Main menu

Background

Friday, 28 Jan 2011

အိန္ဒိယဈေးကွက်တွေကို နနွင်းဝင်ရောက်မှုနည်းပေမဲ့ ဈေးဆက်တိုက်ဆင်းလာ               အိန္ဒိယ နနွင်းအဓိက ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုနည်းလာပေမဲ့ ဝယ်လက်များဝယ်ယူမှုမရှိလို့ နနွင်းဈေးက ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ပါတယ်။ အီရော့ဈေးကွက်မှာ ဇန်နဝါရီလ ၁၈ ရက်က တစ်တန်ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) လျော့ကျခဲ့ပြီး၊ ၁၉ ရက်မှာလည်း ရူပီး ၂ဝဝဝ-၃ဝဝဝ (ကန်ဒေါ်လာ ၄၄- ၆၇) ဆက်တိုက်ကျဆင်းလာလို့ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၁၄ဝဝဝဝ (ကန်ဒေါ်လာ ၃ဝ၉၆) အောက်ကို ရောက်ရှိခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်းဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက ပြောကြားပါတယ်။              နနွင်းအသစ်များလည်း ဝင်ရောက်စပြုလာပြီဖြစ်ပြီး မသန့်စင်ရသေးတဲ့ နနွင်းတစ်တန်ကို ရူပီး ၇၅ဝဝဝ-၈ဝဝဝဝ (ကန်ဒေါ်လာ၁၆၅၈-၁၇၆၉) ဈေးရှိတယ်လို့ သိရပါတယ်။ နနွင်းကုန်သည်များအနေနဲ့ ဈေးထပ်ကျဖို့ မျှော်လင့် လျက် ရှိပြီး လက်ရှိဈေးနဲ့ ဝယ်ယူဖို့ တုံ့ဆိုင်းနေကြတယ်လို့ သိရပါတယ်။ အိန္ဒိယ မြောက်ပိုင်းက နနွင်းအဝယ်အော်ဒါများလည်း ထပ်မံရောက်ရှိမလာတာ ကြောင့် လည်း နနွင်းလက်ငင်းဈေး ဆက်လက်ကျဆင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန်ကို ရူပီး ၉ဝ၉၉ဝ-၁၄၆၁၁ဝ (ကန်ဒေါ်လာ ၂ဝ၁၂ -၃၂၃၁) ရှိပြီး နနွင်းဥဈေးက ရူပီး ၇၈ဝဝဝ-၁၄၁ဝဝဝ (ကန်ဒေါ်လာ ၁၇၂၅-၃၁၁၈) ဈေးရှိတယ် လို့ သိရပါတယ်။                                                                                                                      ယမင်းခင်၊ှSourec businessline 

Friday, 28 Jan 2011

ဈေးငြိမ်နေတဲ့ ရှမ်းနနွင်းသစ်             ဟိုပုံးနဲ့ နမ့်စန်မြို့ နယ်က ထွက်တဲ့ နနွင်း(စို) တွေသာ ဈေးကွက်ကို ဝင်နေပါသေးတယ်။ ဒီတစ်ပတ်နနွင်း (စို) ဈေးကလည်း ငြိမ်နေပြီ တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်ဈေးသာရှိပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည် နနွင်းလိုပဲ၊ သေးပြီးကျစ်လို့ ရောင်းပန်းပိုလှပါတယ်။ အဝင်မလှိုင်သေးပေမဲ့ တစ်နေရာ နည်းနည်းစီ ဝင်နေတာကြောင့် အဝင်ကလည်း သိပ်တော့ မနည်းပါဘူး။ နမ့်စန်မှာ ဒီနှစ်ထွက်နနွင်းခြောက်သစ်က တစ်ပိဿာ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်သာရှိပြီး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်ပဝယ်လက်တွေ ဝယ်လိုအား မရှိသေးတာကြောင့် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ နနွင်းခြောက် ဈေးကပစ္စည်းကောင်းရင် ကောင်းသလို ဈေးဖြတ်ပြီး ဝယ်နေတာကြောင့် တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ လှောင်လက်တွေကတော့ နနွင်းအခြောက်ခံဖို့အတွက် ဝယ်ယူနေကြပြီး အခြောက်ပြုလုပ်ပြီး ဈေးကောင်းရမှသာ ဈေးကွက်ကိုပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဧဧခိုင် 

Friday, 28 Jan 2011

နနွင်းတက် တင်ပို့မှု နှစ်တန်သာရှိ             ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ နနွင်းတက် ၂ တန် ကန်ဒေါ်လာ ၃၂ဝဝ ဖိုး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ကုန်အထိ  နနွင်းတက်တန် ၁ဝဝဝ ကျော်ကို မူဆယ်၊ မြဝတီနဲ့စစ်တွေ နယ်စပ်စခန်းများမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT) 

Friday, 28 Jan 2011

နနွင်းအပို့လျော               ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၁၄ တန်ကို ဇန်နဝါရီ ဒုတိယပတ်အတွင်း တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ တစ်တန်ကို ၤဥြ ဈေးကန်ဒေါ်လာ ၁၅၈ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၂၁၂ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ၇၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ MIRT(DOT) 

Tuesday, 25 Jan 2011

ဈေးကောင်းရတဲ့ စွန်တာနီပြာ တောင်သူတို့ ပိုစိုက်လာ               စစ်ကိုင်းတိုင်းဒေသကြီးမှာ စွန်တာနီပြာကို ယခုနှစ်မှာ ဧကသိန်း ၁ ဒသမ ၃၇ဝ လျာထားပြီး ဧကသိန်း ၁ ဒသမ ၃၇၉ စိုက်ပြီးလို့ ၁ဝဝ ဒသမ ၆၂ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ၂ဝဝ၉ ခုနှစ်က တစ်တင်း ၈၅ဝဝ ကျပ်သာဈေးရှိခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်မှာ ဒေသတွင်း စားသုံးမှုအားကောင်းပြီး၊ အရောင်းအဝယ်သွက်ခဲ့တဲ့အတွက် တစ်တင်းကို ကျပ်နှစ်သောင်းကျော်အောက်ဈေးမဆင်းခဲ့တာကြောင့် ယခုနှစ်မှာ ပိုမိုစိုက်ပျိုး လာကြကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။ အောင်မင်း

Tuesday, 25 Jan 2011

ဝယ်လက်အပေါ်မူတည်ပြီး အရောင်းသွက်တဲ့ ပဲနောက်              ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းဈေးနှုန်းနဲ့အတူ ဈေးပြိုင်ရနေတဲ့ ပဲတစ်မျိုးကတော့ ပဲနောက်သီးနံှဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ပဲနောက်သီးနံှများ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်နှင့်ရွှေတောင်၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်မှုရှိပြီး၊ ဒေသတွင်း ရောင်းဝယ်မှုရှိကြသလိုတစ်ခါတရံမှာ ရန်ကုန်၊ မန္တလေးဖက်မှလည်း အဝယ်ရှိတယ်လို့သိရပါတယ်။              ပဲနောက်သီးနံှမှာ အခြားပဲများကဲ့သို့ နေ့စဉ်အရောင်းအဝယ်မရှိပေမဲ့ ရန်ကုန်၊ မန္တလေးဝယ်လက်များအပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုလအတွင်း တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်နှုန်းဖြင့် အိတ် ၁ဝဝ မှ ၁၅ဝ ထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                                              ခင်ဆွေဝင်း

Tuesday, 25 Jan 2011

အဝင်နည်းလို့ ယခင်တစ်ပတ်ထက် ဈေးမြင့်လာတဲ့ ပြည်ဘိုကိတ်          ပြည်ဈေးကွက်သို့ ဘိုကိတ်ပဲများ အဝင်နည်းခြင်းကြောင့် ဈေးဆက်မြင့်နေကြောင်းသိရပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းလျှင် ၂ဝဝဝဝ ကျပ်ဈေးရှိသော်လည်း ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၃ဝဝဝ ကျပ် မြင့်တက်ခဲ့ပြီး၊ တစ်တင်း လျှင် ၂၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ကိုင်းသီးများဝင်လာလျှင် ဈေးလျော့နည်းသွား နိုင်ကြောင်း သိရပါတယ်။                                                                                       ဆုမွန်မွန်ဆွေ

Tuesday, 25 Jan 2011

ပြည်ပဲကြီးဈေးနှုန်း တစ်ရိပ်ရိပ်ကျနေ              ပဲခူးတိုင်းဒေသကြီးအနောက် ပဲဈေးကွက်အတွင်း အခြားပဲများ ဈေးမြင့်လာသော်လည်း ပဲကြီးကတော့ ဇန်နဝါရီ လဆန်းမှစလို့ ဈေးကျလာတာကိုတွေ့ရပါတယ်။ ယခင်နှစ်က နှစ်ဆန်းပိုင်းတွင် တစ်တင်း ၃၉ဝဝဝ ကျပ်ထိဈေးကောင်း ရခဲ့သော်လည်း ယခုနှစ် နှစ်စတွင်တော့ တစ်တင်း ၃ဝဝဝဝ ကျပ်ကျော်သာ ရရှိနေတယ်လို့သိရ ပါတယ်။ ပဲကြီး (ကမ်းနား) အချောစမှာ တစ်တင်း ၃၁ဝဝဝ ကျပ်၊ အရည်အသွေးညံ့လျှင် ၃ဝဝဝဝ ကျပ်သာရှိခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိတာကြောင့် ယခင်နှစ်ဈေးထက် အများကြီးလျော့နည်းခဲ့ကြောင်းသိရပါတယ်။ ရန်ကုန် ဝယ်လက်မရှိပေမယ့် ဒေသတွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းများကြောင့် အိတ် ၁ဝဝ ကျော် နေ့စဉ်အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 25 Jan 2011

 ဒီဇင်ဘာ မြေထောက်ပဲတင်ပို့မှု ကာလတူထက် တစ်ဆလျော့              ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲတန်ချိန် ၂၄ဝ ခန့်သာတင်ပို့မှုရှိခဲ့ပြီး ၂ဝဝ၉ ဒီဇင်ဘာလမှာ တန်ချိန် ၅၄ဝ ခန့် ရှိခဲ့လို့ ကာလတူတင်ပို့မှု တစ်ဆခန့်လျော့ကျလာတာတွေ့ရပါတယ်။ နိုဝင်ဘာလအတွင်းမှာ တန်ချိန် ၁၅ဝ ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခင်လထက်တော့ တင်ပို့မှု ပိုတာတွေ့ရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်အတွင်းမှာ တန်ချိန် ၁၉ဝ ခန့်ကို အိန္ဒိယ၊ မလေးရှား၊ ရုရှားနဲ့ စင်ကာပူနိုင်ငံတွေကို တင်ပို့နိုင်ခဲ့ပါတယ်။ ဈေးကွက်တချို့ကို မြေထောက်ပဲအသစ်ဝင်ရောက်မှုရှိလာပြီဖြစ်ပြီး အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ယခင်အပတ်ဈေးမှာ ငြိမ်နေပြီး အိန္ဒိယ မွန်ဘိုင်း ဈေးကွက်မှာလည်း မြေထောက်ပဲ (polished ) တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၈-၈၄ဝ နဲ့ (unpolished )တစ်တန်ကို ကန် ဒေါ်လာ ၈ဝ၇ ဈေးရှိတယ်လို့ သိရပါတယ်။                                                                           MIRT - MAPT

Tuesday, 25 Jan 2011

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ              အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။            ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline  

Pages