပို့မှုမှာ တန်ချိန် ၁၂ဝ ရှိခဲ့ပြီး ဧပြီလအတွင်း တင်ပို့မှုက ၅၉ တန်သာရှိခဲ့တာကြောင့် မေလမှာချင်းတင်ပို့မှုက ပိုမိုခဲ့ပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှု ဈေးက အက်ဖ်အို ဘီဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၄၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ တစ်သောင်းရှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။              MIRT (DOT)

Sunday, 12 Jun 2011

အိန္ဒိယအစိုးရမှ သကြားတန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန်              အိန္ဒိယအစိုးရဟာ ဧပြီလအတွင်း ပြည်ပကို သကြားတန်ချိန် စုစုပေါင်း ၅ သိန်းတင်ပို့ခွင့်ပြုထားတဲ့အနက် ယခုအခါ သကြားစက်များကို တန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သကြားစက်များဟာ စားနပ် ရိက္ခာဝန်ကြီးဌာနမှ ခွင့်ပြုချက်မပါဘဲ သကြားပြည်ပတင်ပို့နိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။              မတ်လ ၂၂ ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ဦးဆောင်တဲ့ စားနပ်ရိက္ခာဆိုင်ရာ အစိုးရဝန်ကြီးများအဖွဲ့(EGoM ) ဟာ Opem General Licences (O G L ) အရ သကြားစက်များကို တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဧပြီလ ၁၉ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဲဒီပမာဏအနက် တန်ချိန် ၅၁၅ဝဝ ကို အိမ်နီးချင်းနိုင်ငံများအတွက် အရန်သို လှောင်မှုအဖြစ် ထားရှိပြီး ကျန်ပမာဏ ၄၄၈၅ဝဝ ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် က သကြားစက်များရဲ့ ပျမ်းမျှထုတ်လုပ်မှု ပမာဏပေါ် အခြေခံပြီး ခွဲဝေတင်ပို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။              နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာနမှ ဇွန်လ ၁ ရက်နေ့တိုင် တန်ချိန် ၃၃၉၁၈၇ ကို တင်ပို့ခွင့်ပြုမိန့် ထုတ်ပြန်ပြီးဖြစ်တယ်လို့ သိရပါတယ်။EGoM  အဖွဲ့ဟာ ကြံသကြားထုတ်လုပ်တဲ့ ရာသီ ၂ ခုကြား ပြည်တွင်းစားသုံးမှုထက် နိုင်ငံရဲ့ ထုတ်လုပ်မှု ပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း သတ်မှတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က အစိုးရဟာ သကြားစက်များကို တန်ချိန် ၁ သန်းခန့် တင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။                ဘရာဇီးပြီးရင် ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၁၁ (အောက်တိုဘာ- စက်တင်ဘာ) သကြားထုတ်လုပ်တဲ့ရာသီအတွင်း တန်ချိန် ၂၄ ဒသမ ၅ သန်းခန့်အထိ ထွက်ရှိခဲ့တာကြောင့် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁၉ သန်းထက် မြင့်တက်ခဲ့ပါတယ်။ နိုင်ငံရဲ့ နှစ်စဉ်၏ လိုအပ်ချက်က တန်ချိန် ၂၂ သန်းလို့ ခန့်မှန်းထားပါတယ်။                 ၂ဝဝ၈-ဝ၉ နဲ့ ၂ဝဝ၉-၁ဝ ခုနှစ်အတွင်း သကြားထုတ်လုပ်မှုဟာ ပြည်တွင်း စားသုံးမှုအောက် ရောက်ရှိခဲ့ပြီး တန်ချိန် ၁၄ ဒသမ ၅၃ သန်းနဲ့ ၁၉ သန်းနီးပါးသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ တန်ချိန် ၆ သန်းခန့် ပြည်ပက တင်သွင်းခဲ့ရတာဖြစ်ပါတယ်။ ယမင်းခင် Source: nns commodity new.com 

Pages