Main menu

Background

Monday, 6 Jun 2011

အိန္ဒိယနနွင်းကို ပြည်ပမှ ဝယ်လိုအားပြန်လည်မြင့်မားလာ               အိန္ဒိယနနွင်းကို အနောက်အာရှ၊ ဂျပန်၊ ဥရောပနဲ့ အမေရိကန်တို့မှ အဝယ်အော်ဒါတွေ လက်ခံရရှိလာပြီဖြစ်ရာ ပြည်တွင်း နနွင်းဈေးကျဆင်းမှု ရပ်တန့်သွားမယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ငါးလမှစပြီး နနွင်းဈေး ၅ဝ ရာခိုင်နှုန်းကျ ဆင်းခဲ့တယ်။             ဇန်နဝါရီလအတွင်းက နနွင်းဈေးနှုန်းမှာ ၁ဝဝ ဂရမ်ကို ရူပီး ၁၆၈၂၂ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၈ ဝန်းကျင်) ဖြစ်သော်လည်း ယခုလက်ရှိဈေးနှုန်းမှာ ၁ဝဝ ဂရမ်ကို ရူပီး ၈၄၃ဝ (တစ်တန်ကို ကန်ဒေါ်လာ ၁၈၇၃ ဝန်းကျင်) ဖြစ်ပါတယ်။ အိန္ဒိယပြည်တွင်းလယ်သမားတွေ နနွင်းစိုက်ပိုျးကုန်ကျစရိတ်က နနွင်း ၁ဝဝ ကီလိုကို ရူပီး ၆ဝဝဝ မှ ၆၅ဝဝ (တစ်တန်ကို ကန်ဒေါ်လာ ၁၃၃၃-၁၄၄၄ ဝန်းကျင်) ဖြစ်ပြီး လက်ရှိပေါက်ဈေး အောက်ဈေးကျပါက စိုက်ပိုျးသူတွေကို ထိခိုက်နစ်နာ စေမယ်လို့ သိရပါတယ်။ ှSource:business-standard.com ပပ

Monday, 6 Jun 2011

ထုတ်လုပ်မှု ခန့်မှန်းချက်များကြောင့် အိန္ဒိယနနွင်းဈေး ကျဆင်းဖွယ်ရှိ             အိန္ဒိယနနွင်းထုတ်လုပ်မှု ပိုမိုမြင့်တက်ဖွယ်ရှိခြင်းနဲ့ ပြည်ပတင်ပို့မှု အားပျော့ဖွယ်ရှိခြင်းတို့ကြောင့် နနွင်းဈေးအမြင့်မှာ ဆက်ရှိနိုင်ဖို့ မလွယ်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဝယ်လိုအားမြင့်တက်မယ့် အလားအလာအရ နောက်လအနည်းငယ်အတွင်း ကုန်သည်များ၊ အရောင်းအဝယ် မြင့်တက်လာဖွယ်ရှိပြီး ရောင်းဝယ်မှုပမာဏလည်း တိုးတက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။                 ပင်လယ်ကွေ့နိုင်ငံများမှ အဝယ်တက်ခြင်းကလည်း ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ လာမယ့် သီတင်းပတ်များမှာ ဈေးကွက်အတွင်း နနွင်းဝင်ရောက်မှု ကျဆင်းဖွယ်ရှိခြင်းနဲ့ လက်ကျန်သိုလှောင်မှု ပမာဏ လျော့ကျခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှ နနွင်းစိုက်ဒေသများမှာ မိုးရွာသွန်းခြင်းက ယခုနှစ်အထွက်ပိုကောင်းဖို့ ဖြစ်စေပါတယ်။ အဲဒီပြည်နယ် ၂ ခုမှာ နနွင်းစိုက်ဧရိယာမြင့်တက်ခြင်းကတော့ ဈေးနှုန်းမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ယခင်နှစ်က နနွင်းဈေးကောင်းရရှိခဲ့တာကြောင့် ယခုနှစ်မှာ တောင်သူများ နနွင်းကို ပိုစိုက်လာကြတဲ့ အတွက် ယခင်နှစ်က နနွင်းတစ်အိတ်ကို ကီလို ၇ဝ-၇၅ ပါဝင်တဲ့ အိတ်ပေါင်း ၄၈ သိန်းထွက်ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅ သိန်းနဲ့ ၇ဝ သိန်းအတွင်း ထွက်ရှိမယ်လို့ ကုန်သည်များ ခန့်မှန်းကြပါမယ်။ ယမင်းခင် ှSource: commodityonline

Monday, 6 Jun 2011

ရှမ်းနနွင်းလည်းဈေးအေးနေ            ရှမ်းနနွင်းဈေးလည်းအေးနေပါတယ်။ နနွင်းစိုက်တောင်သူများ၊ ကုန်သည်များရဲ့ အတွေ့အကြုံအရ ရှမ်းပြည်နယ်ထွက် သီးနံှများက သုံးနှစ်ဈေးကောင်းရပြီးရင် ဈေးကျလေ့ရှိတယ်လို့ ဆိုပါတယ်။ နနွင်းကလည်း သုံးနှစ်ဈေးကောင်းခဲ့ပြီးဖြစ်တာကြောင့် ဒီနှစ်ကဈေးကျခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ နနွင်းအဓိကထွက်တဲ့ ပင်လောင်းမှာလည်း လက်ကျန်နနွင်းက သိန်းဆယ်ဂဏန်းရှိနေပါသေးတယ်။ ပင်လောင်းနနွင်းကို ယခင်နှစ်တွေက ရောပြီးရောင်းရတာကြောင့် လက်ကျန် နည်းပေမဲ့၊ ဒီနှစ်ကတော့ အဲဒီလိုမရောင်းခဲ့ရပါဘူး။ နနွင်းကိုပြည်တွင်းသုံးအနေနဲ့လည်း ဟင်းခတ်အမွှေး အကြိုင် အဖြစ်အသုံးပြုခြင်း၊ ပရဆေးဖော်ခြင်း၊ ခြင်ဆေးခွေပြုလုပ်ခြင်းအတွက်သာ အသုံးပြုတာကြောင့် ပြည်ပဝယ်လိုအား မရှိရင် လက်ကျန်က အများကြီးကျန်ပါတယ်။ ဒါကြောင့်ဒီနှစ်မှာလည်း နနွင်းစိုက်တောင်သူတွေက နနွင်းကိုသိပ်မစိုက်တော့ပဲ ဂမုန်းဥ တွေကိုသာ ပြောင်းပြီး စိုက်ကြတယ်လို့ သိရပါတယ်။               ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်း နနွင်းတစ်ပိဿာ ၁၂ဝဝ ကျပ်- ၁၃ဝဝ ကျပ်၊ ဟိုပုံးနနွင်း ၁၉ဝဝ ကျပ်၊ ပင်းတယနနွင်း ၁၉ဝဝ ကျပ်-၂ဝဝဝ ကျပ်နဲ့ ဆင်တောင်နနွင်းက ၃၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက် တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်

Monday, 6 Jun 2011

ဝယ်လက်မျှော်တဲ့ ကျောက်ဆည်နနွင်း              မေလဆန်းကထဲက ဈေးအေးလာတဲ့ ကျောက်ဆည်နနွင်း ယခုအချိန်ထိ ဆက် လက် ဈေးအေးနေပါတယ်။ အိန္ဒိယနနွင်း ဈေးကွက်ကျဆင်းနေခြင်းရဲ့ အကျိုးဆက်က ပြည်တွင်းနနွင်းဈေးကွက်ကိုပါ ထိခိုက်လာပါတယ်။ ယခုနှစ် နနွင်းစိုက် တောင်သူများဟာ အထွက်နှုန်းပိုတဲ့ နနွင်းမျိုးကိုရောနှောစိုက်ပိုျးလာကြောင်း၊ ဗမာ နနွင်းစစ်စစ်က တစ်ဧကပိဿာ ၇ဝဝ ဝန်းကျင်သာ ထွက်ပြီး ယခုနှစ်စိုက်တဲ့ ရှမ်းနနွင်းက ပိဿာ ၁၂ဝဝ ဝန်းကျင်ထွက်လို့ အထွက်နှုန်း ကောင်းမွန်ပေမဲ့ အရည်အသွေးညံ့ကြောင်း၊ လက်ရှိဈေးကွက် အနေအထားအရ အရည်အသွေးကောင်း ပစ္စည်းကိုသာ ရွေးချယ်ဝယ်ယူလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၆ဝဝ ကျပ်ပေါက်ဈေး ရှိသော်လည်း အဝယ်သာရှိပြီး တင်ပို့မှုမရှိကြောင်း သိရပါတယ်။  ကျော်မြင့်

Monday, 6 Jun 2011

မူဆယ်နယ်စပ်မှ နနွင်းတက်၊ နနွင်းခေါင်းအပို့ရှိ               မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း နနွင်း တက် ၈၆ တန်ကျော်နဲ့ နနွင်းခေါင်း ၁၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၉၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် နနွင်းတက် တန် ၃ဝ တင်ပို့မှု ပိုမိုခဲ့ပါတယ်။                    MIRT (DOBT)

Monday, 6 Jun 2011

နနွင်း ၉၆ တန်ကျော်တင်ပို့              မေ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၉၆ ဒသမ ၄၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းက တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနဲ့ မလေးရှားနိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကို ၄ဝ ဒသမ ၄၇ တန်နဲ့ မလေးရှားကို ၅၆ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မလေးရှားနိုင်ငံကိုသာ တင်ပို့နိုင် ခဲ့ပြီး ဒီတစ်ပတ်စင်ကာပူနိုင်ငံကို ပါတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ၁၂ တန်သာတင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီသီတင်းပတ်မှာ ၉၆ ဒသမ ၄၇ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ တန်ချိန် ၈ဝ ကျော်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပါတယ်။   MIRT (DOT)

Monday, 6 Jun 2011

ကျောက်ပန်းတောင်း ထန်းလျက်ဈေးအေး                ကျောက်ပန်းတောင်းမြို့ရဲ့ အဓိကထွက်ကုန်ထန်းလျက်ကို အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြရာ လုံးကြီး၊ လုံးလတ်၊ လုံးသေးဟူ၍ အမျိုးအစားခွဲခြား၍ အဓိကထားရောင်းဝယ်ကြပါတယ်။ ထန်းလျက်ဟာ ရာသီချိန်အလိုက် အထွက် အနည်းအများ ကွာခြားတတ်ပါတယ်။ ယခုအချိန်ဟာ ဒုတိယအသီးနဲ့ နောက်ဆုံး သီး အကူးအပြောင်းချိန်ဖြစ်လို့ ထန်းလျက်အထွက်နည်းတယ်လို့ သိရပါတယ်။                   မေလကုန်ရဲ့ ကျောက်ပန်းတောင်း ထန်းလျက်ဈေးကွက်မှာ ထန်းလျက်လုံးကြီး တစ်ပိဿာ ၅၄ဝ ကျပ်၊ လုံးလတ် တစ်ပိဿာ ၅၈ဝ ကျပ်၊ ရိုးရိုးလုံးသေး တစ်ပိဿာ ၆၅ဝ ကျပ်နဲ့ ဆေးလုံးသေး တစ်ပိဿာ ၈ဝဝ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ အခြားမြို့များသို့ တင်ပို့မှုထက် အဓိကထားလှောင်ကြတယ်လို့သိရပါတယ်။                 ထန်းလျက်လုံးကြီးကို အရက်ချက်စက်ရုံများသို့ တင်ပို့ပြီး လုံးသေးထန်းလျက်များကို မန္တလေးသကြား စက်ရုံများသို့ အဓိကတင်ပို့ပြီး လုံးသေးထန်းလျက်များကို မုန့်လုပ်ငန်းသုံးအဖြစ် အဓိကတင်ပို့ရောင်းချပါတယ်။ အိန္ဒိယမှ သကြားများတင်သွင်းလာမှုကြောင့် သကြားစက်ရုံများမှ အဝယ်နည်းလို့ ထန်းလျက်တင်ပို့မှုနည်းပြီး ဈေးအေးလျက်ရှိကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။  မြတ်သန္တာထွန်း

Monday, 6 Jun 2011

မန်ကျည်း ၁၂၄ တန်တင်ပို့ခဲ့              ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း မန်ကျည်း ၁၂၄ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံက စင်ကာပူကို ၂၄ တန်၊ ဗီယက်နမ်ကို ၂၅ တန်နဲ့ မလေးရှားနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁၂ တန်သာတင်ပို့ခဲ့တဲ့ မန်ကျည်းသီးက ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၅၂ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ခြောက်သောင်းငါးထောင် နီးပါး ရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 6 Jun 2011

အောင်ပန်းချင်းဈေးငြိမ် အရောင်းအဝယ်အေး             အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်ရှမ်းချင်းဈေးကငြိမ်နေပါတယ်။ မိုးကောင်း နေတာကြောင့် အရောင်း အဝယ်ကလည်း အေးနေပါတယ်။ မနှစ်ကလောက်ဖြုန်း အားမရှိတာကြောင့် တောင်သူ၊ ကုန်သည်တွေထံမှာ လက်ကျန်အတော်ရှိနေပါတယ်။ နောက်တစ်ပတ်၊ နှစ်ပတ်လောက်မှာ ချင်း (ဥမ) တွေ ဈေးကွက်ကိုဝင် လာရင် ဒီထက်ပိုများအုံးမှာပါ။ ဒီနှစ်နွေရာသီမှာ ချင်း(စို) တွေ ဈေးကောင်းရတာကြောင့် တောင်သူတွေကလည်း ချင်းခြောက်အဖြစ်ပြုလုပ်ခြင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ပိဿာချိန် ၃ သိန်းခန့် ကျန်ရှိနေသေးတယ်လို့ ဒေသခံပွဲရုံတွေက သိရှိရပါတယ်။ ချင်း (စို) တွေကလည်း ပြည်ပဝယ်လက် မရှိဘဲ ပြည်တွင်းဈေးပတ်သမားတွေသာ အဝယ်ရှိတဲ့အတွက် မနှစ်ကလောက် မဖြုန်းနိုင်ဘူးလို့ သိရပါတယ်။                 ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို) တစ်ပိဿာဈေးက (ညံ့စ) ၅ဝဝ ကျပ်၊ (လတ်စ) ၆ဝဝ ကျပ်-၇ဝဝ ကျပ်၊ (ထိပ်စ) ၈ဝဝ ကျပ်-၁ဝဝဝ ကျပ်နဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ၂၄ဝဝ ကျပ်-၂၄၅ဝကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။    ဧဧခိုင်

Monday, 6 Jun 2011

ချင်း ၅၁ တန်တင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ချင်း ၅၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၂၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၃၆ တန်သာတင်ပို့နိုင်ခဲ့တဲ့ ချင်းက ဒီသီတင်းပတ်မှာ ၅၁ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ အက်ဖ်အိုဘီဈေး တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၁၄၄၅ ဝန်းကျင်ရရှိခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေ ခုနှစ်သောင်းလေးထောင်နီးပါးရရှိခဲ့ပါတယ်။    MIRT (DOT)

Pages